Wednesday, June 27, 2007

ဗိုလ်လုပ်လိုသလား (၃)

ပြီးခဲ့တဲ့ တပတ်ကျော်က ဗိုလ်လုပ်လိုသလား (၂) မှာ …
ဗိုလ်လုပ်လိုသူများသည် ဗိုလ်စိတ်နှင့် ဗိုလ်အလုပ်ကို ရှေးဦးစွာ သိထားရမည်။ … ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။ ဒီတပတ်မှာတော့ ဗိုလ်စိတ်ကို တခုချင်း ရှင်းပြထားတာကို ဖော်ပြလိုက်ပါတယ်ရှင်။
***
ဗိုလ်စိတ်ကို ရှင်းပြခြင်း

ဗိုလ်စိတ်သည် ၅-မျိုးရှိပေ၏။ ၎င်း ၅-မျိုးရဲ့ သရုပ်မှာ -
၁။ သဒ္ဓါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ် .. တို့ဖြစ်ကြကုန်၏။

၁။ သဒ္ဓါဗိုလ်

သဒ္ဓါဗိုလ် = သဒ္ဓါ + ဗလ
သဒ္ဓါ = ယုံကြည်မှု၊ ဗလ = အားကြီးမှု
သဒ္ဓါဗိုလ် = ယုံကြည်မှု အားကြီးခြင်း။

ယုံကြည်မှုဆိုတာ ဘာကိုယုံကြည်တာလဲ။ ဒီလိုမေးသော်၊ ဘုရားနှင့် ဘုရား၏ ဂုဏ်တော်ကို တကယ်အမှန်ရှိကြောင်း ယုံကြည်တယ်၊ တရားနှင့် တရား၏ ဂုဏ်တော် တကယ်အမှန်ရှိကြောင်း ယုံကြည်တယ်။ သံဃာနှင့် သံဃာတော်၏ ဂုဏ်ကို တကယ်အမှန်ရှိကြောင်း ယုံကြည်တယ်။ ကုသိုလ် ဆိုတာကိုလည်း ယုံကြည်တယ်။ အကုသိုလ်ကိုလည်း ယုံကြည်တယ်။ ၎င်း နှစ်ပါးရဲ့ ကောင်းကျိုး ဆိုးပြစ် ရှိကြောင်းကိုလည်း ယုံကြည်တယ်။ ဆိုခဲ့သည့် အားလုံးကို ယုံကြည် သော စိတ်ကို သဒ္ဓါလို့ ဆိုပေသည်။

ဤယုံကြည်မှုမျိုးသည် သေးသေးကွေးကွေး ယုံကြည်မှုမျိုးမဟုတ်၊ အားနှင့်အင် နှင့် မပြိုမကွဲ ခိုင်မြဲစွာ ယုံကြည်ခြင်းဖြစ်သောကြောင့် (၀ါ) အခြားယုံကြည်မှုတို့ ထက် မြင့်မြတ်ကြီးကဲခြင်းကြောင့် သဒ္ဓါဗိုလ်လို့ ဆိုပေသည်။

ယုံကြည်မှုသဒ္ဓါဆိုတာ သတ္တ၀ါတိုင်း မဖြစ်ပေါ်နိုင်။ ဗုဒ္ဓဘာသာ အမည်ခံကြသော သူတို့ပင် သဒ္ဓါတရား ဖြစ်ပေါ်နိုင်ရန် ခဲယဉ်းပေ၏။ မိဘရိုးရာ ဓမ္မတာအလေ့ အလာမို့ ပြုလုပ်သူတို့သာ များကြကုန်၏။

အချို့သောသူတို့သည် ဒုက္ခိတများ တောင်းရမ်းလာသောအခါ မကြည့်ချင်၍ အမြန်ထွက်သွားလို၍ ပေးစွန့်လိုက်ကြကုန်၏။ ဤအမှုမျိုးလည်း သဒ္ဓါတရား မဟုတ်၊ မျက်စိအေး နားအေးမျှသာ ဖြစ်ကုန်၏။ ဤမှတပါး ပြုလုပ်ကြသော အချိုးမကျသော အမှုတို့လည်း များစွာ ရှိပေသေး၏။ အမှုလမ်းကြောင်းကပင် ဟုတ်သော်လည်း စိတ်ထား မစင်ကြယ်ခြင်းကြောင့် သဒ္ဓါစစ် သဒ္ဓါကောင်း မဖြစ် ကြကုန်။ ဒါကြောင့် သတ္တ၀ါတိုင်း သဒ္ဓါတရား မဖြစ်ပေါ်နိုင်ကြောင်းကို ပြောဆို ခဲ့ပေသည်။

“သဒ္ဓါ ငါးမျိုး”
၁။ အာဂမသဒ္ဓါ - ဘုရားအလောင်းများ၏ သန္တာန်၌ ယုံကြည်မှုကိုဆိုလိုသည်။ ထိုသဒ္ဓါမျိုးသည် ဖြစ်လေရာဘ၀တိုင်း၌ ပျောက်ကွယ်ခြင်းမရှိဘဲ ယုံကြည်မှု ဖြစ်ပေါ်နိုင်သည်။

၂။ အဓိဂမသဒ္ဓါ - အရိယာတို့သန္တာန်၌ ဖြစ်ပေါ်သော ယုံကြည်မှုဖြစ်ခြင်းကြောင့် နိဗ္ဗာန်တိုင်အောင် တည်ရှိနိုင်သည်။

၃။ သြကပ္ပနသဒ္ဓါ - ဉာဏသမ္ပယုတ်သဒ္ဓါမျိုးဖြစ်သောကြောင့် တဘ၀လုံး တည်တံ့ခိုင်မြဲနိုင်သည်။

၎။ ပသဒ္ဓသဒ္ဓါ - ဉာဏ၀ိပ္ပယုတ်သဒ္ဓါမျိုး ဖြစ်သောကြောင့် ဖြစ်လွယ်ပျက်လွယ် သည်။ ယခုအခါမှာ ပသဒ္ဓသဒ္ဓါမျိုးသာ များကြကုန်၏။ အချို့သော ကျောင်းအမ ကျောင်းဒါယကာတို့သည် ဘုန်းကြီး၏ အကျင့်ကောင်းမကောင်းကို မစိစစ်ဘဲ အပေးအယူတည့်က ကြည်ညို၏၊ အပေးအယူလွဲသော အကြည်ညိုပျက်ကြ ကုန်၏။

၅။ မုဒ္ဓပသန္နသဒ္ဓါ - သဒ္ဓါတရားမဟုတ်၊ သဒ္ဓါမှလွတ်ကင်းသော ယုံကြည်မှု ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိရဲ့ တပည့်များသည် သူတို့၏ဆရာကို ယုံကြည်သောသဒ္ဓါဟု ဆိုပေသည်။ မိစ္ဆာဒိဋ္ဌိဆရာများသည် ယုံကြည်လောက်အောင် ဂုဏ်မရှိပါဘဲနှင့် မိုက်မဲသောတပည့်များက သံယောဇဉ်ကြောင့်သော်၎င်း၊ မျိုးရိုးအလိုက်သော်၎င်း ယုံကြည်ကြသဖြင့် မောဟလျှင် အကြောင်းခံသောကြောင့် မုဒ္ဓပသန္နသဒ္ဓါဟု ဆိုပေသည်။

သဒ္ဓါတရားဆိုတာ မွေးမြူရပေသည်။ မွေးမြူဆိုသော စကားသည် ယုံကြည်မှု ဖြစ်ပေါ်လာအောင် ၀ီရိယဖြင့် မိမိစိတ်ကို ပြုပြင်မှုပင်ဖြစ်ပေသည်။
ဥပမာ - အိပ်ရာဝင်တွင် ဘုရားမရှိခိုးချင်သော သူတယောက်သည် အတင်းရော အဓမ္မ မိမိစိတ်ကို လှုံ့ဆော်ကာ ဘုရားရှိခိုးလေလျှင် နောက်တနေ့၌ ၎င်းအချိန် ကျရောက်က သတိရလာလေ၏။ ရလာသော သတိအတိုင်း ပျင်းပျင်းနှင့် ထ၍ ရှိခိုးပြန်လျှင် နှစ်ကြိမ် ရှိခိုးမိလေ၏။ ဤနည်းအတိုင်း ဆက်ကာ ဆက်ကာ မပျက်မကွက် ရှိခိုးလို့လာဆင် တစတစ သဒ္ဓါတရားဖြစ်ပေါ်လို့ လာလေ၏။ ၎င်း သဒ္ဓါတရားသည် တနေ့ထက်တနေ့ စင်ကြယ်ကြီးမြင့်ပြီး ဗိုလ်ထိုက်သော သဒ္ဓါ အဖြစ်သို့ ရောက်နိုင်ပေ၏။
***
“ဥပဒေသ”

သဒ္ဓါတရားဖြစ်ပေါ်အောင် မွေးမြူပါ။ ဖြစ်ပေါ်လာသော သဒ္ဓါတရားကို တစတစ ကြီးကျယ်အောင် မြှင့်တင်ပြီး ဗိုလ်အဖြစ်သို့ ရောက်အောင်ပြုလုပ်ပါ။ သဒ္ဓါတရား ဖြစ်ပေါ်ရန် နည်းမှာ … ပထမ - ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိအောင် အားထုတ်ပါ။ ဒုတိယ - ထိုဂုဏ်တို့ကို ယုံကြည်မှုပေါ်လာအောင် အားထုတ်ပါ။ ယုံကြည်မှု ပေါ်လာတာကို သဒ္ဓါဖြစ်သည်ဟု ခေါ်သည်။

ဒုတိယအချက်၌ ဗိုလ်အဖြစ်သို့ရောက်အောင် ပြုလုပ်ပါဆိုသည်မှာ ယုံကြည်မှု ပေါ်လာသော သဒ္ဓါကို နောက်ဆုတ်သေးငယ်၍ မသွားစေဘဲ ဘာဝိတာ၊ ဗဟုလိကတာ ဆိုသည့်အတိုင်း အခါများစွာ အကြိမ်များစွာ ပွားများသည်ရှိသော် သဒ္ဓါသည် ရှေ့သို့တိုးပြီး ကြီးကျယ်ခိုင်ခန့်သဖြင့် ဗိုလ်စိတ် ပေါ်လို့လာပေ၏။ ဗိုလ်စိတ်နှင့် ဗိုလ်အလုပ် အားထုတ်ပြုလုပ်က ဗိုလ်အဖြစ်သို့ ရောက်ရပေလိမ့် မည်။
***
သဒ္ဓါဗိုလ်ကတော့ ဤမျှပါပဲ။ သာဓက၀တ္ထုဇာတ်ကြောင်းတွေတော့ ရှည်လျား နေမှာစိုးတာကြောင့် မဖော်ပြတော့ပါဘူး။ အတိုချုပ်ကောက်နုတ်ပြီး ဖော်ပြခြင်း မျှသာ ဖြစ်ပါတယ်။ ကျန် ဗိုလ် ၄-ပါးကို တပတ်ကျော်မှာ တပုဒ်စီ ဖော်ပြသွား ပါမယ်။
***
စာရိုက်ပြီးချိန်
၂၇၊ ဇွန်၊ ၂၀၀၇
၀၀း၀၃ နာရီ

4 comments:

Anonymous said...

Thanks for this post MaMay.
I wanna be Bo.
sometimes I am lazy to worship before bedtime.
I really like this post .

ကလိုစေးထူး said...

ဗိုလ်ထဲမှာမှ ဗိုလ် ငါးမျိုး။ အဲဒီအပြင် သဒ္ဓါဗိုလ်မှာကလဲ အမျိုးကွဲတွေ ရှိနေသေးတော့ ဗိုလ် ဆိုတာ တယ်လဲ အမျိုးများလှပါလားလို့ လျှောက်တွေးမိတယ်။ သဒ္ဓါတရားကို မွေးမြူနည်း ဥပမာကို သဘောကျမိတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် ဘုရားရှိမခိုးဖြစ်တာ တော်တော်ကြာနေပြီ။ တခါတခါတော့လဲ ပုဆိန်ပေါက် ရှိခိုးမိပါရဲ့။ အခု ရေးထားတာကို ဖတ်ပြီး သဒ္ဓါတရားကို မွေးမြူကြည့်လိုက်အုံးမလားဘဲ။ ဗိုလ်လုပ်ချင်လို့တော့ မဟုတ်ပါဘူး။ :D

NLS said...

No No I Dont wanna be Bo!
I just wanna be General! oh not enough ! Senior General ! he he.
Just Joke ama! :)

NLS said...
This comment has been removed by the author.