Wednesday, May 02, 2007

ပြန်စာများ ...

အင်တာနက်နဲ့ ရက်အနည်းငယ်မျှ ကင်းကွာနေပြီး ပြန်လည် အသုံးပြုခွင့် ရတဲ့အခါမှာ ကျမဘလော့ကို လာလည်ကြသူများရဲ့ ကွန်မန့်တွေ ကျမ မေးလ်ဘောက်စ်ထဲ ရောက်နေပါတယ်။ တချို့ကွန်မန့်တွေက ဟိုးအရင် ပို့စ်တွေမှာ ရေးထားတာဆိုတော့ အဲဒီပို့စ်နေရာမှာ ပြန်သွားရေးရင် ဖတ်ဖို့ ခဲယဉ်းနိုင်တာကြောင့် ခုလို ပြန်စာ အနေနဲ့ ပို့စ်သတ်သတ် တင်လိုက်ရခြင်းဖြစ်ပါတယ်။

ဒီအိုင်ဒီယာကတော့ သွားလေသူ ကျမသူငယ်ချင်း မမဗန် ခေါ် ဗန်ပိုင်ယာကို အတုခိုးခြင်းပါပဲ။ သူဟာ တချိန်က ပလန်းနက်ဖိုရမ်မှာ “မောင်ညင်မလေးတို့ရေ …” လို့ အစချီပြီး မမဗန်ရဲ့ ပြန်စာ အစီအစဉ်ကို အမြဲ ရေးသားလေ့ရှိပါတယ်။ သူ့ရဲ့ ပြန်စာလေးတွေက ဖတ်သူအားလုံး စိတ်နှလုံးကို ရွှင်ပြုံးစေခဲ့ပြီး လူတိုင်း နှစ်သက်ကြပါတယ်။ ကျမလည်း သူ့ကို သတိရလို့ သူ့ပုံစံ အတုယူပြီး ပြန်စာအစီအစဉ်ကို ရေးလိုက်ပါပြီ။ သူ့လို ဟာသတွေ မဖန်တီးတတ်တာကြောင့် ကျမရဲ့ ပြန်စာကတော့ တုံးတုံးတိတိ ရိုးရိုးကြီးသာ ဖြစ်နေမှာပါပဲ။
ဖတ်ကြည့်ကြပါအုံး … ။
***
brokenworld has left a new comment on your post "ပြောင်းလဲသွားသော ရာသီမှာ …": မမေဓါဝီ...ဒီပို့စ်မှာရေးထားတဲ့ ကဗျာလေးကိုကြိုက်လို့ ဖိုရမ်တစ်ခုမှာယူပြီးသုံးချင်လို့ပါရှင်... အသုံးပြုခွင့်ပေးနိုင်မလားရှင်...ကျေးဇူးတင်ပါတယ်ရှင် :)
4/23/2007 9:49 PM

ဟုတ်ကဲ့ broken world ရှင့်။ ဒီပို့စ်မှာရေးထားတဲ့ ကဗျာကို ယူသုံးလို့ရပါတယ်။ ဘယ်ဖိုရမ်မှာ သုံးမယ် ဆိုတာတော့ သိပါရစေ။ ယူသုံးပြီးရင် လင့်ခ်ကလေးတော့ ပေးခဲ့ပါအုံးနော်။ တခုရှိတာက … ဒီကဗျာကို ဘလော့မှာတင်စဉ်က မူရင်းရေးထားတဲ့ ကဗျာကို ရှာမတွေ့တဲ့အတွက် မှတ်မိသလောက် ပြန်ချရေးပြီး တင်လိုက်တာပါ။ တကယ့်မူရင်းကို ပြန်ရှာလို့ တွေ့ပြီမို … အပြည့်အစုံ ပြန်ရေးပေးလိုက်ပါတယ်။

‘ငိုနေသောနှင်းစက်များ’
*လေကလည်းရူး …နေကလည်းစူး
သြော် …နွေကပဲ ဦးသွားခဲ့ပြီလား။
အမူးသမားတယောက်
အိပ်မက်ထဲ လမ်းထလျှောက်သလိုမျိုး
ယိုင်တိယိုင်ထိုးနဲ့
နွေရဲ့ ကန့်လန်ကာတချပ် … လှပ်ခဲ့ရပြန်ပေါ့။
* တပေါင်းနွေရဲ့ အပူဟာ
ဆောင်းနေနဲ့မှ မတူတာ။
အပူပြင်းပြင်း … အပြင်းပူပူ
နှင်းတွေထူတဲ့ မနက်ဖက်
ဆောင်းဟာ နှုတ်ဆက်တာလားကွယ်။
*ဆောင်းကပြေးမှတော့
နှင်းနဲ့လည်း ဝေးရတော့မှာပေါ့။
ဆောင်းကနှုတ်ဆက်မှတော့
နှင်းကလည်း ထွက်ခွါတော့မှာပေါ့။
မခွဲခွါခင် … ၀န်းကျင်တခုလုံး
နှင်းဖုံးတဲ့အလှနဲ့
လောကကြီးကို နှုတ်ဆက်ဦး
တရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ်လေ။
* နှင်းလားမြူလား … ခွဲခြားရခက်
ဆောင်းနှောင်းနွေ နံနက်ခင်း
ရင်ကိုတင်းကျပ်စေခဲ့တယ်။
ဝေနေတဲ့ နှင်းမျက်ရည်
သစ်ရွက်လေးတွေမှာခို
အို … နှင်းရယ် မငိုပါနဲ့ … ။ … ။

5th March, 1993
7:00 pm
(၁၉၉၃-မတ်လ ၁-ရက်နေ့သို့) လို့ ရေးထားပါတယ်။
***
s0wha1 has left a new comment on your post "ကျီးကန်း နှင့် ထန်းသီး": မမေ...ညီမက sky_pyar or s0wha1 ပါ...ဖိုရမ်က www.padonma.com/forum ပါ...ကြိုကီးကလိုစေးထူးလည်း အဲ့ဒီဖိုရမ်ရောက်နေပါတယ်...(+++++) မမေ လည်း အဲ့ဒီဖိုရမ်ကိုလာမယ်လို့ သိရပါတယ်...ညီမ တခု တောင်းဆိုချင်တာက မမေရဲ့ ဂျီတော့ခ် လိပ်စာလေး ရနိုင်မလားလို့ပါ...ကျေးဇူးတင်ပါတယ်...
4/23/2007 9:31 PM

ညီမလေး စကိုင်းပြာ …လောလောဆယ်တော့ ဘယ်ဖိုရမ်ကိုမှ မလာအားသေးလို့ပါ …နော်။
အားတဲ့အခါတော့ လာပါ့မယ်။ မမေရဲ့ ဂျီမေးလ်လိပ်စာက
maydarwii@gmail.com ပါ။
***
ကလိုစေးထူး has left a new comment on your post "ဥပုသ် ဆိုတာ …": အခုနောက်ပိုင်းမှာ တချို့သော ရဟန်းတော်တွေဟာ မမေဓာဝီ ပြောခဲ့သလို ဆင်ခြေမျိုးနဲ့ ညစာ စားတတ်တာ အပြင်၊ (ခေတ်ကြောင့်ပဲလားတော့ မသိ) တချို့ သံဃာတွေ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် သောက်သူသောက်၊ အအေးသောက်သူသောက်၊ တချို့ဆို ဆိုင်က ဖွင့်ထားတဲ့ သီချင်းကို လိုက်ညည်းတာကိုပါ တွေ့ခဲ့ရဖူးပါတယ်။ ခေတ်ကိုက ဒီလိုဖြစ်နေပါလားလို့ ပြောတော့မလားတော့ မဆိုနိုင်။ ဒီပို့စ်ကို ဖတ်ရတော့ ဥပုသ်ဆိုတာရဲ့ အကြောင်းကို စေ့စေ့ငင သိသွားရတယ်။ မေးတော့ မမေးတော့ပါဘူးဗျာ။ ကျနော်က တခုခုမေးလိုက်ရင် အမအဖေမှာ ဦးနှောက်စားနေရမယ်။ :P လူကြီးကို ဒုက္ခမပေးချင်လို့။ Posted by ကလိုစေးထူး toတွေးမိတွေးရာ ..ရေးမိရေးရာ at 4/23/2007 3:21 AM

Pi Si has left a new comment on your post "ဥပုသ် ဆိုတာ …": ကို ကလိုစေးထူး မေးမဲ့ မေးခွန်းကို ရော .. မ မေဓာဝီ ဘလော့ က ဖြေမယ့် အဖြေကိုရော အလွန်တရာစိတ်ဝင်စားပါတယ်..ကျေးဇူးပြုပြီးမေးစေလိုပါတယ်.. အသိပညာဝေမျှနိုင်မယ့် သဘောပေါ့ Posted by Pi Si toတွေးမိတွေးရာ ..ရေးမိရေးရာ at 4/23/2007 10:30 AM

ကိုသံလွင်ပြောတာ ဟုတ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျမတို့ဘေးလူတွေမှာ အမြင်မတော်ပေမဲ့ မပြောဝံ့ကြပါဘူး။ မပြောရဲတာ၊ မပြောချင်တာ၊ အမုန်းခံရမှာစိုးတာ၊ အနေသာကြီးလို့ သဘောထားပြီး ဥပေက္ခာပြုတာ … ဒီလိုနဲ့ မပြောဖြစ်ကြပါဘူး။ မပြောဘဲထားတော့ ပိုဆိုးတယ်။ ဒီတော့ ဘာသာခြားတွေအနေနဲ့ အထင်အမြင် သေးနိုင်ပါတယ်။ ဒီ့ထက်မက ပိုဆိုးတဲ့ ပါရာဇိကဏ် တွေတောင် အလွယ်တကူ ကျူးလွန် နေကြတာ ကျမတို့ သိနေ ကြားနေရပါတယ်။
သိနေကြားနေသော်လည်း …. ဘယ်နေရာမဆို အကောင်းအဆိုး ဒွန်တွဲနေတာချည်းမို့ ….
မြတ်စွာဘုရားရဲ့ သာသနာတော်ကို သန့်ရှင်းစွာ တည်တံ့အောင် ကြိုးစားနေကြသူတွေ ရှိသလို ဒီအထဲမှာလည်း စုန်းပြူးတွေ ရှိကောင်းရှိမှာပဲလို့ … သက်ပြင်းချရင်း မျက်နှာလွှဲနေမိပါတယ်။
ပိစိပြောသလိုပဲ …မေးချင်တာရှိရင် အားမနာတမ်း မေးနိုင်ပါတယ်။ ကျမ သိရင် ကျမ ဖြေပေးပါမယ်။ မသိရင် သိတဲ့သူတွေကို မေးနိုင်ရင်မေး ပေးပါမယ်၊ မမေးနိုင်လည်း ကိုးကားစာအုပ်တွေ ရှာဖွေ ဖြေကြားပေးပါ့မယ်။ လုံးဝ မသိတော့လည်း မသိဘူးလို့ ပြောပါ့မယ်ရှင်။
***
ကလိုစေးထူး has left a new comment on your post "ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ အပိုင်း (၅)": ဒီစာကို ဖတ်ပြီးတော့ ဘကြီးဘဘေဟာ အနာဂတ်ကို လှမ်းမြင်ရေးသားခဲ့လေရော့သလားတောင် ထင်ရတယ်။ ပြင်ညာဆိုတဲ့ သုံးနှုံးတဲ့ ကျောင်းဆရာရဲ့ စကားကလည်း မြန်မာပြည် လက်ရှိအခြေအနေနဲ့ ထပ်တူ ထပ်မျှပါပဲလား။ ကျနော့်မေမေလည်း တခါပြောဖူးတယ်။ `ဒီခေတ် ကလေးတွေဟာ ပညာရေးပြဌာန်းချက် စမ်းသပ်ပြုပြင်ခြင်းရဲ့ အစမ်းသပ်ခံ ဓားစာခံလေးတွေ ဖြစ်နေရတယ်´ တဲ့။ အထက်တန်းအဆင့်ဆိုရင်လည်း တော်ကြာနေ ၀ိဇ္ဇာတွဲ၊ သိပ္ပံတွဲ ခွဲလိုက်၊ အခြေအနေမဟန်တော့ ပြန်ပေါင်းလိုက်၊ ပေါင်းလို့ မကောင်းတော့ တခါ ပြန်ခွဲလိုက်နဲ့ မုန့်လုံးစက္ကူကပ်သလို ပညာရေးစနစ်ကြီးထဲမှာမှ ထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်တွေ ပေါ်ထွက်လာတာကိုက သူတို့လေးတွေကို ချီးကျူးစရာ တော်တော်ကောင်းနေပါပြီ။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကထင်တယ်။ ကောင်လေးတယောက် မြန်မာပြည်က ထွက်လာခါစပေါ့..။ စကားမစပ် ပြောကြရင်းနဲ့ သူဆယ်တန်းအောင်လာတဲ့ ဘာသာတွဲက `၀ိပ္ပံ ဘာသာတွဲ´ ဆိုလို့ ကျနော် မျက်စိလည်သွားတယ်။ (အခုထိလည်း ၀ိပ္ပံဆိုတာ ဘာမှန်းကို မသိသေးဘူး) ကျနော်နားလည်ထားခဲ့တာက သိပ္ပံဆိုတာက တိကျခိုင်မာတဲ့ အကြောင်းအရာ၊ အချက်လက်တွေနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်၊ ၀ိဇ္ဇာကတော့ ဆက်စပ်စဉ်းစား တွေးခေါ်ရသော ဘာသာရပ် (အဲဒီထက် ပိုတဲ့ အဓိပ္ပာယ်တွေလည်း ရှိမှာပါ။ မှားရင်လည်း ထောက်ပြပါ)။ ၀ိပ္ပံဆိုတာကတော့ ဘယ်လို ဘာသာရပ်လဲဆိုတာ တကယ်ကို မသိဘူး။ သင်တာကတော့ သိပ္ပံတွဲက ဘာသာတချို့နဲ့ ၀ိဇ္ဇာတွဲက ဘာသာတချို့ ရောထွေး သင်တယ်သတဲ့။ အခုလဲ အဲဒီဘာသာတွဲ မြန်မာပြည်မှာ သင်နေဆဲလား မသင်တော့ဘူးလား။ မသိရ။ မမေဓာဝီ သိရင် ရှင်းပြပါအုံး။ Posted by ကလိုစေးထူး toတွေးမိတွေးရာ ..ရေးမိရေးရာ at 4/23/2007 3:44 AM

ဝိပ္ပံဆိုတာကြီး ရှိသေးတုန်းပါပဲ ကိုသံလွင်။ စကားလုံးအသစ် ထွင်လိုက်ကြတာ ထင်ပါရဲ့။
အဓိပ္ပါယ်လည်း မရှိပါဘူး။ ၀ိဇ္ဖာ၊ သိပ္ပံဆိုတာ ပါဠိစကားတွေပါ။ ဒါတွေကို မွေးစားထားပြီးမှ ၂-ခုရော ပစ်လိုက်တာ အံ့သြစရာပဲ။ သင်တော့လည်း ဘာသာရပ်တွေကို ရောထွေးသင်တယ်။ ဝေါဟာရကလည်း ရောရောထွေးထွေးပဲ၊ လိုက်လည်း လိုက်ပါပေ့နော်။
ကိုသံလွင့် မေမေပြောတဲ့ “အစမ်းသပ်ခံ” ဆိုတဲ့ စကားဖတ်ရတော့ ဆရာမင်းကျော်ရဲ့ ငါတို့ခေတ်နဲ့အပြိုင် ၀တ္ထုရှည်ကြီးကို သွားသတိရမိတယ်။
ငါတို့ဟာ ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံ ဖားကလေးတွေ မဟုတ်ဘူး။
ဖန်ပေါင်းချောင်ထဲက သနားစရာ ယုန်သတ္တ၀ါလေးတွေ မဟုတ်ဘူး …
စသဖြင့် ပြောကြတဲ့ အဲဒီဝတ္ထုထဲက ကျောင်းသားတွေရဲ့ အသံကို ကြားယောင်မိပါတယ်။
***
NA has left a new comment on your post "ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ အပိုင်း (၅)": ဘကြီးဘဘေ ဆိုတာကတော့ သူရိယသတင်းစာတိုက်အုပ် ဦးဘဖေပါ။ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းမှာ ဘကြီးဦးဘဘေ အကြောင်းကို တစေ့တစောင်းမြင်နိုင်ပါတယ်။ Posted by NA toတွေးမိတွေးရာ ..ရေးမိရေးရာ at 4/23/2007 1:38 AM

ဟုတ်ပါတယ် ကိုငြိမ်းအေး၊ အဲဒါနဲ့ ပတ်သက်ပြီး … ကျေးဇူးတင်ပါကြောင်း ပို့စ်မှာ ကျမ ပြန်ရေးပြီးပါပြီ။ ကျေးဇူးထပ်မံ တင်ကြောင်းပါ။
***
ဂျစ်တူး - gyit_tu has left a new comment on your post "ဤသို့ ကြားနာ ခဲ့ရပါ၏ …": မမေပို့်စ်တွေ မတင်တော့ လွမ်းနေတယ် ။ ကိုကလိုစေးထူးပြောသလိုဆို အင်တာနက်ဒေါင်းနေတဲ့ ပုံပဲ ။ နိုင်းနိုင်းစနေ ဖော်ပြထားလို့ မြန်မာဘလောဂ်စာအုပ် ဆိုဒ်မှာ ကျမနှင့် နားပေါက်ယဉ်ကျေးမှုဆိုပြီး မမေရေးထားတာလေး ဖတ်ရတယ် ။ သိပ်ကြိုက်တာပဲ မမေ ။ နားပေါက်ဟောင်းလောင်းနဲ့နေတာ ၊ စိန်နားကပ်မပန်ချင်တာ ၊ နောက် ကိုယ်မှန်တယ်ထင်ရင် ခေါင်းမာတတ်တာ ကျွန်မတယောက်တည်း မဟုတ်ပါလားလို့ သိရတဲ့တွက် ၀မ်းသာမိတယ် ။မမေရေ.. တခုလောက်.. ပါဆင်နယ်မေးခွန်းလေးမေးပါရစေ... မိန်းကလေးတယောက်အနေနဲ့ ခေါင်းမာခြင်းဟာ သူတို့ မိဘတွေခံယူချက်နဲ့ မတိုက်ဆိုင်တဲ့အခါ ကျေးဇူးမသိတတ်ရာ ရောက်ပါသလား ။ ကျွန်မငယ်စဉ်က ထင်တာလုပ်ခဲ့ပြီး ၊ ခုတော့ အဲလိုအတွေးမျိုးဝင်မိလို့ သူတို့လိုရာကိုပဲ လုပ်မိတတ်အောင် ကြိုးစားနေပါတယ် ။ ဒါပေမယ့် လုံးဝကြီးတော့ မအောင်မြင်သေးလို့ မမေရဲ့ အမြင်လေး သိချင်လို့ပါ ။ဒီပို့စ်မှာ ဆရာတော်ပြောတဲ့ ဥပမာတွေကို သိပ်ကြိုက်ပါတယ် ။ သိပ်မှတ်သားလောက်ပါပေတယ် ။ Posted by ဂျစ်တူး - gyit_tu toတွေးမိတွေးရာ ..ရေးမိရေးရာ at 4/28/2007 12:55 PM

ညီမလေး ဂျစ်တူး …
မမေ အမြင်တော့ ကျေးဇူးသိတတ်ခြင်းနဲ့ ခေါင်းမာခြင်းက မဆိုင်ဘူးလို့ ပြောလို့ရသလို ဆိုင်တယ်လို့လည်း ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းမာခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာပေါ်မှာ မူတည်လို့ပါပဲ။
လူကြီးနဲ့ လူငယ်ဆိုတာ သဘောထား တိုက်ဆိုင်ဖို့ ခဲယဉ်းပါတယ်။ မမေဆိုရင် တင်းကျပ်တဲ့ စည်းကမ်းတွေကို အလွန်မုန်းတီးပါတယ်။ ကိုယ်မှန်တယ်ထင်တာကို လုပ်တတ်ပါတယ်။ တအိမ်လုံးနဲ့ တယောက် အမြဲတမ်း အတိုက်အခံ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ပြောစကားနဲ့ ဆန့်ကျင်ဘက် အတွေးမျိုး အမြဲတွေးလေ့ရှိပါတယ်။ (ငယ်ငယ်တုန်းက ဆိုပါတော့)

ဒါတွေက ကောင်းတဲ့ အမူအကျင့်တွေတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားက ဆိုဆုံးမလွယ်ရမည် လို့ ဟောထားပါတယ်။ ပြောရခက် ဆိုရခက် ဆုံးမရခက်တဲ့အခါ ဘုရားတောင်မှ လစ်လျူရှုလိုက်တာမျိုး ရှိပါတယ်။ မမေ ဘယ်လောက် ဆိုးဆိုး မိဘ လစ်လျူရှုတာတော့ မခံနိုင်ပါဘူး။ ကိုယ့်ကို ဆုံးမတာ တဗျစ်တောက်တောက် ပြောနေတာ ခံနိုင်ပါတယ်။ လုပ်ချင်တာသာ လုပ်တော့ … ဘာမှမပြောတော့ဘူး လို့ ဘေးမဲ့ပေးသလိုမျိုး ခံရမှာကိုတော့ အလွန်ကြောက်ပါတယ်။

ခုထက်ထိအောင်လည်း ငယ်ငယ်ကအကျင့် တချို့တလေ ကျန်နေပါသေးတယ်။ ဂျစ်တူးမေးတာ ဖြေရမယ်ဆိုရင်ဖြင့် မိဘနဲ့သားသမီးမှာ သားသမီးက မိဘစကား မြေ၀ယ်မကျ နားထောင်တာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့လည်း ချင့်ချိန်ဖို့လိုပါတယ်။ အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့ မလဲ ဆိုတာမျိုးကတော့ ဉာဏ်နည်းရာ ကျမယ်လို့ မမေကတော့ ထင်မိတာပါပဲ။
***
ပုထုဇဉ် has left a new comment on your post "ဤသို့ ကြားနာ ခဲ့ရပါ၏ …":
မမေခင်ဗျား…ဆရာတော်ပေးတဲ့ ဥပမာလေးတွေက ကောင်းလွန်းလို့ ကျွန်တော်တော့ ဖတ်ပြီး ဘာပြန်ပြောရမှန်းကို မသိပါ။ အဲဒီဆရာတော်ရဲ့ အသိအမြင်အဆင့်လောက် လူတိုင်းရှိရင်ကောင်းမယ်။စကားမစပ်…မေးစရာလေးတချို့ ဒီမှာပဲ မေးခွင့်ပြုပါ၊ မမေရဲ့ ဘလော့ဂ်မှာ စီဘောက်စ်တပ်မထားလို့ပါ။ ကျွန်တော် မေးချင်တာက(က) သတ်ပုံ - “မီးသွေးခဲသို့ မဲမဲတူတူ” လို့ရေးရမလား၊ “မီးသွေးခဲသို့ မည်းမည်းတူတူ”လို့ ရေးရမလား။ သတ်ပုံကျမ်းမှာက “မည်း (~ နက်)” ဆိုပြီးရေးထားပေမယ့် “မဲမဲသဲသဲ” လို့လည်း ပါပြန်ပါတယ်။ “မဲမဲသဲသဲ”ဆိုတာ “သဲသဲမဲမဲ မိုးရွာသည်”ဆိုတဲ့ နေရာမျိုးမှာ သုံးရမလား၊ ဥပမာ အသားအရောင်ကျရင် “မဲမဲသဲသဲနဲ့”လို့ သုံးမလား၊ “မည်းမည်းသဲသဲနဲ့” လို့ သုံးမလား။ ကျွန်တော့် နောက်ဆုံးပို့စ်မှာ သတ်ပုံမှားနေရင် ပြင်ပေးပါဦး။

(ခ)နောက်ထပ်သတ်ပုံ - တစ်စုံတစ်ခုကို အလွန်အကျူး ဖွဲ့ဆိုတယ်ဆိုတဲ့ အလင်္ကာကို “အတိသယ၀ုတ္တိ”လို့ ခေါ်သလား၊ “အတိဿယ၀ုတ္တိ”လို့ ခေါ်သလား။ ကျွန်တော်က “ဿ” နဲ့ ပေါင်းထားမိတယ်၊ အဲဒါမှားရင်လည်း ပြင်ပေးပါခင်ဗျာ။

(ဂ) ကိုမွန်းအောင်ရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း ပိုစ့်ကို မမေရဲ့ မှတ်တမ်းဟောင်းတွေထဲမှာ ပြန်ရှာလို့တွေ့ပါတယ်။ အဲဒီ ပိုစ့်ရဲ့ မှတ်ချက်တွေမှာ VCD file link ကို http://www.absdf8888.org/ လို့ ပေးထားတယ်ထင်ပါတယ်၊ အဲဒီ နေရာကိုတော့ ရောက်သွားပါတယ်၊ ဒါပေမယ့် ဗီဒီယိုဖိုင်ကို ရှာလို့ မတွေ့ပါ၊ ဘယ်မှာရှာလို့ ရနိုင်မယ်ဆိုတာ သိရင်မျှပါဦး။ တကယ်လို့ မမေ download လုပ်ထားတဲ့ ဖိုင်ကို မျှလို့ရရင်လည်း လိုချင်ပါတယ်။ Upload အဆင်မပြေရင်တော့ ကိစ္စမရှိပါ၊ ကျွန်တော် တခြားက ရှာကြည့်ပါဦးမယ်။ကျေးဇူးတင်လျက်ပထဇ
Posted by ပုထုဇဉ် toတွေးမိတွေးရာ ..ရေးမိရေးရာ at 4/25/2007 1:16 PM

ကိုပုထုဇဉ်ရှင့် …
(က) အရောင်ကို ဖော်ပြရင် “မည်း” လို့ ည-သတ်နဲ့ သုံးပါတယ်။
မိုက်မဲ၊ သဲသဲမဲမဲ၊ မဲလိပ် စတဲ့စကားလုံးတွေကိုတော့ နောက်ပစ်နဲ့သာ ပေါင်းပါတယ်။
ဒါကြောင့် မည်းမည်းတူတူ၊ မိုးသဲသဲမဲမဲ လို့ စာလုံးပေါင်းပါမှ မှန်ပါတယ်။

စိန္တကျော်သူ ဦးသြရဲ့ က၀ိလက္ခဏာ သတ်ပုံကျမ်းမှာလည်း ခုလို တွေ့ရပါတယ်။
မဲ
* မိုက်မိုက်မဲမဲ၊ သူ့ကိုဆဲ၊ မြေထဲ သရက်သား။
* မယားကိုဆဲ၊ သားကိုမဲ၊ မိုးဗြဲခုံမိုင်းသား။
* သမ်းသမ်းမဲမဲ၊ အိပ်ပျော်ခဲ၊ မဲဇလီနှင့်စား။
မည်း
* ညို့ညို့ကြည်းကြည်း၊ မှိုင်းမည်းမည်း၊ မန်ကျည်း ပင်ညိုညို။
*သွေးစုန်း မျက်မည်း၊ ငယ်ကရည်း၊ စုလည်း မြိတ်စလျှို။
* စင်တလင်းလှည်း၊ မျက်နှာမည်း၊ ကသည်း စစ်သည်ဗိုလ်။
*တောင်ကြီးမျက်မည်း၊ ရှုပ်ရှက်စည်း၊ ရွာပည်း ခွင်လုံးပြို။

ဒီနေရာမှာ မမေးဘဲ တခုထပ်ဖြေလိုက်ပါအုံးမယ်။
မိုးသည်းထန်စွာရွာသည် ဆိုရင်တော့ သည်း လို့ ပေါင်းပါတယ်။
သိပ်သည်း၊ သည်းထန် တို့ကို ည-သတ် နဲ့ပေါင်းပြီး
သဲကြီးမဲကြီး၊ သဲသဲကွဲကွဲ၊ အုတ်အုတ်သဲသဲ၊ ရုတ်ရုတ်သဲသဲ တို့ကို နောက်ပစ်နဲ့ ပေါင်းပါတယ်။

(ခ) အလွန်အကျူးဖွဲ့ဆိုတဲ့ အလင်္ကာကို အတိဿယ၀ုတ္တိလို့ ပေါင်းရင် မှန်ပါတယ်။
သကြီးဟာ သ+သ (သနှစ်လုံးဆင့်ထားတဲ့ ပါဌ်ဆင့်)ဖြစ်ပါတယ်။
ဒါကြောင့် အတိသ်သယ၀ုတ်တိ (သ-သတ်က တ-သတ် အသံဖြစ်တဲ့အတွက်) အတိတ်သယ၀ုတ်တိ လို့ ဖတ်ရပါတယ်။

(ဂ) ဗီဒီယိုဖိုင်ကို ကျမပြန်ရှာပေးပါမယ်။ လောလောဆယ် အဲဒီဆိုက်ကို ပြန်ဝင်မရ ဖြစ်နေပါတယ်။ ကျမ ဒေါင်းလုတ်ယူထားတဲ့ ဖိုင်ကို အချိန်ရရင် upload လုပ်ပေးပါမယ်။

***
ပြန်စာအစီအစဉ်ကတော့ ဒီမျှပါပဲ။
အားလုံး ကျေနပ်နိုင်ကြလိမ့်မယ် ထင်ပါရဲ့။
***
မေတ္တာဖြင့်

မေဓာဝီ
1st May, 2007
10:45 pm

4 comments:

Anonymous said...

ခုလိုပြန်ကြားပေးတာ ကျေးဇူးအထူးပဲ မမေ ။ မမေပြောသလို ကျွန်မလည်း သဘောတူ လက်ခံပါတယ်း)

ကလိုစေးထူး said...

အပေါ်ကလူ ပြောတဲ့အတိုင်းပဲ.. ။ :P

brokenworld said...

မမေ...အခုလိုကဗျာကို အသုံးပြုခွင့်ပေးတာကျေးဇူးတင် ပါတယ်ရှင် အသုံးပြုမဲ့ဖိုရမ်ကတော့ ပဒုမ္မာဖိုရမ်ပါရှင်... www.padonma.com အခုလိုနွေရာသီရောက်တဲ့ အချိန်မှာနဲ့ကိုက်ညီနေလို့သုံးချင်တာပါရှင်...အခုလိုကဗျာအ ပြည့်အစုံလေးပြန်တင်ပေးတာလဲကျေးဇူးအများကြီးတင်ပါတယ်ရှင်...

Anonymous said...

အပေါ်ကလူ သုံးယောက်ပြောတဲ့အတိုင်းပဲပေါ့နော်...:P