Monday, May 14, 2007

မောင်လေးရဲ့ ကဗျာ

၁၉၉၆ ခုနှစ်က ကျမမောင်လေးနဲ့ သူ့သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်လေး တအုပ် ထုတ်ခဲ့ကြပါတယ်။
သူ့မွေးနေ့ကတင်လိုက်တဲ့ “အသုံးမ၀င်တော့သော” ကဗျာက အဲဒီ စာအုပ်လေးထဲကပါ။ အဲဒီကဗျာကို ကြိုက်လို့ ဂျာနယ်ထုတ်တုန်းက ပြန်ပြီး သုံးခဲ့ဖူးသေးတယ်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ဆိုရမလားတော့မသိဘူး အဲဒီစာအုပ်ထဲမှာ ပါတဲ့ သူ့ကဗျာ ၃-ပုဒ် လုံးကို ကျမကြိုက်ပါတယ်။ “အသုံးမ၀င်တော့သော” ကိုတော့ အကြိုက်ဆုံး ပေါ့။

အခုဖော်ပြမယ့် နောက်တပုဒ်ကတော့ “မှားယွင်းမှု အစစ်အမှန်များ” … တဲ့။ ဖတ်ကြည့်ကြပါအုံး။
***
မှားယွင်းမှု အစစ်အမှန်များ

ဖန်ပေါင်းချောင်ထဲက
အစမ်းသပ်ခံ ပိုးမွှားတစုရဲ့
လွတ်လပ်ရေး ညည်းတွားသံထင်ရဲ့
မိုးကြိုးပစ်သံလို မြည်ဟည်းလို့
နားနဲ့မဆန့်လို့ လျှံကျလာတဲ့အထိ … ။

အဲဒီအသံဟာ
မုသားငှက်တကောင်အသွင်နဲ့
ပြိုကျလုလု တိုက်နံရံတခုထက်မှာ
သွေးအေးစွာ ချိတ်ဆွဲခံရ
ချူချာနေတဲ့ ဂီလာနဆေးသား တချို့ကတော့
ပက်ကြားအက်နေလေရဲ့ … ။

ပီကေလို ကြိတ်ဝါးခံနေရတဲ့
မုသားအစစ်အမှန်တို့
တခါတခါ နန်းတော်ကြီးဖြစ်လိုဖြစ်
ထစ်ခနဲရှိ လှစ်လှစ်ပြတတ်တဲ့
အမှန်တရား အပျိုမကတော့
ပြည့်တန်ဆာ ဖြစ်သွားခဲ့ … ။

ဝမ်းနည်းပါတယ်ကွယ် ….
တကယ့်တကယ် ဖြစ်နေတဲ့
အတုအယောင်တွေကြားထဲ
ဆေးသားမဲ့ ပန်းချီကားတချပ်ဟာ ..
အစစ်ဖြစ်သွားတယ် … ။ … ။


(ပဏ္ဍိ)
***
(အလုပ်မအားလို့ စာအသစ် မရေးနိုင်တာနဲ့ မောင်လေးကဗျာနဲ့ ခုလို အကြံအဖန် လုပ်လိုက်ရတာပါ။)
***
14th May, 2007
9:30 am

1 comment:

ကလိုစေးထူး said...

ဒီကဗျာထဲက စကားလုံးတွေက တလုံးတလုံးရဖို့ကို အတော်လေးကို အားထုတ် စဉ်းစားရမှာပဲ။ `အစမ်းသပ်ခံ ပိုးမွှားတစု´ `အမှန်တရားရဲ့ အပျိုမ´ ဆိုတဲ့ စကားလုံးတွေကို သိပ်ကြိုက်တယ်။ ကဗျာဆရာရဲ့ ခံစားချက်ကိုလည်း ထွင်းဖောက်မြင်နိုင်စေတယ်။ ကျနော့်အမြင်ကတော့ဗျာ။ ကဗျာဆိုတာ အခုလိုမျိုးဖြန့်ကျက်တွေးနိုင်တဲ့စကားလုံးတွေနဲ့ ဖတ်သူကိုလည်း နားလည်စေတဲ့ ဖွင့်ဆိုချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ စကားလုံးသိပ်သည်းမှုဆိုတာမျိုးဆိုရင်တော့ ခံစားလို့ရပါတယ်။ ကဗျာတပုဒ်လုံးကို လူအများစု နားမလည်စေတဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ မော်ဒန်ကဗျာတချို့ကိုတော့ ဘယ်လိုလုပ်ခံစားလို့ရမလဲ။ နောက်ထပ်ရှိသေးရင် တင်ပါအုံး။ ကိုသားငယ်ကဗျာလေးတွေ ကောင်းတယ်။