ငယ်ငယ်တုန်းက ကစားကြသော စိန်ပြေးတမ်း ကစားနည်းထဲမှာ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလည်း တမျိုးအပါအ၀င် ဖြစ်သည်။ ထုံးစံအတိုင်း လိုက်သူက တယောက် ပြေးသူက အများ။ ပြေးသူ တယောက်ယောက်အနီး လိုက်သူက ရောက်လာလျှင် ကိုယ့်ကို မိမှာစိုး၍ “ကျောက်ရုပ်”ဟု အော်ပြီး ကျောက်ရုပ်ကြီးပမာ ငြိမ်သက် ရပ်တန့်လိုက်ရသည်။ လှုပ်၍ မရ၊ စကားပြော၍ မရ၊ လှုပ်မိလျှင် ရှုံးသည်။ ကိုယ်က ပြန်လိုက်ရမည်။
ထိုကျောက်ရုပ်ကြီးကိုမှ လွတ်လွတ်လပ်လပ် ပြေးလွှားနေသူ တယောက်ယောက်က “ကျောက်ဖျက်”ဟု အော်ကာ ဖျက်လိုက်ရသည်။ ထိုအခါမှ ကျောက်ရုပ်ကြီးက အသက်ဝင်ကာ ပြန်လည် ပြေးလွှားကစားနိုင်လေသည်။ လိုက်သူ ခွေးရူးက ပြေးသူအားလုံးထက် လျှင်မြန်၍ ပြေးသူအားလုံးကို ကျောက်ရုပ်ဖြစ်အောင် လုပ်နိုင်လျှင် ပထမဆုံး ကျောက်ရုပ်ဖြစ်သည့်သူက ပြန်လိုက်ရသည်။ ဤသို့ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းလေးကို ငယ်ငယ်က ကစားခဲ့ကြဖူးပါသည်။
***
တခါတလေတော့ ဘာရယ်မဟုတ် ထိုကစားနည်းလေးကို ပြန်သတိရမိပါသည်။
ကိုယ်ပြောချင်တိုင်း လွတ်လွတ်လပ်လပ် မပြောနိုင်သည့်အခါ …
ကိုယ်ရေးချင်တိုင်း လွတ်လွတ်လပ်လပ် မရေးနိုင်သည့်အခါ …
ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် မသွားလာ မလှုပ်ရှားနိုင်သည့်အခါ …
ကိုယ့်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် မထုတ်ဖော်နိုင်သည့်အခါမျိုးတွေမှာပေါ့။
သွားလာလှုပ်ရှားရင်း အခြေအနေအမျိုးမျိုးကြောင့် ရပ်တန့်လိုက်ရသည့်အခါ … ကိုယ်ကိုယ်တိုင် ကျောက်ရုပ်ဖြစ်သွားသလို ခံစားရသည်။ ပတ်ဝန်းကျင်ကို ကြည့်တော့လည်း ကိုယ့်လို ကျောက်ရုပ်တွေ တပုံတပင်။ ဘယ်သူက ပြေး၍ ဘယ်သူက လိုက်နေသလဲတော့ မသိ။ သေချာသည်ကတော့ အများစုသည် ကျောက်ရုပ်များသဖွယ် ငြိမ်သက်စွာ ရပ်တန့်နေကြလေ၏။ ကျောက်ရုပ် ကျောက်ဖျက် ကစားနည်းထဲကလို အန္တရာယ်က လက်တကမ်းမှာမို့များ ငြိမ်သက် နေကြလေသလား။
ဤသို့ဆိုလျှင် ထိုသို့ ငြိမ်သက် ရပ်တန့်နေသော ကျောက်ရုပ်များက မည်သည့်အချိန်မှ အသက်ပြန်ဝင်မှာလဲဟု တွေးမိပြန်သည်။ ဒီအတိုင်းကြီးတော့ ရေရှည် ငြိမ်သက် မနေချင်၊ နေလည်း မနေနိုင်။ မနေချင် မနေနိုင်လင့်ကစား ကိုယ်တိုင်ကား မည်သို့မျှ မတတ်နိုင်။ ငယ်ငယ်တုန်းက ကစားစဉ်ကတော့ ကိုယ် ကျောက်ရုပ်အဖြစ်သို့ ရောက်နေစဉ်မှာ လာရောက်ဖျက်မည့် ကျောက်ဖျက်သူကို မျှော်မိသည်။ ကျောက်ဖျက်သူ ကိုယ့်အနား မြန်မြန် ရောက်စေချင်လှသည်။ ငြိမ်မနေချင် ရပ်မနေချင်၊ အများသူငါကဲ့သို့ လွတ်လပ်စွာ ပြေးလွှားလိုလှသည်။
တကယ့်လက်တွေ့ဘ၀မှာလည်း ထိုနည်းတူစွာပင်၊ ကိုယ်ကိုယ်တိုင် ငြိမ်သက် ရပ်တန့်မနေချင်သလို တခြားသူများကိုလည်း ကျောက်ရုပ်တွေကဲ့သို့ ဖြစ်မနေစေချင်။ ထို့ကြောင့်လည်း သူလို ကိုယ်လို တုဏှိဘာဝေ နေကြသူ အများကို အသက်သွင်းပေးမည့် ခွန်အားရှိသော လက်တစုံကို မျှော်လင့်နေမိပြန်၏။ မည်သူကများ မည်သည့်အချိန်မှာ ကျောက်ရုပ်တွေကို အသက်သွင်းပေးမှာလဲဟု မရေမရာ မျှော်လင့်နေရင်းပင် အချိန်တွေလည်း ကုန်လှပြီ၊ အသက်တွေလည်း ကြီးလှပြီ။ သို့တိုင်ငြား ကျောက်ရုပ်တွေ များသည်ထက် များပြားလာသည်ကလွဲ၍ ဖျက်ပေးမည့်သူကား ယခုအချိန်ထိ ဟုတ်ဟုတ်ငြားငြား ပေါ်မလာသေး။
တကယ်တမ်း လိုက်သူ ခွေးရူးက တယောက်ထဲပင်။ ပြေးသူတွေက အများသား။ သို့ပေသည့် ပြေးသူတွေက ထုံအအနှင့် မလျင်မြန် မပါးနပ်ဘူးဆိုလျှင် ခွေးရူးက အားကောင်းလာပြီး ပြေးသူ အားလုံး ကျောက်ရုပ်ဖြစ်သွားကြမှာ မဟုတ်လား။ လောလောဆယ် အချိန်မှာတော့ ခွေးရူးက အားကောင်းစ ပြုနေသလိုပင်။ စဉ်းစားစရာ ရှိပြန်တာက … ပြေးသူတွေသည် အားစိုက်မပြေးချင်လို့ ရေသာခိုချင်လို့ ကျောက်ရုပ်ဖြစ်သွားကြသည်လား၊ ဒါမှမဟုတ် … ပြေးရင်း တကယ်ပင် အမောဖောက်လာ၍ မပြေးနိုင်တော့လို့ ရပ်လိုက်ရသည်လား၊ ဒါမှမဟုတ် ခွေးရူး အနားရောက်လာ၍ မလွှဲမရှောင်သာ ရပ်လိုက်ရသည်လား … ။ သူ့အကြောင်းနှင့်သူတော့ ရှိကြမည်ချည်းသာ။
မည်သို့ပင်ဖြစ်စေ … အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသည့် များပြားလှစွာသော ကျောက်ရုပ်ကြီးတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရေး အသက်သွင်းပေးမည့် ကယ်တင်ရှင် တစုံတယောက်တော့ဖြင့် ပေါ်လာလိမ့်လေနိုး မျှော်ကိုးနေမိပါတော့သည်။
***
မေဓာဝီ
၎၊ ဇန်န၀ါရီ၊ ၂၀၁၀
၀၇း၀၃ နာရီ
ရေးခဲ့ဖူးသော ကစားနည်းများ
(၁) ကုန်းလား ရေလား
(၂) ကိုယ်ကြိုက်တာ ကိုယ်လုပ်
(၃) လည်ပတ်နေသော ဘ၀များစွာ
(၄) ညောင်ပင်တစ္ဆေ

15 comments:
ဒီပို့စ်ကို ဖတ်ရင်း ဗဒင်သီချင်းထဲက စာသားကို သတိရမိတယ်။
“မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင်…. တွန်းတိုက်ပါများ….နဲ့နဲ့လို့လာတယ်” ဆိုတဲ့ သီချင်းလေ။
ကျောက်ရုပ်တွေလည်း တွန်းပါတိုက်ပါများရင်တော့ ယိုင်နဲ့လာကြမှာ အသေအချာပဲ။ တကယ့်ကျောက်ရုပ်မဟုတ်ဘဲ ကြောက်လွန်းလို့ ကြောက်ရုပ်ဆင်နေရတဲ့ ကျောက်ရုပ်လူသားတွေဆိုရင်တော့… မခံနိုင်တဲ့အဆုံး…တခုသောအချိန်မှာ ဟန်ဆောင်နေကြရတဲ့ “ မူယာမိုး၊ မာယာမိုးတွေ စဲသွားပြီး” ပင်ကိုယ် လူ့သဘာဝအတိုင်း တုန့်ပြန်လှုပ်ရှားလာကြမယ် ထင်ပါတယ်။
တခုတော့ရှိတယ်။ လူတွေ ခွေးရူးအကိုက်ခံရတဲ့အခါ ကျောက်ရုပ်ဖြစ်မသွားဘဲ သူတို့ပါ ခွေးရူးပြန်ပြီး ဘေးက တွေ့ကရာ လူတွေကို လိုက်ကိုက်နေရင် အဲဒါမှ တကယ်ပြဿနာ။
ဖတ်မှတ်သွားပါတယ် မမေဒါဝီ။ ကျောက်ရုပ်တွေ အသက်ဝင်မှပဲ ခွေးရူးအန္တရယ်ကို နှိမ်နှင်းနိုင်မှာပဲ။ သင်္ခန်းစာယူနိုင်တဲ့ ကစားနည်းလေးကို မျှဝေပေးတဲ့အတွက် ကျေးဇူးပဲနော့်။
အမရေ ကိုပေါဆီက တွေ့လို့ လိုက်လာတယ် ကျောက်ရုပ်ကို သေချာဖတ်သွားပါတယ် ကျနော်တို့လဲ ကျောက်ဖျက်လို့ အော်ပြီးလိုက်တို့နေရမဲ့လူတွေ အများကြီး လိုနေတယ် ကျေးဇူးပါဒီပိုစ့်လေးအတွက်
လေးစားလျက်
တောင်ပေါ်သား
စာတွေ လာဖတ်သွားတယ် မမေဓါဝီ၊ စာကြည့်တိုက်ချင်း
စာအုပ်ဖလှယ်ရေး စနစ်နဲ့ တခြားနိုင်ငံ စာကြည့်တိုက်တွေက စာအုပ်ကို ကိုယ်ရောက်နေတဲ့ မြို့က စာကြည့်တိုက်ကနေ လှမ်း မှာလို့ ရတယ်၊ ကျနော်လည်း နယ်မြို့လေး တစ်ခုမှာ နေတာပါ၊ လွန်ခဲ့တဲ့ သုံးလ လောက်က စာကြည့်တိုက်မှာ မြန်မာစာအုပ်တွေ မှာချင်တယ်ပြောလို့ သူတို့ ကူညီပေးတယ်၊ စာကြည့်တိုက် ၀က်ဆိုဒ်မှာ ဥပမာ ... thein phay myint, mya than tint ... ဆိုပြီး ရှာလိုက်တာ တခြားနိုင်ငံတွေရှိ
စာကြည့်တိုက် စာအုပ်စာရင်းကနေ လှမ်းပြီး သယ်ပေးတယ်၊ အခမဲ့ လုပ်ပေးပါတယ်၊ ဒါနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာအုပ်ကို ရခဲ့တာပါ၊
အဲဒီနည်းစနစ်ကို အချိန်ရရင် စိတ်ဝင်စားရင် စမ်းကြည့်ပါ။
ကျနော်ရေးတာ နည်းနည်းကျန်သွားလို့၊ စာအုပ်မှာရင်
စာရေးဆရာရဲ့ အမည်စာလုံးပေါင်းနဲ့ ရှာပါ၊ စာအုပ်အမည်နဲ့ မရှာပါနဲ့၊ စာရေးဆရာရဲ့ အမည်ကို
စာကြည့်တိုက် ၀က်ဆိုဒ်မှာ ရှာရင် ရှေ့ကနေ “ဦး” ဘာတို့ တပ်ဖို့ မလိုဘူး၊ အမည်အရင်းပဲ ထပ်ရိုက် ရှာပါ။
အစ်မမေရေ .....
ကျောက်ရုပ်တွေ ဖျက်မယ့်သူ ပေါ်စေချင်လှပြီ။ သူတို့ တွေ အပြေးလည်း သန်စေချင်လှသည်။ လှုပ်မရ ပြုမရဘဲနဲ့  ကိုယ့်ဘေးက အန္တရယ် ကို မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြည့်နေရ တဲ့ဒုက္ခ တွေက လွတ်ကင်းစေချင်လှပြီ။ ခွေးရူးပြန် ရောဂါသည်တွေလို တစ်ရက်တည်း ကိစ္စချောပြန်လည်း အကောင်းသား နော်
ခင်တဲ့
ရန်ကုန်သား
“ခုတလော..” ဆိုတဲ့ တဂ်ပိုစ့်ကို ခုတခါ ပြန်ရေးဖြစ်မယ် ဆိုရင်...
“ကြိတ်ပြီးချီးကျူးနေတာက...” ဆိုတဲ့ အမေးကို...
“ကျောက်ရုပ် - ကျောက်ဖျက်...” လို့ ဖြေမိမယ် ထင်တယ်...
းဝ)
ဘိုးဘိုးအောင်မျှော်ရလို့ ကျောက်ရုပ်တွေလဲရေညှိတက် နေပြီ
ကစားနည်းကို အတွေးလေးတွေနဲ့ ဆွဲခေါ်သွားတာ လှလိုက်တာ..
ဒီကစားနည်းမှာ ခွေးရူးကို ပြေးနေတဲ့ လူတွေက ၀ိုင်းပြီး ကျောက်ရုပ်လို့ အော်ပြီး ကျောက်ရုပ် ပေး ဖြစ်ထားလို့ မရဘူးလား ညီမရယ်။ သူက တယောက်တည်းလေ။
မအယ်
သိပ်ကောင်းတဲ့ အတွေးနဲ့ စာရေးပုံတွေ တွေ့လို့ ချီးကျူးပါ၏၊ မှတ်သားသွားပါ၏။ မမေဓါဝီ
မေရေ… ငယ်က ကျောက်ရုပ်ကျောက်ဖျက်ကစားရင် အပြေးသန်တဲ့အမက ကျောက်ရုပ်ဖြစ်နေရခဲတယ်… အသက်တွေရလာတော့ အပြေးမသန်တော့ပဲ ကျောက်ရုပ်ဖြစ်သွားရတဲ့ဘ၀… မေ့အတွေးလေးက လှလိုက်တာ… ပြီးတော့ အားမရလဲဖြစ်မိတယ်… အားလဲငယ်မိတယ်…
My Teacher,
Congratulation!
You are a great creator.
My Teacher,
Congratulation!
You are a great creator.
ကျောက်ရုပ် ကျောက်ဖျက် ကစားနည်း နဲ့  လက်ရှိ အခြေအနေမှန်တွေကို နှိုင်းပြထားပုံလေး၊ အလွန်ကြိုက်မိပါတယ် မမေဓါဝီရေ ..
ကျောက်ဖျက်မဲ့သူ ကိုယ်တိုင် ကျောက်ရုပ်ဖြစ်အောင် အလုပ်ခံနေရတာ ဆိုတော့
ခွေးရူးကောင်းစား တမွန်းတည့် မကတော့ဘူးပေါ့ ။
မအယ်ပြောသလို ဒီခွေးရူးကိုပဲ ကျောက်ရုပ်ဖြစ်စေမဲ့  ကစားနည်း ရှိရင်ကောင်းမှာ ..
ခင်မင်စွာဖြင့်
ကိကိ ။
Post a Comment