Friday, December 14, 2007

ကုန်းလား ... ရေလား

ငယ်ငယ်တုန်းက ကစားခဲ့ဖူးတဲ့ ကစားနည်းတွေနဲ့ ပတ်သက်ပြီး တွေးမိတဲ့ အတွေးလေးတွေကို ဘလော့မှာ ရေးခဲ့ဖူးပါတယ်။
ကိုယ်ကြိုက်တာ ကိုယ်လုပ်၊
လည်ပတ်နေသော ဘ၀များစွာ၊
ညောင်ပင်တစ္ဆေ ...
စသဖြင့်ပါ။
အခုလည်း "ကုန်းလား ရေလား" ကစားနည်းနဲ့ ပတ်သက်ပြီး တွေးမိတွေးရာ တွေးဖြစ်ခဲ့တဲ့ အတွေးတွေကို စာလုံးတွေအဖြစ် ပုံဖော်ရင်း ရေးမိရေးရာ ဘလော့ပေါ်မှာ ချရေးလိုက်မိပါတယ်။
***
"ကုန်းလား ... ရေလား"
***
ကုန်းလား ... ရေလား???
((( ကုန်း )))
နင့်ကုန်းပေါ် ငါတက်တယ် ... ဘာဖြစ်သလဲ ကွယ် ...

((( ရေ )))
နင့်ရေထဲကို ငါဆင်းတယ် ... ဘာဖြစ်သလဲ ကွယ် ...
***
ငယ်ငယ်တုန်းက ကစားခဲ့ကြဖူးသည့် ကစားနည်းလေး တခု ဖြစ်သည်။ အိမ်အ၀င်ဝ အတက်အဆင်း လှေကားထစ်တွေမှာ ကုန်းလား ရေလား ခဏခဏ ကစားခဲ့ကြသည်။ လိုက်ရမည့်သူက လှေကားထစ် အပေါ်မှာနေ ... ကျန်သူတွေက လှေကားထစ်အောက် မြေပြန့်ကနေပြီး အထက်ပါ အတိုင်း အမေး အဖြေ လုပ်ကာ ကစားရသည့် ကစားနည်းလေးပင်။

လိုက်သူက "ကုန်း" ဟု ဖြေလျှင် ... သူက ကုန်းပေါ်မှာသာ နေပြီး ကျန်သူများက ရေထဲမှာ နေရသည်။ လိုက်သူက "ရေ" ဟု ဖြေပါက ရေဟု သတ်မှတ်ထားသည့် မြေပြင်ပေါ်ကို ဆင်းရပြီး ကျန်သူများက ကုန်းပေါ် ပြေးတက်ကြရသည်။ ထိုသို့ သူရွေးချယ်ထားသည့် နေရာမှ နေပြီး သူ့နယ်မြေ ကျူးကျော်လာသူ ကျန် ကစားဖော်များကို လိုက်ဖမ်းရ၏။ လိုက်ဖမ်းလို့ မိပါက မိသူက တခါ ပြန်လိုက်ရ ပြန်သည်။

အဆိုပါ ကစားနည်းလေးကို ငယ်ငယ်တုန်းက ခဏခဏ ကစားခဲ့ကြသည်။ အိမ်မှာက ၀င်ပေါက် နှစ်ပေါက် ရှိတာမို့ လှေကား နှစ်ခု ရှိသည်။ တဘက်က ပြေပြေပြစ်ပြစ်၊ တဘက်ကတော့ အနည်းငယ် မြင့်ပြီး မတ်သည်။ ခက်ခက်ခဲခဲ ကစားချင်ကြလျှင် မြင့်သည့်ဘက်မှာ ကစားလေ့ရှိကြ၏။
***
အခုအချိန်မှာ ဒီကစားနည်းလေးကို ပြန်စဉ်းစားကြည့်ပြီး ... သူသာဆိုလျှင် ကုန်းလား ရေလား ဘယ်လို ရွေးချယ် မလဲ ... တွေးမိပြန်သည်။ ဒီနောက်မှာ ထပ်မံ အတွေးနယ်ချဲ့ မိတာက ... သူတို့မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်ကြီးက ကုန်း ... ဆိုပါတော့ ... ။ ရေ ဆိုတာကတော့ အခြား တိုင်းပြည် နိုင်ငံ အသီးသီးပေါ့ ... ။

အားလုံးလိုလိုကတော့ အေးမြမယ်ထင်တဲ့ ရေထဲကို ဆင်းချင်ကြသည်။ ရေပြင်ကြီးက လှိုင်းကြက်ခွပ် ကလေးတွေနဲ့ လှလည်းလှပ၊ ကျယ်လည်း ကျယ်ပြန့်၊ စိတ်ဝင်စားစရာတွေလည်း ပေါသကိုး။ ဒီလိုနဲ့ ရေကိုရွေးချယ်ပြီး ရေထဲကို တကယ်တမ်း ရောက်တဲ့အခါ မှာ ... ။

ရေမကူးတတ်သူများ တော်တော် ဒုက္ခရောက်ကြရပြန်သည်။ အနည်းအကျဉ်း ရေကူးတတ်သူ များကတော့ အနည်းအကျဉ်းသာ ဒုက္ခတွေ့နိုင်ပြီး ရေကူး ကျွမ်းကျင်သူ သက်လုံကောင်းသူများ အတွက်ကတော့ ရေပြင်မှာ နေပျော်သည်ပေါ့။ ရေငုပ်ဝတ်စုံ အောက်စီဂျင်ဘူး စသည့် အထောက်အကူပြု ပစ္စည်းများ ၀တ်ဆင်ရန် တတ်နိုင်သူ လူနည်းစု အဖို့ကတော့ ရေပြင်သည်လည်း မြေပြင်ပမာပါပဲ ... ။

ဒီလိုနှင့် ရေပြင်ထဲမှာ တချို့လည်း ယက်ကန် ယက်ကန်၊ တချို့လည်း အလိုက်သင့် စီးမျော၊ တချို့လည်း စုန်ဆန် ကူးခတ်၊ တချို့က ရေအောက် နက်သည်ထက် နက်အောင် ငုပ်လျှိုးသွားကြသည်။ မကူးတတ် ကူးတတ် အားသွန် ခွန်စိုက် ကူးခတ်ရင်း ခြေကုန်လက်ပမ်းကျကာ ရေအောက်မှာ စုံးစုံး နစ်မြုပ် သွားသူ တချို့တလေလည်း ... ရှိနေဆဲ ... ။

ရေထဲမှာတော့ ကျင်လည်စွာ ကူးခတ်နေကြသော ... ရောင်စုံ ငါးကလေးတွေ၊ ထူးဆန်း လှပသော သတ္တ၀ါ မျိုးစုံတွေက ဖျားယောင်း မြှူဆွယ် နေကြ ပေလိမ့်မည်။ ရေအောက်သို့ နက်သည်ထက် နက်အောင် ငုပ်လျှိုးနိုင်လျှင် ရေအောက်၏ ထူးဆန်းလှပမှု များစွာ၊ အံ့သြဖွယ်ရာ များစွာ၊ အဖိုးတန် ရတနာ များစွာနှင့် ကြုံတွေ့ရမည် အမှန်ပင်။

သို့သော် ...
ရေပြင်နှင့် မြေပြင်က ဖိအားချင်းတူသည် မဟုတ်။ ရေအောက်သို့ နက်လေ ရေဖိအားက ပိုများလေလေ... ပို၍ မွန်းကျပ်လေလေ ... ကုန်းပေါ်ပြန်တက်ဖို့ ပိုခက်လေလေ ...။ နောက်ဆုံးတော့ ... ရေထဲမှ လူသားများ ကုန်းမြေကိုသာ ပြန်လည်၍ တမ်းတမိကြမည်။ ကုန်းပေါ်မှာ ရှင်သန်လျက် အသက်၀၀ ရှူချင်ကြမည်။ ကုန်းသတ္တ၀ါတွေဟာ ရေထဲမှာ ကြာကြာနေနိုင်ပါ့မလား ... ။ ရေဟာ ဘယ်လောက် အေးမြ လှပ ဆန်းကြယ် နေလင့်ကစား ကိုယ့်ရပ်ဌာနေ ကုန်းမြေ ကိုသာ ပြန်လည်ခြေချ လိုကြတာ အမှန်ပဲ မဟုတ်လား။

သူကိုယ်တိုင်ကရော ...
ဤနည်းနှင်နှင်ပါပဲ။ သာယာအေးမြလှပါတယ်ဆိုတဲ့ ရေထဲမှာ အမြဲမနေလိုပါ။ မနေနိုင်ပါ ... ။ အခြေအနေတခုရဲ့ တွန်းပို့မှုကြောင့် ကုန်းလား ရေလား ရွေးချယ် မနေနိုင်အားဘဲ ရေထဲသို့ ဆင်းသက်ခဲ့ရသည်။ ရေကူး မကျွမ်းကျင်သူမို့ ရေထဲမှာ အားတင်းစွာ ကူးခတ်ရင်း ရုန်းကန်နေရဆဲ ... ။ တခါတလေလည်း မွန်းကျပ်တဲ့ ဒဏ်တွေ ခါးသီးစွာ ခံရပြန်သေးသည်။

မည်သို့ပင် ဖြစ်စေ ...
တချိန်ချိန်မှာတော့ ... ကုန်းမြေပြင်ပေါ် ကောင်းမွန်စွာ ပြန်လည် တက်ရောက်နိုင်ရန် ကြိုးစားရပါဦးမည်။ ထိုအချိန်မှာ သူတို့၏ ကုန်းမြေသည်လည်း သာယာ လှပ ပြည့်စုံ နေလိမ့်မည်လေလား ... မျှော်လင့်စွာ တွေးနေမိပါတော့၏။
***
မေဓာဝီ
၁၃၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၀ နာရီ ၂၄ မိနစ်

9 comments:

ညီလင်းသစ် said...

တချို့ကခြောက်သွေ့နေတဲ့ ကုန်းမြေမှာမနေနိုင်တော့လို့ ရေထဲဆင်းကြ၊ တချို့ကတော့ဒီကုန်းမြေကြီးစိုပြေ အောင်လောင်းဖို့ ရေလာခပ်ကြနဲ့ပေါ့၊ ရေကူးတတ်တာ မကူးတတ်တာထက် ရေထဲရောက်ဖို့အဓိကဆိုပြီး ခုန်ချ တဲ့ရေကူးသမားတွေလည်းများသထက်များလာတဲ့ အထဲမှာ ဖြစ်နိုင်ရင်ဘယ်သူ့ကိုမှ ရေမနစ်စေချင်ပါဘူး၊ ကောက်ရိုးမျှင်လေးတွေကို အားကိုးတကြီးဖမ်းဆွဲနေရ တဲ့သူတွေကိုလည်း အချင်းချင်း ဝါးကူမထိုးမိအောင် ကြိုးစားကြရမှာပေါ့....။
အင်မတန်လှတဲ့စိတ်ကူးလေးနဲ့ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မမေဓာဝီ...။

ငစနေ said...

အစ်မရေ ... အရမ်းကို လှတဲ့ စိတ်ကူးလေးပါ။ ကျေးဇူးပဲ။ ကျွန်တော်တို့လဲ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ပေါ့။

လူသစ် said...

eot ပြန်ကလိထားပြီးပြီ။ လာကြည့်ပေးပါအုန်းဗျား။ ကျေးဇူးနော် အနှောင့်အယှက်ပေးရတာ။ ကြားဘူးလား။ ချမ်းရင် ရေချိုးတဲ့။ ရေကန်ထဲဆင်းစိမ်နေကြည့်ပါလား။

Thet Oo said...

အတွေးကောင်း အရေးကောင်းလေးတွေ ကုန်းပေါ်မှာတုံးက ဖတ်မရပဲ အခုရေထဲရောက်မှ ဖတ်ရတာဆိုတော့ လောလောဆယ် ရေထဲမှာပဲ နေပါအုံး။ ကုန်းမြေက ထွက်မပြေးပါဘူး။ အချိန်တန်တော့ အိမ်ပြန်ရမှာပေါ့။

Maydarwii said...

ကိုညီလင်းသစ် ပြောတာ ဟုတ်ပါရဲ့ ... ။
ကျမရေးဖို့ ကျန်သွားတာလေးကို ဖြည့်စွက်ရေးပေးတဲ့ အတွက် ကိုညီလင်းသစ်ကို ကျေးဇူးတင်ပါတယ်ရှင်။

ကိုငစနေရေ ... ယက်ကန် ယက်ကန်ချင်းအတူတူ အားတင်းထားကြရအောင်လား။

ကလူသစ်ကြီး အီးအိုတီ ပြန်ကလိသော်လည်း ကျမကဖြင့် မမြင်ရသေးပေါင်ရှင်။ ချမ်းရင် ရေချိုးဆိုတာ ကြားဖူးသားပဲ။ ဒါကြောင့် ဒီပိတ်ရက်မှာ ရေသွားကူးမလား စဉ်းစားနေတယ်။ ရေကူးကျွမ်းကျင်အောင်လို့လေ .. ။ :)

အဲ ... ကိုသက်ဦး ပြောပုံဆို ... ကုန်းပေါ်တုန်းက တွေးတာ ရေးတာတွေက မကောင်းဘူး ဆိုပါတော့လေ ... ။ ရက်စက်ပါပေ့ ... ။
ဟုတ်ကဲ့ပါ ကိုသက်ဦး .. ။ လောလောဆယ်တော့ ရေထဲမှာပဲ ချမ်းချမ်းစီးစီးနဲ့ ယက်ကန် ယက်ကန် ကူးခတ်နေရပါဦးမယ်။ ကုန်းမြေက ထွက်မပြေးသော်လည်း ... အချိန်က ဘယ်တော့ တန်မလဲ တွေးနေမိပါရဲ့ ရှင် ... ။

ကွန်မန့်ရေးသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း ... ။

thamudayanwe said...

အမရာ.. အမရဲ့အတွေးနဲ့စိတ်ကူးတွေက တကယ်ကောင်းတယ် အမဆီလာဖတ်ပြီး ပြန်သွားရင် တခုခုကတော့ ပါလာစမြဲပဲ
ဆက်ရေးပ့ါနော်အမ အမြဲလာဖတ်ပေမဲ့ comment ကရေးရမှာ ပျင်းနေတာနဲ့..နားလည်ပေးပါ..

လေးစားလျက်

yangonthar said...

အစ်မမေ နေကောင်းလား ကျနော်မရောက်တာတောင် ကြာပြီ .... ရေတွေလည်း မွန်းတယ် အသားတွေ လည်း စပ်ပြီး ပြာနေပါပြီ .... ကိုယ့်ကိုကိုယ် အကန် ချခံရတာလား ခုန်ချခဲ့တာလား ဆိုတာ မဝေခွဲ နိုင်သေးဘူး ... အလိုက်သင့်ခုန်ချခဲ့ ရတာဖြစ်မယ် ထင်ပါတယ် ... ရေမကူးတတ်တော့ ရေမွန်းတာ နဲ့ တင် ရင်တွေနာပါတယ်အစ်မရယ် ... ကုန်းပေါ်က လေနုနုတွေ နေနွေးနွေးတွေ လွမ်းတယ် ... အသက် များ ၀အောင်ရှူနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့ ....
အစ်မရေ အတွေးလေး အတွက် ကျေးဇူး
လေးစားလျှက်
ရန်ကုန်သား
အဆင်ပြေပါစေ အစ်မမေ ... :))

Anonymous said...

ဖတ်ရင်းနဲ့ မောလာတယ်..
မွန်းကြပ်သလို ဖြစ်လာတယ်...
တွေးလည်းတွေး ရေးလည်းရေးတတ်တာ...
တော်ပါပေတယ်...

းဝ)

ကိုကိုမောင်(ပန်းရနံ့) said...

ပူလောင်မီးများ
ငြိမ်းအေးသွားဖို့
နယ်ခြားရပ်ရွာ
ရေဇလာသို့
ဆင်းကာခြေချ
နေလာရသည်
သုံးနှစ်လည်ပြီး
ကုန်းဆီတမ်းတ
မှန်လွမ်းလှ၏
ဘ၀ဋ္ဌာနေ
ပူလောင်ပေလည်း
တို့မြေ တို့ရွာ
တို့ပြည်သာ မို့
မှန်စွာမသွေ
ပြန်ချင်ပေ၏။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.