Friday, June 08, 2007

ကြိယာ ခြောက်ဆယ် အသွယ်သွယ် ....

pandora said...
မမေရေ .. ကြိယာခြောက်ဆယ် အသွယ်သွယ်တို့ဘာတို့ လာဦးမလား အဲဒါလေး ဝေပေးနိုင်ရင် အကျိုးရှိကြမယ် ထင်ရဲ့။ ရေးပြီးသား ဆိုလည်း ခွင့်လွှတ်ပါ။ မမေရှေ့ပိုင်းက စာတွေ လွတ်သွားတာတွေ ခုမှ လိုက်ဖတ်နေတုန်း။
6/06/2007 10:23 PM
***
တနေ့ကတင်တဲ့ ကိုပြူးကျယ်သို့ပေးစာ ပို့စ်မှာ … ပန်ဒိုရာက အထက်ပါအတိုင်း ကွန်မန့်ရေးထားပါတယ်။
အဲဒီကွန်မန့်ဖတ်ပြီး …
“ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းကထွက်သနည်း” ဆိုတဲ့ ကျည်းကန်ရှင်ကြီးရဲ့ အမေးကို ကျီးသဲလေးထပ်ဆရာတော် ပြန်ဖြေထားတဲ့ “စွယ်စုံကျော်ထင်ကျမ်းကြီး” သတိရလိုက်မိပါတယ်။ ကြိယာ ခြောက်ဆယ် အကြောင်းကတော့ ကိုပြူးကျယ်ပို့စ်အတွက် ဖတ်ရှုကိုးကားနေတဲ့ “ကဗျာ့စွယ်စုံ ကျမ်းကြီး” ထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့ သေချာအောင် စွယ်စုံကျော်ထင်ကျမ်း ကြည့်မယ်စိတ်ကူးပြီး ဒီမနက် အဖေနဲ့အတူ မနက်စာစားရင်း အဖေ့အခန်းထဲက စွယ်စုံကျော်ထင် ကျမ်းစာအုပ်မှာ လှန်လှောရှာဖွေ ဖတ်ရှုဖြစ်ပါတယ်။

စာအုပ်ဖတ်နေရင်း …. ကျမစိတ်ထဲမှာ ဒီကျမ်းတွေ စာပေတွေကို ရေးသားတဲ့ ဆရာတော်ကြီးတွေ၊ ပညာရှင်ကြီးတွေကို ဘယ်လိုကျေးဇူးတင်မိမှန်း မသိဘူး။ သူတို့တွေ ရေးသားခဲ့လို့ ဒီအဖိုးတန် ပညာရပ်တွေကို ကျမတို့လို နောက်လူတွေ ဖတ်ရှုနိုင်၊ လေ့လာနိုင်၊ ကိုးကားနိုင်တာ မဟုတ်လား။ ဒါကြောင့် စာဖတ်နေရင်း ကျေးဇူးတင် လေးစားကြည်ညိုစိတ်နဲ့ လက်အုပ်ချီမိတယ်။ တဆက်တည်းမှာပဲ ဒီစာပေတွေကို ဖတ်ခွင့်ရအောင် ဖတ်ချင်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျမ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျမလို အသိပညာ မပြည့်စုံသေးတဲ့ လေ့လာဆဲ လူတယောက်အတွက်တော့ ဒီစာအုပ်စာတမ်းတွေဟာ လက်လွှတ်လို့ မရတဲ့ အရာတွေပါပဲ။ စာရေးချင်တဲ့စိတ်ဟာ ဒီလို စာတွေဖတ်ပြီးတော့ ဖြစ်လာခဲ့ တာပါ၊ ဒါကြောင့် စာရေးဖြစ်တော့လည်း လိုအပ်တဲ့အခါ ဒီစာတွေကို ပြန်လည် ကိုးကားခဲ့ပါတယ်။ ဒီစာတွေဟာ ပစ်ပယ်ကောင်းသောအရာတွေမှ မဟုတ်တာဘဲ။

အခု … ပန်ဒိုရာရဲ့ ကွန်မန့် ကြောင့် စာအုပ်တွေကို ကျမပြန်လည်ရှာဖွေ ဖတ်ရှု ကိုးကားလိုက်ရပြန်ပါပြီ။

စွယ်စုံကျော်ထင်ကျမ်းက “အယ်” ကာရန်နဲ့ ပတ်သက်လို့ ရေးထားတဲ့ အခန်းမှာ ..

ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းက ထွက်သနည်း - ဟု မေးရာ၌ လင်္ကာကဗျာတို့၌ ဂိုဏ်းရွေးရာသည်ကို ပြသော က၀ိကဏ္ဌပါသ ကျမ်းက ထွက်၏ဟူပေ။ ၎င်းကျမ်း၌ ကြိယာကို ၆၄-လုံးဟု ဆိုသည်။ ဤ၌ လင်္ကာဖြစ်၍ စကားပြေပြစ်စိမ့်သောငှာ အစွန်း ၄-လုံးကို မယူဘဲ ကြိယာ ၆၀-ဟူ၍သာ စပ်လေသည်။

လို့ဖော်ပြထားပါတယ်။ တကယ်တော့ ရေးထားတာ အများကြီးကျန်ပါသေးတယ်။ စွယ်စုံကျော်ထင်ကျမ်းထဲက ကောက်နုတ်ချက်ကို ဒီလောက်နဲ့ရပ်ပြီး ကဗျာ့စွယ်စုံ ကျမ်းထဲက ထပ်မံကောက်နုတ် ဖော်ပြပါဦးမယ်။

က၀ိကဏ္ဌပါသ လင်္ကာကျမ်းကို ရေးသူ နှစ်ဦး၊ မူကွဲ နှစ်မျိုးရှိပါတယ်။
ညောင်ရမ်းမင်းဆယ်ဆက် စနေမင်းလက်ထက်က အင်းဝမြို့ ရွှေကြက်ယက် ကျောင်းတိုက်နေ ရှင်ဥက္ကံသမာလာ စီရင်ရေးသားတဲ့ က၀ိကဏ္ဌပါသ လင်္ကာကျမ်း မှာတော့ ကြိယာ ၆၀-ကို ခုလို လင်္ကာစီပြီး ရေးသားထားပါတယ်။

မဉ္ဖူဘုန်းမော်၊ ပွင့်ချိန်မြှော်သည်၊ ဗန်းမော်ခေါင်ထိ၊ တုမရှိသည့်၊ က၀ိ ကဝေ၊ စောမြုတေ။ နှစ်ထွေလင်္ကာ၊ ကျမ်း၌လာသား၊ နည်းနာနယ၊ ၀ိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့်ကဗျာ၊ ကိရိယာတွင်၊ သမာသေန၊ မူလမဇ္စျေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညှင်း၊ ကျွန်ုပ်ခင်းပိမ့် -
လျှင်, လျှင်း, မူကား၊ ၀ယ်, သား, တမင့်၊ ……. ….. ….. (၆)
ချိမ့်,ဖြင့်, တွင်, ၏၊ ပိမ့်, လှည့်, မည်, အံ့၊ ……. …. …… (၈)
လော, တုံ, မံ့ (တည့်)၊ သော်, ခံ့, ဘူး,သော၊ … … …. .. (၇)
မူလော, ရကား၊ မူ, အား, မှ, က၊ …. …. …. …. …. …… (၆)
လိမ့်စွ, တံ့, လည်း၊ တိ, တည်း, ချည်း, ဟု၊ …. …. …. …. (၇)
ခဲ့, နည်း, နှိုက်, လျက်၊ ကြောင့်, ထက်, မို့, လည်၊…. …… (၈)
စမ့်, သည်, စိမ့်(နှင့်)၊ တုံး, လိမ့်, တည့်,တော့၊ …. ……… (၇)
ကား,လော့,ရွေ့, သို့၊ မျှ, တို့, ငှာ, ရှင့်၊ …. ….. ….. ……. (၈)
တမုံ့, နှင့်, ကို၊ ………… ……….. ………………. ………….. (၃)
ရှင်ပင့် ဉာဏ်တော်၊ ထွန်းပေါ်ကျယ်ချဲ့၊ ယှဉ်ခဲ့တတ်တော်မူဘုရား။

ကော်မာ နဲ့ ကြားခံ ရေးထားတဲ့ တလုံးချင်းဟာ ကြိယာတလုံးစီပါပဲ။ လက်သည်းကွင်း(….) ထဲက စာလုံးတွေကတော့ လင်္ကာစီတဲ့နေရာမှာ လိုအပ်လို့ ဖြည့်ထားတဲ့ စာလုံးတွေမို့ ထည့်ပြီး ရေတွက်ဖို့ မလိုပါဘူး။ ဘေးနားက ဂဏန်းတွေ စုစုပေါင်းရင် ၆၀-လုံး ဖြစ်ပါတယ်။ ဒီ ၆၀-လုံးဟာ ရတု ကဗျာ လင်္ကာ ရေးသား သီကုံးရာမှာ အဆုံးသတ်ရ ချရတဲ့ ကြိယာတွေလို့ ဆိုထားပါတယ်။

နောက်တခါ တောင်တွင်းကြီးစီရင်စုမြို့ လုလင်မြို့ဖွား၊ ငယ်မည်မောင်ညို၊ ရဟန်းဘွဲ့ ရှင်မဟာသီလ၀ံသ ရေးသားစီရင်တဲ့ က၀ိကဏ္ဌပါသ လင်္ကာကျမ်းမှာတော့ ကြိယာ ၆၄-ပါး ကို ခုလို ဖော်ပြထားပါတယ်။

(၁) အ - ကာရန် … အ၊ အာ၊ အား ……….. …… (၃)
(၂) ဣ - ကာရန် … အိ၊ အီ၊ အီး ………….. ……. (၃)
(၃) ဥ - ကာရန် … ဥ၊ ဥူ၊ ဥူး ………………….. (၃)
(၄) ဧး - ကာရန် …အေ၊ အေ့၊ အေး …………. (၃)
(၅) အဲ - ကာရန် … အဲ၊ အဲ့၊ အဲး ………………. (၃)
(၆)အော - ကာရန် ..အော်၊ အော့၊ အော …… (၃)
(၇) အက် - ကာရန် … အက် အောက်၊ အိုက် …(၃)
(၈) အင် - ကာရန် … အင် အင့် အင်း၊
………………………….အောင် အောင့် အောင်း၊
…………………………. အိုင် အိုင့် အိုင်း၊ …………(၉)
(၉) အစ် - ကာရန် …. အစ် ……………………… (၁)
(၁၀) အည် - ကာရန် .. အည်၊ အည့်၊ အည်း … (၃)
(၁၁) အဉ် - ကာရန် …. အဉ်၊ အဥ့်၊ အဉ်း ……. (၃)
(၁၂) အတ် - ကာရန် … အတ်၊ အိတ်၊ အုတ် … (၃)
(၁၃) အန် - ကာရန် …. အန် အန့် အန်း၊
……………………………. အိန် အိန့် အိန်း၊
…………………………….. အုန် အုန့် အုန်း၊ …… (၉)
(၁၄) အပ် - ကာရန် ….. အပ်၊ အိပ်၊ အုပ် …… (၃)
(၁၅) အမ် - ကာရန် ….. အမ် အမ့် အမ်း၊
…………………………….. အိမ် အိမ့် အိမ်း၊
…………………………….. အုမ် အုမ့် အုမ်း၊ ……. (၉)
(၁၆) အို - ကာရန် ……. အို အို့ အိုး။ …………...(၃)
============== စုစုပေါင်း …………. (၆၄) လုံး ဖြစ်ပါတယ်။
***
ဒါဆိုရင် ကြိယာ ၆၀ နဲ့ ပတ်သက်လို့ အသင့်အတင့် သိလောက်ပြီ ထင်ပါရဲ့။
ဒီစာကို ရေးဖြစ်စေဖို့ ကွန်မန့်ရေးသူ ပန်ဒိုရာ၊ ကျည်းကန်ရှင်ကြီး၊ ကျီးသဲလေးထပ် ဆရာတော်ဘုရားတို့နှင့်တကွ ကျမရဲ့အနီးအပါးက ကိုးကားစရာ စာအုပ်စာတမ်း များအတွက် ကျမ၏ ချစ်လှစွာသော ဖခင်ကြီးတို့အား ကျေးဇူးတင်ပါကြောင်း။
***
မေတ္တာဖြင့်

မေဓာဝီ
၈၊ ဇွန်၊ ၂၀၀၇
နံနက် ၁၀ နာရီ ၁၅ မိနစ်

ကိုးကား။ … ။
(၁) ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ စွယ်စုံကျော်ထင်ကျမ်း၊
(၂) ဓမ္မာစရိယဦးထွန်းရွှေ၏ ကဗျာစွယ်စုံကျမ်းကြီး။

3 comments:

Anonymous said...

Thanks again, ma may.
for sharing knowledge.

naing said...

ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ ဖတ်မှတ်သွားပါသည် ။

pandora said...

ခုလို ပန်ဒိုရာ့ စကားလေး အလေးထား ဝေမျှတဲ့ မမေကို အာဘွားးးးးးးးးးးးး)))