Thursday, September 07, 2006

essay

ဒီ essay ကိုရေးဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၅ နှစ်ကျော်ကာလထဲက ရင်ထဲမှာ ကိန်းအောင်းနေခဲ့ပါတယ်။
ဒီလမ်းကလေးကို ငယ်ငယ်ထဲက အခေါက်ပေါင်းများစွာ မရေမတွက်နိုင်အောင် လျှောက်ခဲ့ဖူးတယ်။ တနေ့မှာတော့ လမ်းကလေးဘေးကအိမ်တွေလဲ နေရာရွှေ့ခံခဲ့ရသလို လမ်းလေးကိုလဲ လူတိုင်း ဖြတ်သန်းခွင့်မရှိတော့ဘူး။
ဖြတ်သန်းသွားလာခွင့်မရှိတော့ပေမဲ့ …
အားလုံးရဲ့ ရင်ထဲမှာ .. လမ်းကလေး ရှိနေဆဲ .. ။
တကယ်တမ်း ရေးဖြစ်တော့ လွန်ခဲ့တဲ့ ၅ နှစ် (၂၀၀၁ ခုနှစ်) ကျမှ .. ရေးဖြစ်သွားပါတယ်။ ရေးထားတဲ့စာအားလုံးကိုတော့ ဖော်ပြခံရခြင်းမရှိခဲ့ပါဘူး။ စာပေစိစစ်ရေးနဲ့ ငြိတဲ့ စာလုံးအနည်းငယ် ဖြုတ်ခံခဲ့ရတယ်။
အခု .. တင်လိုက်တဲ့ essay မှာလဲ ဖြုတ်ခံရတဲ့စာတွေ မမှတ်မိတော့တဲ့အတွက် မထည့်လိုက်နိုင်တော့ပါဘူး။
***

လျှောက်ခဲ့ဖူးသော လမ်းကလေး

အရင်က ... ဒီလမ်းကလေး သာယာသည်။
***
လမ်းကလေးက အမည်မရှိ၊ ထည်ဝါခြင်းမရှိ၊ ပကာသနများဖြင့် စွက်ဖက်ထားခြင်းမရှိ၊ ပကတိဖြူစင်ရိုးသားစွာတည်ရှိနေသည့် မြေနီလမ်းကလေး ...။

လမ်းကလေးရဲ့အ၀င်ဝမှာ ဘုန်းတော်ကြီးကျောင်းကိုညွှန်ပြသည့် လမ်းညွှန်ဆိုင်းဘုတ် တစ်ခု ထောင်ထားသည်မှအပ ဒီလမ်းကလေးမှာဘာမျှ မရှိ။

လမ်းကလေးထဲသို့ ကားဝင်၍မရ၊ လမ်းကလေးသည် လမ်းမကြီးနှစ်ခုကြား ဆက်သွယ်ထားသည့် လူသွားဖြတ်လမ်းကလေးမျှသာ။

လမ်းကလေးသို့ဝင်ဝင်ချင်းမှာ ကျောက်စရစ်ခင်းထားကာ အနည်းငယ်လျှောက်ပြီး ညာဘက်သို့ ချိုးဆင်းလိုက်သည်နှင့် မြေနီလမ်း စစ်စစ်ကလေးဖြစ်သွားသည်။ လမ်း၏ဘေးတစ်ဘက်တစ်ချက်မှာ မြက်ရိုင်းပင်တွေ ထိကရုန်းပင်တွေ တံမြက်စည်းပင်တွေ တောအရိုင်းပန်းပင်တွေ မိုးတွင်းဆို ဒန့်ကျွဲပင်တွေဖြင့် တောထနေတတ်သည်။

ဆက်သွားလျှင် ရေစီးနေသောချောင်းငယ်လေးကို သစ်သားတံတားလေးက ပေါင်းကူးပေးထားသည်။ ချောင်းငယ်လေးကမိုးတွင်းဆို ရေစီးသန်သလောက် နွေဖက်မှာ ခြေမျက်စိနားလောက်သာရေရှိတတ်ပြီး ချောင်းထဲမှာ ကလေးတွေ ငါးဖမ်းကြ ဆော့ကစားကြ။

တံတား၏တဖက်ထိပ်မှာတော့ ငါးမုန့်လုပ်သည့်အိမ်ရှိနေတာမို့ ငါးညှီနံ့က တသင်းပျံ့ပျံ့၊ နေရောင် အောက်မှာ ဖျာတွေနှင့်လှမ်းထားသော ငါးမုန့်တွေက တဖွေးလှုပ်လှုပ်။

ငါးညှီနံ့သင်းသည့် ဒီနေရာကိုလွန်လျှင်တော့ နှင်းဆီရနံ့ စပယ်ရနံ့တွေကို ရှူရှိုက်ကြရမည်။ လမ်းကလေး၏ ဘယ်ဘက်ဘေးတွင် စပယ်ခင်း၊ စပယ်ခင်း၏ အနောက်ဖက်တွင် နှင်းဆီခင်း ...။ မနက် မနက်ဆိုလျှင် ပန်းခင်းထဲသို့ စပယ်နှင်းဆီ လာဝယ်ကြသူများကို တွေ့ရတတ်သလို ပန်းပျိုးသူကြီးကြီးရဲ့ ပန်းခင်းထဲမှာ သွက်လက်စွာလှုပ်ရှားပြီး ပန်းပွင့်လေးတွေခူးနေပုံက ကကြိုးကကွက် ဆန်းဆန်းတစ်ခုကို ကြည့်ရသည့်နှယ်။


ညာဘက်ခြမ်းမှာတော့ မုန်လာ၊ ဂေါ်ဖီစတဲ့ စားပင် စိုက်ခင်း၊ ပြီးတော့ ၀ါးဘိုးဝါး မောင်းတံဖြင့် ရေခပ်ရသည့် ရေတွင်းငယ်ကလေး။ ညနေဆိုလျှင် ရေတွင်းငယ်လေးမှ ရေငင်ပြီး စိုက်ခင်းပန်းခင်းတွေကို ရေလောင်းနေကြသည့် သူများကို တွေ့ရတတ်သေးသည်။

လမ်းကလေးနံဘေးမှ အိမ်လေးတွေက သစ်သားအိမ် သပ်သပ်ရပ်ရပ်လေးတွေ၊ အုတ်ဖိနပ်နှင့် သံဆန်ခါ ကွက်ကလေးတွေနှင့်၊ ရေနံချေးဝပြီး မည်းနေသော ချစ်စရာ့မြန်မာ့အိမ်လေးတွေ။ အိမ်နဘေးမှာ သရက်၊ ပိန္နဲ၊ မာလကာ စသည့် သီးပင်များက ဝေေ၀ဆာဆာ။

ဒီစိုက်ခင်း ပန်းခင်းနှင့် လူနေအိမ်ခြေတွေကို ကျော်လွန်လျှင်တော့ အ၀င်ဝက လမ်းညွှန်ထားသည့် ဘုန်းတော်ကြီးကျောင်းကိုတွေ့ရမည်။ ကျောင်းဘေးမှာကဘောလုံးကွင်း။ ဘောလုံးကွင်းကို ပတ်၍ ညာဘက် ကုန်းပေါ်သို့တက်လိုက်လျှင်တော့ မြေနီလမ်းကလေး၏ အဆုံးသတ်ဖြစ်သော တစ်ဖက်ကတ္တရာလမ်းမထက် ရောက်ရှိမည်ဖြစ်၏။

သံဃာတော်တွေဆွမ်းခံသွား ဆွမ်းခံပြန်၊ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသွား ကျောင်းပြန်၊ အလုပ်သမားတွေ အလုပ်သွား အလုပ်ပြန်၊ အိမ်ရှင်မတွေ ဈေးသွားဈေးပြန် စတဲ့ အခါမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ ဈေးရောင်းကြတဲ့အခါပဲ ဖြစ်ဖြစ် ဒီလမ်းကလေးပေါ်မှ ဖြတ်သန်းသွားကြ ရသည်။ အခြေခံလူတန်းစားတွေရဲ့ ဖိနပ်မျိုးစုံကြောင့် လမ်းကလေးကျောကုန်းလည်း အသားမာတက်ခဲ့ရပါပြီ။

မည်သို့ပင်ဖြစ်စေ လမ်းကလေးကား မညည်းမညူဘဲ တာဝန်ကျေစွာထမ်းဆောင်ဆဲ။
***

တစ်နေ့ . . . ။

ဒီတစ်နေ့သည် လမ်းကလေးအတွက်ရော လမ်းကလေးနံဘေးမှာ နေထိုင်သူတွေ အတွက်ရော လမ်းကလေးကို မှီခိုသွားလာနေသူတွေ အတွက်ပါ စိတ်မကောင်းစရာနေ့တစ်နေ့ပင်။

ဒီတစ်နေ့ကြောင့်ပင် လမ်းကလေးရဲ့ ရင်ခွင်မှာ ခိုလှုံသူတွေရဲ့ ဘ၀ပြောင်းလဲသွားရသလို လမ်းသွားလမ်းလာတွေလဲ ဒီလမ်းကလေးကို အသုံးပြုခွင့်မရတော့ဘဲ လမ်းကလေးကလဲ နေ့ချင်းညချင်း ပုံစံ ပြောင်းလဲသွားတော့၏။
***

အခုတော့ လမ်းကလေးသည် မြေနီလမ်းဘ၀မှ ကတ္တရာလမ်း ဖြစ်သွားပြီ။ လမ်းမကြီး နှစ်ခုကို ဆက်သွယ်သော လူသွားဖြတ်လမ်းကလေး မဟုတ်တော့၊ ချောင်းကူး သစ်သားတံတားလေးကလည်း ကွန်ကရစ် တံတားဖြစ်သွားပြီး လမ်းကလေးရဲ့ တဖက်တချက်မှာ မြက်ရိုင်းတွေ တောပန်းပင်တွေမရှိတော့ဘဲ အုတ်ဘောင်လေးဖြင့် အလှစိုက်ထားသော ပန်းကလေးများသာ တွေ့ရတော့၏။ စိုက်ခင်း ပန်းခင်းနှင့် သစ်သားအိမ်လေးများ နေရာမှာတော့ အုတ်တံတိုင်းခတ် သံတိုင်များ အခိုင်အခံ့ကာရံထားသော တိုက်အိမ် လှလှလေးတွေ၊ အထဲမှာ ပန်းခြံနှင့် မြက်ခင်းနှင့်၊ ရေပန်းနှင့် ဒန်းနှင့်။

လမ်းကလေးကား ပြောင်းလဲသွားချေပြီ။

ရဟန်းသံဃာတွေ ကျောင်းသူကျောင်းသားတွေ လမ်းသူလမ်းသားတွေ အလုပ်သမားတွေ ဈေးသည်တွေ .. သူတို့၏ခြေရာများနှင့် ကင်းဝေးခဲ့ရပြီ။
သစ်လွင်လှပနေသော လမ်းကလေးသည် တခါတရံလမ်းမှားရောက်လာမည့် ခြေသံတဖျပ်ဖျပ်ကိုများ ကြားရလိမ့်နိုးဖြင့် ရင်ခုန်မျှော်လင့်မိသေးသည်။

ဖောက်သူရှိသော်လည်း လျှောက်သူမရှိတာ ကြာလာတဲ့အခါ လမ်းကလေးသည် ဒီဘ၀မှာပင် နေသား ကျသယောင် သူ့ရင်ခွင်မှာသူ တိတ်တဆိတ် လဲလျောင်းလို့နေ၏။
***
အရင်လို ဘ၀ကို ပြန်၍မရတော့မှန်း သူနားလည်မိသည့်နောက် .. .. ။
. . . . . . . . .
. . . . . . . . .
. . . . . . . . .
***
အရင်ကတော့ ...
ဒီလမ်းကလေး
တကယ်ပင်
သာယာခဲ့ပါသည်။
***
မေဓာဝီ
(ဒီဇင်ဘာ ၂၆၊ ၂၀၀၁)
မေသတင်းဂျာနယ် အတွဲ ၄၊ အမှတ်၂၀

No comments: