Tuesday, April 27, 2010

ဂုဏ်တော်များ … ပွါးများဖို့

ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အစက စဉ်းစားထားတာကတော့ အခါတော်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တင်မလို့ပါပဲ။ အဓိက ဘုရားအနေကဇာတင်နဲ့ ပတ်သက်ပြီး ညီမတယောက်က မေးထားလို့ပါ။ သူမေးတာကို ရှည်ရှည်ဝေးဝေး ဖြေပေးချင်တာကြောင့် အဖေ့ကို မေးထားပြီးပေမဲ့ ပြန်ရေးဖို့က စာမေးပွဲနီးနေလို့ အချိန်မရတာက တကြောင်း၊ လွန်ခဲ့တဲ့ ၃-နှစ်လောက်က ဒီနေရာမှာ အနည်းအကျဉ်း ရေးထားပြီးသား ဖြစ်တာက တကြောင်းကြောင့် ဗုဒ္ဓနေ့နဲ့ အနေကဇာတင် အကြောင်း မတင်ဖြစ်တော့ပါဘူး။

ကျောင်းမှာ ဒီနေ့ အတန်းချိန် မရှိတာမို့ ကိုးပါးသီလယူပါတယ်။ ဗုဒ္ဓနေ့မို့ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ ဆင်ခြင်နေမိတယ်။ တဆက်တည်းမှာပဲ ဂုဏ်တော်ကိုးပါးကို အနက်အဓိပ္ပါယ်တွေ အလွယ်မှတ်မိအောင် အဖေရေးပေးဖူးတဲ့ ကဗျာလေးကို သတိရမိတယ်။ ကျမတို့ ငယ်ငယ်တုန်းက ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် တွေကို အလွယ်မှတ်မိအောင် အဖေရေးပြီး သင်ပေးခဲ့တဲ့ ကဗျာလေးတွေပါ။ များသောအားဖြင့် ကျမတို့က ဣတိပိသောတို့ သမ္ဗုဒ္ဓေတို့ကို ငယ်ငယ်ထဲက ပါဠိလို အလွတ်ရွတ်နိုင်ကြပေမဲ့ မြန်မာလို အဓိပ္ပါယ်မေးရင် ကမောက်ကမ ဖြစ်တတ် ကြပါတယ်။ ဒါကြောင့် အဖေက ပါဠိကို ရွတ်ရင်း မြန်မာလိုလဲ တပါတည်း နားလည်အောင် ဘယ်တော့မှလဲ မမေ့အောင် အဓိပ္ပါယ် တချက်စီနဲ့ ခပ်တိုတို ရေးခဲ့တာလို့ ဆိုပါတယ်။

“အရဟံ ဆိုတဲ့ ပါဠိမှာတွင်ပဲ အဓိပ္ပါယ်က အများကြီးရှိတာမို့ အဓိပ္ပါယ် ကွဲလွဲချက်တွေတော့ ရှိနိုင်တယ် … ဒီကဗျာလေးတွေဟာ ကလေးတွေအတွက် မှတ်လွယ် ဆိုလွယ် နားလည်လွယ်စေဖို့နဲ့ အနက်အဓိပ္ပါယ်ကို သိပြီး ရွတ်ဖတ်ပူဇော်ရင် သဒ္ဓါတရား ပိုထက်သန် တိုးပွါးစေဖို့ ရည်ရွယ်ပြီးရေးထားတာ … ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး” လို့ အဖေက ပြောခဲ့ဖူးပါတယ်။ မတန်ခူးရဲ့ သားသားအတွက်ဆိုရင် နည်းနည်းများ ခက်နေမလားတော့ မပြောတတ်ဘူး။ ဒါပေမဲ့လည်း ခုခေတ်ကလေးတွေက ကျမတို့တုန်းကထက် ဉာဏ်ရည်မြင့်ကြတာမို့ အဆင်ပြေရင်လည်း ပြေနိုင်ပါတယ်။ ကလေးရော လူကြီးရော ဂုဏ်တော်ပွါးများချင်သူ အားလုံးအတွက် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဓမ္မဒါန ပြုလိုက်ပါတယ်ရှင်။
***
ဘုရားဂုဏ်တော်

သုံးဦးပူဇော်
ကိုယ်တော်သိမြင်
မှန်မြင်ကျင့်ပွါး
မြတ်စကားနှင့်
သုံးပါးလောက
ဟောပြထိုက်သူ
နတ်လူဆရာ
သစ္စာသိမြင်
ဘုန်းခြောက်ရှင်
ကိုးအင် ဘုရားဂုဏ်။

အနက်
(၁) သုံးဦးပူဇော် - လူနတ်ဗြဟ္မာ သတ္တ၀ါ သုံးပါးတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။ (အရဟံ)
(၂) ကိုယ်တော်သိမြင် - တရားအလုံးစုံကို ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။ (သမ္မာသမ္ဗုဒ္ဓေါ)
(၃) မှန်မြင်ကျင့်ပွါး - အသိဝိဇ္ဇာ၊ အကျင့်စရဏတို့ကို မှန်ကန်စွာ မြင်တော်မူ၍ ကောင်းစွာ ကျင့်ကြံတော်မူသော မြတ်စွာဘုရား။ (၀ိဇ္ဇာစရဏ သမ္ပန္နော)
(၄) မြတ်စကားနှင့် - ကောင်းသောစကားကိုသာ ပြောကြားတော်မူသော မြတ်စွာဘုရား။ (သုဂတော)၊
(၅) သုံးပါးလောက - လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ (လောက၀ိဒူ)
(၆) ဆုံးမထိုက်သူ - ဆုံးမထိုက်သူ (ကျွတ်ထိုက်သူ) နတ်လူဗြဟ္မာတို့အား ဟောကြားဆုံးမတော်မူသော မြတ်စွာဘုရား။ (အနုတ္တရောပုရိသ ဓမ္မသာရထိ)
(၇) နတ်လူဆရာ - လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (သတ္ထာဒေ၀ မနုဿာနံ)
(၈) သစ္စာသိမြင် - သစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။ (ဗုဒ္ဓေါ)
(၉) ဘုန်းခြောက်ရှင် - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဘဂ၀ါ)

ဤသို့ ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။
***
တရားဂုဏ်တော်

မဂ်ဖိုလ် နိဗ်ယတ်
ရှုအပ် ကိုယ်တိုင်
ကျိုးဖြိုင်မလင့်
ထိုက်သင့်ဖိတ်ခေါ်
ဆောင်သော် ကပ်ထား
ခံစားကိုယ်စီ
ဤခြောက်လီ
ခေါ်သည် တရားဂုဏ်။

အနက်
(၁) မဂ်ဖိုလ် နိဗ်ယတ် - မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ် အားဖြင့် ဆယ်ပါးသော တရားတော်၊ (သွာက္ခာတော ဘဂ၀တာ ဓမ္မော)
(၂) ရှုအပ် ကိုယ်တိုင် - သူများပြောစကားဖြင့် မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ရှုအပ် သိအပ်သော တရားတော်၊ (သန္ဒိဋ္ဌိကော)
(၃) ကျိုးဖြိုင်မလင့် - အချိန်အခါ မလင့် အကျိုးပေးတတ်သော တရားတော်၊ (အ-ကာလိကော)
(၄) ထိုက်သင့်ဖိတ်ခေါ် - လာလှည့် ရှုလည့်ပါဟု ဖိတ်ခေါ်ထိုက်သော တရားတော်၊ (ဧဟိပဿိကော)
(၅) ဆောင်သော် ကပ်ထား - မိမိနှလုံးသားထဲရောက်အောင် ကပ်ဆောင်ထားသင့်သော တရားတော်၊ (သြပနေယျိကော)
(၆) ခံစားကိုယ်စီ - တရား ကျင့်ကြံ အားထုတ်သူအားလုံး ကိုယ်စီကိုယ်ငှ ကောင်းကျိုး သိမြင်ခံစားရသော တရားတော်၊ (ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ)

ဤသို့ ဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်အား ရိုသေလေးမြတ်စွာ ရှိခိုး ကန်တော့ပါ၏။
***
သံဃာ့ဂုဏ်တော်

ကျင့်ကောင်းရှစ်ပါး
ဖြောင့်ငြားတသွယ်
ရည်ရွယ်နိဗ္ဗာန်
ရိုသေရန်နှင့်
လှူခံဆောင်ဝေး
ထိုက်သေးဧည့်ကောင်း
မြတ်လှူလောင်း၍
အပေါင်းလက်ချီ
လယ်ကောင်းမည်
ကိုးလီ သံဃာ့ဂုဏ်။

အနက်
(၁) ကျင့်ကောင်း ၈ ပါး - သမ္မာဒိဋ္ဌိ အစရှိသော အကျင့်ကောင်း အကျင့်မြတ် ၈ ပါးကို ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သုပ္ပဋိပန္နော)
(၂) ဖြောင့်ငြား တသွယ် - ဖြောင့်မတ် မှန်ကန်စွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဥဇုပ္ပဋိပန္နော)
(၃) ရည်ရွယ် နိဗ္ဗာန် - နိဗ္ဗာန်သို့ ရည်ရွယ်၍ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (ဉာယပ္ပတိပန္နော)
(၄) ရိုသေရန်နှင့် - ကောင်းမွန် ရိုသေစွာ ကျင့်တော်မူသော သံဃာတော် အရှင်မြတ်များ။ (သာမိစိပ္ပဋိပန္နော)
(၅) လှူခံဆောင်ဝေး - အဝေးမှ ဆောင်ယူလာသော ပစ္စည်းများကို အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အာဟုနေယျော)
(၆) ထိုက်သေး ဧည့်ကောင်း - ဧည့်ကောင်း ဆောာင်ကောင်းတို့အတွက် ရည်ရွယ်ထားသော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ပါဟုနေယျော)
(၇) မြတ်လှူ လောင်း၍ - မြင့်မြတ်သော ပစ္စည်းများကိုပင် အလှူခံ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (ဒက္ခိဏေယျော)
(၈) အပေါင်း လက်ချီ - လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့ လက်အုပ်ချီမိုး ရှိခိုးခြင်းငှာ ထိုက်ပါပေသော သံဃာတော် အရှင်မြတ်များ။ (အဉ္စလိကရဏီယျော)
(၉) လယ်ကောင်းမည် - ကုသိုလ်ကောင်းမှု မျိုးစေ့တို့ စိုက်ပျိုး ကြဲဖြန့်ရာ လယ်တာ မြေကောင်းသဖွယ် ဖြစ်ပါသော သံဃာတော် အရှင်မြတ်များ။ (အနုတ္တရံ ပုညက္ခေတ္တံ လောကဿ)

ဤသို့ ကြောင်းလေး, ကျိုးငါး*၊ ကိုးပါးအစ၊ ဂုဏ်တော် အနန္တတို့နှင့် ပြည့်စုံတော် မူပါပေသော သံဃာတော်မြတ် အပေါင်းအား ရိုသေ လေးမြတ်စွာ ရှိခိုး ကန်တော့ပါ၏ ဘုရား။
***
*ကြောင်းလေး, ကျိုးငါးဆိုတာ အပေါ်က ၄-ပါးက အကြောင်းပါ၊ သံဃာတော်တွေဟာ အဲဒီ အကြောင်း ၄-ပါးကို ပြုကျင့်တာကြောင့် ကျန်တဲ့ အကျိုးတရား ၅-ပါးကို ခံစားရတာ ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရား၊ တရား၊ သံဃာ့ဂုဏ်တော်များ ပွါးများခြင်းဖြင့် ကိုယ်စိတ် နှစ်ပါး ချမ်းမြေ့ကြပါစေကြောင်း … ။
***
မေဓာဝီ
၂၇၊ ဧပြီ၊ ၂၀၁၀
၀၈း၂၀ နာရီ

မှတ်ချက်။ ။
စာမေးပွဲနီးနေလို့ ဘလော့ဂင်းတာ ခဏနားပါအုံးမယ်။ စာမေးပွဲပြီးမှ ပြန်ရေး/ပြန်ဖတ်ပါမယ်။ ကျမဘလော့လေးကို မတော်တဆ ရောက်လာသူများ၊ တကူးတက လာရောက် ဖတ်ရှုကြသူများ၊ မှတ်ချက်ဖြင့် အားပေးကြသူများ၊ မှတ်ချက်မပေးသော်လည်း အမြဲဖတ်ရှုကြသူများ၊ ကျမရေးတာကို ကြိုက်သော … မကြိုက်သော … ထိုထိုသူများ အားလုံးကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ရင်း ခဏ နှုတ်ဆက်လိုက်ပါတယ်။
***

8 comments:

ကိုအောင် said...

ကျနော်ငယ်ငယ်က ကဆုန်လပြည့်နေ့ရောက်ရင် ရွှေတိဂုံ
ဘုရားပေါ်မှာ စတုဒီသာကျွေးတဲ့ ဖျော်ရည်တွေ လိုက်သောက်တာ သတိရမိတယ်။ စာမေးပွဲဖြေနိုင်ပါစေ
မမေဓါဝီ။

sosegado said...

ပါဠိ ညံ့တော့ မြန်မာလို ဒီ ဂုဏ်တော် ကဗျာတွေ ကို ကူးယူမိပါသည်၊ မမေဓာဝီ နှင့် မမေဓာဝီ၏ အဖေကို ကျေးဇူးတင်ပါသည်။

မေ့သမီး said...

အဲလိုမှတ်တော့ပိုမှတ်ရလွယ်တာပေါ့။ ကလေးတွေ အလွယ်မှတ်လို့ရတယ်။ သာဓု သာဓု သာဓု။ စာမေးပွဲမှာ အခက်အခဲမရှိ ချောချောမွေ့မွေ့ဖြေဆိုနိုင်ပါစေ။

ရွှေရတုမှတ်တမ်း said...

ရေအိုးလေးလေးရွက်လာတယ်..ဘယ်ကိုသွားမလဲကွယ့်ခင်ရယ်...
အဟဲ..ညောင်ရေသွန်းပွဲလေးသတိရလို့ သီချင်းဆိုကြည့်တာ..ဒေါ်လေးမေရေ့...

ရေတမာ said...

သာဓု သာဓု သာဓု ဤစေတနာကြောင့် စာမေးပွဲမှာ အခက်အခဲမရှိ ချောချောမွေ့မွေ့ဖြေဆိုနိုင်ပါစေ

SHWE ZIN U said...

သာဓုပါ ညီမရေ

စာမေးပွဲ မှာ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ကြောင်း ဆုမွန်တောင်းလိုက်ပါတယ်..

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

ဂုဏ်တော်တွေကို အမြဲတမ်း ပွားများနိုင်ရင် အကောင်းဆုံးပါပဲ..
လပြည့်နေ့တိုင်း ဥပုသ် စောင့်သလား... ကောင်းလိုက်တာ.. တို့တော့ မစောင့်ဖြစ်. :D

တန်ခူး said...

မေရေ... အမအလုပ်တွေ ပြန်ရှုပ်နေလို့  ဒီပို့ စ်လေး တင်ထားတာ မသိလိုက်ဖူး ညီမရယ်... ကျေးဇူးပါညီမရေ... ကဗျာလေးကို ပရင့်ထုတ်ပြီး သားကို တပိုဒ်ချင်းသင်ပေးလိုက်မယ်... သားက ဂုဏ်တော်ကိုးပါးကိုတော့ အလွတ်ရတယ်... ဒီကဗျာလေးနဲ့ ဆိုတော့ ပိုမှတ်မိသွားတာပေါ့နော်... မေ စာမေးပွဲကို အခက်အခဲအဖုအထစ်မရှိ ချောချောမွေ့ မွေ့  ဖြေဆိုနိုင်ပါစေ...