Wednesday, June 06, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၄)

သို့
ကိုပြူးကျယ် ...

ပေးစာတွေ မရေးဖြစ်တာ နည်းနည်းကြာသွားလို့ စိတ်ခုနေပြီလား မသိ။ ကျမလည်း ဟိုဟို ဒီဒီ အလုပ်ရှုပ် (ချင်ယောင်ဆောင်)နေလို့ ပေးစာကို ခဏ လျစ်လျူရှုထားမိပါတယ်။ တကယ်တော့ လက်ကသာ မအားပေမဲ့ စိတ်ကတော့ အမြဲရှိပါတယ်။ ဒါကြောင့်လည်း ကျမကွန်ပျူတာ ဘေးနားက စာအုပ်စင်ပေါ်က ကဗျာ့စွယ်စုံကျမ်းကြီးကို တနေ့သုံးခါ (အနည်းဆုံး) မျက်စောင်းထိုး ကြည့်နေမိ ပါတယ်။ ကြည့်သာကြည့်မိ လက်ကမရောက်တော့ လျစ်လျူရှုသလို ဖြစ်သွားခဲ့ရ တာပါပဲ။
ဒီနေ့တော့ဖြင့် မျက်စောင်းထိုးရုံမျှမက … ဆွဲကိုင်ယူငင်ပြီး ရေးလိုက်ပါပြီရှင် … ။ ဖတ်ကြည့်ပါဦး …နော်။
***
ဒီကနေ့ ဖော်ပြမယ့် အခန်းကတော့ လေးလုံးစပ်ကဗျာခန်းမှာမှ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ရတုစပ်နည်းက တော်တော်လေး ကျယ်ပြန့်ပါတယ်။ ရတုကဗျာရဲ့ သဘောလက္ခဏာကို အကုန်အစင် သိပြီးရင်တော့ ပျို့၊ မော်ကွန်း၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း အကုန်လွယ်ကူ နားလည်နိုင်မယ်လို့ အမှာစကားမှာ ရေးသားထားတာ တွေ့ရပါတယ်။

I. ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် …
(၁) သဘင်၊ အခမ်းအနား၊ အခြေအနေ စတဲ့ အနက်အဓိပ္ပါယ်တမျိုး၊
(၂) အခါရာသီ ဆိုတဲ့အနက်ကိုဖော်တဲ့ သက္ကဋဘာသာ ရိတုက ရွေ့လျောလာတဲ့ အနက်အဓိပ္ပါယ်တမျိုး၊
(၃) စီကုံးဖွဲ့ဆိုအပ်တဲ့ ကဗျာလင်္ကာ ကို ဖော်ပြတဲ့ အနက်အဓိပ္ပါယ်၊
စသဖြင့် ၃-မျိုးရှိပါတယ်။

ဒီလို ၃-မျိုး ၃-စားရှိတဲ့ ရတု အဓိပ္ပါယ်တွေကို ခုလို ကောက်နုတ်ဖော်ပြထားတာ လည်း စိတ်ဝင်စားစရာပါ။

(၁) ရတု ဥပမာ -
* ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်းရတုဖြင့်၊ ရွယ်နုထွားမွတ် … ။
* ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ရတုသဘင်၊ ပဉ္စင်တူရိယာ …. ။
*မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေရတုဝယ်၊ ပြည်သူ့ဦးခေါင်း …. ။
* သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင်ရတု၊ မင်းမှုပိုက်ဖြား …. ။
* စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်းရတုဖြင့်၊ မင်းမှုမင်းလျှောက် … ။


(၂) ရတု ဥပမာ -
* သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ရတုခြောက်လီ၊ ရာသီသာစွာ့၊ ဆဲ့နှစ်လတွင်။
* မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေရတု၊ ညီသမှုဖြင့်၊ တောင်သူ့တောသား။
* နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ရတုသစ်ဆင်း။
* နယုန်တွယ်တာ၊ နံကာပန်းလု၊ ရတုသစ်ဆင်း၊ တော်သလင်းလျှင်။
* ဂိမန္တဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ။


(၃) ရတု ဥပမာ -
* တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာရတု၊ ရေးသားမှုနှင့်။
* သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာရတု၊ ဆိုမှုရွရွ။
* ၀ှန်တက်ပညာ၊ လင်္ကာရတု၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့်။
*ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား။
*အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်းရတု၊ ပျော်မှုတသီး။

စသဖြင့် …ဖော်ပြထားပါတယ်။ ဒါကို ထည့်ပြီး ရေးပေးရတာကတော့ ရတု ဆိုတာ ဤကဲ့သို့ အဓိပ္ပါယ်အသီးသီး ရှိတယ်ဆိုတာ သိစေချင်လို့ပါပဲ။ ဒီနေရာမှာ ကြုံကြိုက်လို့ ကျမအဖေ ကြုံခဲ့ရဖူးတာလေး ပြောပြချင်ပါတယ်။ အဖေက သူ့ရဲ့ ကဗျာတပုဒ်မှာ …

ဥတုသုံးလီ၊ ရာသီနွေလ
မိုးမှ တတန်၊ ဆောင်းရောက်ပြန်။
ဖန်ဖန်ရွေ့လျော၊ ဒီသဘောနှင့်
သဘာဝတ္ထ၊ နိယာမကို
သိကြမြင်ရှု၊ ရတုအညီ .. တခုစီ
ဖြစ်တည်ပျက်ချုပ်၊ မဆုတ်မနစ်
အသစ်သစ်မို့ …
နှစ်သက်စဖွယ် …မြတ်နိုးဖွယ် … ။

“ရတုအညီ၊ တခုစီ …” ဆိုပြီး စပ်ဆိုထားပါတယ်။ အဖေ ဆိုလိုတဲ့ ရတုက ရာသီ အချိန်အခါဆိုတဲ့ အနက်ကိုဖော်ပြတဲ့ရတုပါ။ ဒါကို တခြားတဦးက နားမလည် တော့ အဖေ့စာသား မှားနေတယ်ဆိုပြီး ဥတုအညီ - တခုစီလို့ ပြင်လိုက်ပါသတဲ့။ အဲဒီလိုပြင်သူဟာ ဂီတစာဆိုအမည်ခံ တဦးဖြစ်ပါတယ်။ ကဲ … ဘယ်လိုလုပ်မလဲ နော်။

ရတုဆိုတဲ့ အသုံးကို ဆရာကြီးမင်းသုဝဏ်ရဲ့ “ခါနွေဆန်းတော့လွမ်းမိတယ်” ကဗျာ မှာလည်း သတိထားမိဖူးပါတယ်။

ဆန်းစခါနွေ၊ သာတပေါင်းမို့ ညှာညောင်းကြွေ
ပြေပြေရောရု၊ မြအသွေး ရွှေရေးလုလို့
ရတုအညီ၊ မြေသို့သက်တဲ့ ရော်ရွက်ရီကို … ….

ဒါကတော့ ကဗျာ့စွယ်စုံကျမ်းမှာ မပါတဲ့ ကျမရဲ့ ဥပမာ ဆိုပါတော့။ အဲဒါခဏရပ် လို့ ဆက်ပြီးပြောကြပါစို့။

II. အမည်အားဖြင့် ပြီးတော့ … အမျိုးအစားအားဖြင့် …
(၁) ဧကပိုဒ်ရတု
(၂) အဖြည့်ခံရတု
(၃) ပိုဒ်စုံရတု … ဆိုပြီး ၃ မျိုး ရှိပါတယ်။

အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ …

က) သုံးချက်ညီ ပိုဒ်စုံ
ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
ဃ) စကြာ ပိုဒ်စုံ
င)တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချ အစပ်ကာရန် ကွဲပြားသောအားဖြင့် ငါးမျိုး ထပ်ခွဲပါတယ်။

III. ပိုဒ်ရေအားဖြင့် …
အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ် အပါအ၀င် အနည်းဆုံး ၇ ပိုဒ်မှ ၁၀၈ ပိုဒ် အထိ ထားရှိနိုင်ပါတယ်။

IV. အချီအချအားဖြင့် …
(၁) ထူးဆန်းထွေလာ - သုံးပိုဒ်လုံး အရှည်အတို မညီ။ အချီအချ မတူ။
(၂) ညွန့်ရှင် - အသတ်ရှိသော စာလုံးဖြင့်သာ ချခြင်း။
(၃)ပေါက်ပြ - အသတ်အက္ခရာ ပါ-မပါ အချီအချ ညီမျှခြင်း။
(၄) ငုံဖူး - ၍ ဟူသောအက္ခရာ မပါစေဘဲ ချီချခြင်း။
(၅) ပုလဲသွယ် - အသတ်အက္ခရာ၊ ၍-အက္ခရာပါစေပြီး ချီချခြင်း။
(၆) လည်ကုပ်ချီ -ရှေ့ပုဒ်၏ ဒုတိယအက္ခရာ တတိယအက္ခရာ တမျိုးမျိုးကို အဓိပ္ပါယ်ယူပြီး နောက်ပိုဒ်တွင် ချီခြင်း။
(၇) အဖျားကောက် -ရှေ့ပုဒ်၏ အချတွင်ပါသော အက္ခရာကို၎င်း၊ အဓိပ္ပါယ်ကို ၎င်း အဖျားမှကောက်ယူ၍ ချီခြင်း။
(၈)ရွှေလောင်းပျံ - က, စ, တ, ယ, ပ, ရ, မ အက္ခရာတို့ဖြင့် ချီချခြင်း။
(၉)သော်တာရောင် - အသတ်တူ၊ အသံတူ၊ ကာရန်တူ ချခြင်း။
(၁၀) ကက္ကူဆူး - သုံးပိုဒ်လုံး အရှည်အတို ညီမျှ၍ အချီအချ ကာရန် မညီခြင်း။
(၁၁)နေရောင်ခြည်ပြေး - က, တ, ထ အက္ခရာ တလုံးလုံးဖြင့် ချခြင်း။
(၁၂)ဖျောက်ဆိပ်လလယ် - ၀ဏ္ဏ တလုံးတလုံးကြားတွင်ပါ၍ အသတ်အက္ခရာ ဖြင့် ချခြင်း။
(၁၃) ညွန့်ဟုံ - ၀သတ် အက္ခရာများ၍ ချခြင်း။
(၁၄) ခိုင်ညွန့်ခက်ဖြာ - ၇-လုံးဖြင့် ချခြင်း။
(၁၅) မဏိဆံကျင် - ၉-လုံးဖြင့် ချခြင်း။
(၁၆) အာသာဝတီဝစ္ဆံ - ၁၀-လုံးဖြင့် ချခြင်း။
(၁၇) မဏိဦးပြည်း - ၁၅-လုံးဖြင့် ချခြင်း။
(၁၈)ဇော်တခိုင်လုံး - ၁၉-လုံးဖြင့် ချခြင်း။
(၁၉) မပြတ်ကေသာ - ၂၅-လုံးဖြင့် ချခြင်း။
(၂၀) ဇမ္ဗူ့သပြေသီးမှည့် - ၃၅-လုံးဖြင့် ချခြင်း။
……..(အဲဒီထက် ပိုပြီး မချရဘူးလို့ ဆိုထားပါတယ်။)
(၂၁) ချိန်ခွင်လျှာ - ပထမပိုဒ်နှင့် တတိယပိုဒ်ကို သံတူချပြီး ဒုတိယပိုဒ်ကို သံကွဲချခြင်း။
(၂၂) ဘီလူးရယ် - သရူပ၊ သ၀ဏ္ဏ ဖြစ်သော အက္ခရာ အသတ်အသံတို့ဖြင့် လှီးလွဲပြုခြင်း။
(၂၃) စာကျိုး - (င) နှင့် (ည), (တ) နှင့် (ပ), (န) နှင့် (မ), စပ်ခြင်း ချီချခြင်း။
(၂၄) စာဆန်း - အထက်ပါနည်းတို့မှ တပါး ထားလိုတိုင်း အက္ခရာတို့ဖြင့် ချီချခြင်း။ အသတ်အသံ ကာရန် မညီညွတ်ခြင်း။
(၂၅) စာတုံး - (င) နှင့် (ည), (တ) နှင့် (ပ), (န) နှင့် (မ) စပ်ခြင်း၊ ချီချခြင်း။ (စာကျိုးနှင့် တူသည်။)

အဲဒီ ၂၅ မျိုးကတော့ က၀ိကဏ္ဍပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး ပါပဲ။
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းလာ ရတု အချီအချ ၄၁-မျိုး လည်း ရှိပါသေးတယ်။ အဲဒါကိုတော့ များလွန်းလို့ ရိုက်မပြနိုင်တော့ပါဘူး။ ရတုရေးဖွဲ့နည်းတွေကလည်း များလွန်းလှတာမို့ ဒီတပတ်တော့ ဒီလောက်ပဲ ဖော်ပြလိုက်ပါရစေလို့ … ကိုပြူးကျယ်နဲ့တကွ … မြန်မာကဗျာချစ်သူ အပေါင်းကို တောင်းပန်လိုက်ပါတယ် ရှင် … ။
***
မေတ္တာဖြင့်

မေဓာဝီ
6. 6. 2007
10:00 am

5 comments:

s0wha1 said...

ကိုပြူးကျယ်ဆီ ပေးတဲ့စာကိုတော့ ပျင်းလို့ အကုန် မဖတ်ဘူးဆိုရင် မမေ စိတ်ဆိုးနဲ့နော်...:P
ဟီဟီ...ကိုပြူးကျယ်ကတော့ ဖတ်ပြီး ပျော်နေမှာပေါ့ ညီမကတော့ ဒီလိုနေ့ဆို မမေရဲ့ အစ နဲ့ အဆုံးမှာ ရေးထားတဲ့စာလေးပဲ ဖတ်တာ အကျင့်ကိုဖြစ်နေပြီ...:D

Anonymous said...

Thanks very much, mamay.
Let me link this post on forum page.
thanks again.

pandora said...

မမေရေ .. ကြိယာခြောက်ဆယ် အသွယ်သွယ်တို့ဘာတို့ လာဦးမလား အဲဒါလေး ဝေပေးနိုင်ရင် အကျိုးရှိကြမယ် ထင်ရဲ့။ ရေးပြီးသား ဆိုလည်း ခွင့်လွှတ်ပါ။ မမေရှေ့ပိုင်းက စာတွေ လွတ်သွားတာတွေ ခုမှ လိုက်ဖတ်နေတုန်း။

ကလိုစေးထူး said...

ဒီပို့စ်ကို အသေအချာ တလုံးမကျန်ဖတ်ပြီးတော့ ခေါင်း ရှုပ်သွားတယ်။ ပိုဒ်စုံရတု မှာ အချီအချပိုဒ်အပါအ၀င် အနည်းဆုံး ၇ ပိုဒ်ကနေ အများဆုံး ၁၀၈ ပိုဒ်အထိ ထားစပ်ရတယ်ဆိုတာ အခုမှပဲ သိတယ်။ ကြံကြံဖန်ဖန်စဉ်းစားမိတာက ၁၀၈ ပိုဒ်ရှည်တဲ့ ကဗျာကိုသာ ဖတ်ရမယ်ဆိုရင် ...အားပါး.. အိပ်ပါပျော်သွားလေမလားဘဲ။ :D

Mc w@i y@n ! said...

မမရေ ဖတ် ရတာ အရမ်းကောင်းလို့ 
မောင်လေး စာစီစာကုံး ရေးဖို့ နည်းနည်း
မှတ်သွားပါတယ် နော်
ရတယ် မလားအမ
မောင်လေးက တောင်ကြီးကပါ

န၀မတန်း တတ်နေတာပါ
မမဆိုဒ်လေးကို မကြာမကြာ
ရောက်ဖြစ်တယ်
မမရေးတဲ့ စာတွေက သဘာဝ
ထဲက အကြောင်းလေးတွေ
ကိုကြုံတွေ့ ရတာလေးတွေ ရေးတော့
အဲဒါလေးတွေ ကိုသဘောကျလို့ လာဖတ်ဖြစ်ပါတယ်

ပျော်ရင်ပါစေနော်