Monday, April 23, 2007

ဤသို့ ကြားနာ ခဲ့ရပါ၏ …

သင်္ကြန်မတိုင်ခင်က ဖြစ်ပါတယ်။

“အစ်မရေ … သင်္ကြန်ပိတ်ရက်ကလေး အမေ့အိမ်ပြန်ပြီး နားမလား စိတ်ကူးပါတယ်၊ တပ်က ထိုးမယ့် မဏ္ဍပ်မှာ တနေ့ တမျိုး စတုဒိသာ ကျွေးဖို့ တာဝန်ယူရမတဲ့လေ … အင်း .. ပိုက်ဆံလည်း ကုန်အုံးမယ် .. လူလည်း ပင်ပန်းအုံးမယ်”

ညီမလေးလို ခင်နေတဲ့ မိန်းကလေး တယောက်နဲ့ ဖုန်းပြောဖြစ်တော့ သူပြောတဲ့စကားပါ။ သူက အင်ဂျင်နီယာတပ်က ဗိုလ်တယောက်ရဲ့ ဇနီးဖြစ်သူပေါ့။

“သမီး ယောက်ျားကလည်း မအားရပါဘူး အစ်မရယ်၊ အခု စစ်ဆေးရုံက ပိုးသတ်ခန်းကို ပြင်နေရတယ်လေ၊ ဟိုလူကြီးက အ၀ှာဖြစ်နေတာ သိတယ်မဟုတ်လား၊ အဲဒါ ပြန်လာတော့မယ် ဆိုလားပဲ၊ အဲဒီအတွက် အခန်းပြန်ပြင်နေရတာပေါ့ …”
“သြော် …. အင်း …”
“အခန်းက ကြွေပြားကပ်ထားတာလေ …ကြွေပြားတွေကြားထဲ ပိုးတွေရှိမှာစိုးလို့တဲ့ အကုန်ပြန်ခွာပြီး အသစ်ပြန်ကပ်ရတယ်။ နောက်ပြီး မျက်နှာကြက်မှာလည်း ပိုးတွေ ခိုအောင်းနေမှာစိုးလို့ မျက်နှာကြက်လည်း အသစ်လဲရတယ်”
“ဟုတ်လား”
“ဟုတ်ပ … အစ်ရေ .. ဒါတင်ဘယ်က အုံးမလဲ၊ အိမ်သာ တခုလုံးလည်း အသစ်ပြန်လုပ်ရတာ၊ အဲဒီအတွက် သိန်း ၄၀ ကုန်သတဲ့”
“သြော် …”

သူက ကရားရေလွှတ် တတွတ်တွတ်နဲ့ ဆက်ပြောနေပါတယ်။ အိမ်သာကို ဘယ်ပုံဘယ်နည်း စီမံထားတယ် ဆိုတာတွေ … အတိအကျပါ။ ကျမလည်း သူပြောသမျှ အင်း လိုက်ပြီး နားထောင်နေမိတယ်။ နောက်ဆုံးတော့ …
“သူ့ခမျာ …. အသက်က သိပ်ကြီးသေးတာ မဟုတ်ရှာပါဘူး၊ ဒီဝေဒနာကြီး ခံစားနေရတာ သနားပါတယ် အစ်မရယ် …”
ဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ကျမလည်း ဘာပြောရမှန်း မသိတော့ … နှုတ်က ဘာမှ မထွက်ဖြစ်လိုက်ဘဲ ခေါင်းသာ ညိတ်ပြနေမိတယ်။ သူလည်း ဖုန်းထဲက မြင်နိုင်တာ မဟုတ်။ သူက ပြောချင်ရာတွေ ပြောပြီး ဖုန်းချသွားတဲ့ အထိ ဖုန်းနားမှာ ကျမ ငိုင်တိုင်တိုင်နဲ့ ထိုင်နေမိတယ်။
သြော် … အသက်တချောင်းဟာ အလွန် တန်ဖိုးရှိတာပါလား …။
***
နှစ်ဆန်းတရက်နေ့က ဖြစ်ပါတယ်။

“ဒကာမကြီးတို့ …. ဒိတ်အောက်နေတဲ့ အစားအစာတွေ မစားနဲ့နော်။ အဲဒီလို အစာတွေ စားမိရင် ဘေးအန္တရာယ်ရှိနိုင်တယ်၊ ဒိတ်အောက်နေတဲ့ ဆေးဝါးတွေ သောက်သုံးမိရင်လည်း ဘေးဥပဒ် ရောက်နိုင်တယ် မဟုတ်လား”
“မှန်ပါ့ ဘုရား”
“အေး … အဲဒီလိုပဲဟ … ဒိတ်အောက်နေတဲ့ လူက အုပ်ချုပ်သူ နေရာယူထားရင်လည်း အုပ်ချုပ်ခံ လူထုမှာ ဒုက္ခ ရောက်ရတယ်တယ်”
“မှန်လှပါတယ် ဘုရား”

နှစ်စဉ် နှစ်တိုင်း နှစ်ဆန်းတရက်နေ့ဆိုရင် အိမ်မှာ ဘုန်းကြီးဆွမ်း ကျွေးနေကျမို့ ဒီနှစ်လည်း ကျွေးပါတယ်။
ထုံးစံအတိုင်း ပင့်တဲ့ဘုန်းကြီးတွေကတော့ ကျမကို ပုံပြောပြတဲ့ ဆရာတော် အပါအ၀င် သံဃာတော် ငါးပါးဖြစ်ပါတယ်။
အထက်ပါ စကားကတော့ ဆရာတော်က ဆွမ်းဘုဉ်းပေးနေရင်း မိန့်ကြားတဲ့ စကားဖြစ်ပါတယ်။ ဆရာတော် အမိန့်ရှိသွားတဲ့ စကားတွေထဲက ကျမ မှတ်မိသလောက် ပြန်ရေးပြတာပါ။
ဆရာတော်က ဆက်ပြောပါတယ်။

“လူက ဒိတ်အောက်တယ်ဆိုတာ ဘယ်လိုတုန်း သိလား”
“အမိန့်ရှိပါဘုရား”
“ဟဲ့ … အသက် ၆၀ လား၊ ၆၅ လား၊ ခုခေတ် လခစား အမှုထမ်းတွေ ၀န်ထမ်းတွေ ပင်စင်ယူကြတာ၊ အဲဒီအရွယ်လွန်ရင် ဒိတ်အောက်ပြီပေါ့၊ ဘယ်မှာ သွားသုံးစားလို့ ရမှာတုန်း၊ ဟုတ်တယ် မဟုတ်လား”
“မှန်ပါ့ ဘုရား”

“အိမ်း … ငါ့တပည့် …. နင့်ကို ပုံပြင်တခု ပြောပြရအုံးမယ် …
မြို့တမြို့မှာ သူဌေးသမီး တယောက်ရှိသတဲ့၊ အချိန်တန် အရွယ်ရောက်တော့ သူ့မိဘတွေက သူတို့ မျက်နှာမလွှဲခင် အိမ်ထောင်ရက်သား ချပေးဖို့ရာ နှစ်သက်တဲ့သူကို ရှာဖွေစေတယ်၊ သူဌေးသမီးလေးက သူ့ချစ်သူကို မိဘဆွေမျိုးတွေ အားလုံးကို ပြတော့ အားလုံးက သဘောတူ လက်ခံကြတာမို့ မင်္ဂလာပွဲ ခမ်းခမ်းနားနား လုပ်ကြတာပေါ့၊ မင်္ဂလာပွဲပြီးခါကျမှ ခြံစောင့် ငပွကြီးဆိုသူက သူဌေးသမီးကို လိုချင်တာနဲ့ သူ့ယောက်ျားကို ဖမ်းချုပ်ပြီး သူဌေးသမီးကို အရယူဖို့ ကြံစည်တော့သတဲ့ …”
“ …. …. …”
“ဒီတော့ ငပွကြီးက ဘာကံကို ကျူးလွန်လိုက်တာတုန်း”
“ကာမေသု မိစ္ဆာစာရကံ ပါ ဘုရား”
“အေး …. သူတပါး အိမ်ရာကို ကျူးကျော် စော်ကားတဲ့ ခြံစောင့် ငပွကြီးဟာ လူမှုရေးမှာ မိစ္ဆာအကျင့်ဆိုး ဒုစရိုက်မျိုးကို ကျူးလွန်လိုက်တာပဲ … အဲဒီလိုပဲ …. တိုင်းပြည်တပြည်မှာလည်း ပြည်သူပြည်သားက အလိုမတူဘဲ လက်နက်အားကိုးနဲ့ မင်းတက်လုပ်နေတယ် ဆိုရင် ဒီကောင်တွေလည်း ဘာထူးတုန်းဟ … နိုင်ငံရေး ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန်တာပဲ မဟုတ်လား”
“မှန်ပါတယ် ဘုရား”

ကျမ အားရပါးရ ထောက်ခံ လိုက်မိပါတယ်။ ဆရာတော်က အချိုပွဲ ဘုဉ်းပေးနေရင်း ဆက်ပြောပါတယ်။

“နင် မှတ်ထားစမ်း ….နောက်တခု …. အဖေမှန်သိမှ အဖြေမှန် ရှိမယ် … ဟ”
“ဘယ်လို အဖေမှန်ပါလဲ ဘုရား အမိန့်ရှိတော်မူပါ”
“တပ်မတော်ရဲ့ ဖခင်ဟာ ဗမာ့ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘယ်သူမှ ငြင်းလို့ မရဘူး .. မဟုတ်လား …။ အခု ငါတို့ တိုင်းပြည်မယ် … ဘာမဟုတ်တာလေးတွေကို ခက်နေကြတယ်၊ တိုးတက်အောင် မလုပ်နိုင်ဘူး၊ အဲဒါ အဖေမှန် မသိလို့ဟ။ အဖြေမှန်ကို လိုချင်ရင် ကိုယ့်အဖေကို အဖေမှန်း သိအောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးတော့ ကိုယ့်အဖေကို အဖေနေရာထားပြီး လေးစားဖို့ အရေးကြီးတယ်။ ကိုယ့်အဖေစကားကို နားထောင်ဖို့ လိုတယ်။ အခုတော့ ကိုယ့်အဖေကို အဖေမှန်း မသိကြ၊ အဖေ့သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားကြ၊ အဖေ့နေရာကို အစားထိုးဖို့ ကြံစည်ကြ …. ဒီလိုသာဖြင့် ဘယ်လိုလုပ် အဖြေမှန်ရှိပါ့မလဲ။ လိုချင်တဲ့ ပန်းတိုင်၊ မှန်ကန်တဲ့ ရည်ရွယ်ချက်ကို ဘယ်လိုလုပ် ရနိုင် ရောက်နိုင် မျက်မှောက်ပြုနိုင်ပါ့မလဲ”
“မှန်လှပါ ဘုရား”
***
လွန်ခဲ့တဲ့ ၂ ရက်ခန့်က ဖြစ်ပါတယ်။

“အဲဒီ စကားတခွန်းကြောင့် ဆရာ တပ်က ထွက်လိုက်တာပဲ”
“ဘယ်စကားလဲ ဆရာ”
“၈၈ အရေးအခင်းက ဦးနေ၀င်း ပြောတဲ့စကားလေ၊ စစ်သားဆိုတာ တည့်တည့်ပစ်တာ၊ မိုးပေါ်ထောင် ပစ်မှာ မဟုတ်ဘူး ဆိုတဲ့စကားပေါ့”
“သြော် … ဟုတ်တယ် … အဲဒီမိန့်ခွန်း ကြားပြီး ဆရာ တပ်က ထွက်ရောလား”

ကျမနဲ့ ရင်းနှီးတဲ့ ဆရာဝန်တယောက် မလေးရှားမှာ အလုပ်သွားလုပ်ပြီး သင်္ကြန်တွင်း ခဏ ပြန်လာတုန်း ကျမအိမ်ကို လာလည်ရင်းနဲ့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေပါ။ သူဟာ တချိန်က စစ်ဗိုလ်ဆရာဝန် တယောက်ပါ။ ခုတော့ တပ်ကထွက်ပြီး အပြင်ဆေးရုံတွေမှာ အလုပ်လုပ်ရာက မလေးရှား ရောက်သွားပြီ ဖြစ်ပါတယ်။

“အဲဒီစကား ကြားတော့ ကိုယ့်ကိုယ်ကိုလည်း တော်တော် စက်ဆုပ်သွားတယ်၊ ဒီလို လူမျိုးအတွက် ငါတို့က တာဝန် ထမ်းဆောင်ပေး နေရမှာလား ….လို့ တွေးမိတယ်”
“အလုပ်က အလွယ်တကူ ပေးထွက်လား ဆရာ”
“ပေးမထွက်လို့လည်း မရဘူး၊ ဆရာက ကတ်သီးကတ်သတ်တွေချည်း လုပ်နေတော့တာကိုး၊ ဆရာတို့ အားလုံးကို အစည်းအဝေး ခေါ်ပြီး တပါတီစနစ်ကို ထောက်ခံပါတယ် ဆိုပြီး ပြောခိုင်းတယ်၊ ကန့်ကွက်မယ့် သူ ရှိပါသလား …ပေါ့၊ အားလုံးက မရှိပါဘူး … ဆိုပြီး အိယောင်ဝါး အော်နေချိန်မှာ ဆရာက ကျနော် ကန့်ကွက်ပါတယ် လို့ ထပြောတာ”
“ဟင် ဟုတ်လား … အဲဒီတော့ …. ဆရာ့ကို ဘာပြောလဲ”
“ကန့်ကွက်လို့ မရဘူးတဲ့၊ ထောက်ခံရမှာပဲ တဲ့ … ဟားဟား … ဒါနဲ့ ဆရာကပြောလိုက်တယ် … ခင်ဗျားတို့ အခု ထောက်ခံတယ်လို့ ပြော .. နောက် ခဏနေရင် ကျနော်က ကန့်ကွက်တယ် ပြောမှာပဲ … လို့”
“…. …. ….. ”

“နောက်တခါ …ဆေးရုံကို အရေးတကြီး လူနာတယောက် ရောက်လာတယ် … စစ်သားလေး တယောက်၊ ခြေထောက် မိုင်းထိလို့ ဆိုပြီးတော့၊ အဲဒီလိုမျိုးက ကြာကြာထားရတာ မဟုတ်ဘူး။ အမြန် ဖြတ်တောက် ပစ်ရတယ်၊ အခုဟာက တပတ်လောက်တောင် ကြာနေပြီ၊ ပုပ်ပြီး အဆိပ်တောင် တက်နေတယ်။ အဲဒီလူနာကို ကြည့်နေတုန်း …. ခုချက်ချင်း ဂေါက်ကွင်းကို သွားရမယ် … ဒီလူနာကို ထားခဲ့ပါ … အထက်က အမိန့်တဲ့”
“ဂေါက်ကွင်းက ဘာလုပ်ဖို့တုန်းဆရာ”
“လူကြီး ဂေါက်ရိုက်တာ သွားစောင့်ဖို့တဲ့လေ … အဲဒါနဲ့ ဆရာက ပြတ်ပြတ်ပဲ ပြောလိုက်တယ်၊ ဒီမှာ တကယ်လုပ်ပြီး တကယ်ခံနေရတဲ့ လူနာကို ကုပေးဖို့ရှိတယ် … သူတို့ ကမြင်းကြောထတဲ့ဆီ ငါလိုက် မစောင့်နိုင်ဘူး၊ မကျေနပ်ရင် ငါ့ကို အလုပ်က ထုတ်လိုက်ကြ …. လို့”
“ကောင်းရော … ဒါနဲ့ပဲ ထုတ်လိုက်ကြရောလား ဆရာ”
“စာရွက်လေး လာပေးတယ်လေ … ကိုယ့်ဖာသာ အလုပ်က ထွက်ပါတယ် ဆိုပြီး ရေးထားတဲ့ စာရွက်ပေါ့ …အောက်မှာ အဆင့်သင့် လက်မှတ်ထိုးရုံပဲ”
“ဆရာက ထိုးလိုက်ရောလား”
“ဒါပေါ့ … ၀မ်းသာအားရပဲ ထိုးပေးလိုက်တယ် …. အပြင်မှာ ဗိုလ်ကြီး အငြိမ်းစား တို့ ဘာတို့ နာမည် မသုံးရဘူး တဲ့ …ပြောသေးတယ်၊ ယောင်လို့တောင် မသုံးပါဘူး … စိတ်ပျက်လွန်းလို့ … လို့ ပြန်ပြောခဲ့လိုက်တယ်”
“ဟားဟား …ကောင်းလိုက်တာ”
“ဆရာတို့ မျိုးရိုးက အကုန် စစ်သားတွေချည်းပဲ၊ ဆရာ့ ဘိုးဘေး တွေကအစ သွေးသောက်ကြီးတွေ၊ ဆရာ့လက်ထက် ကျမှ ဒီမျိုးဆက် ပြတ်တော့တာ။ ဆရာ့သားလည်း စစ်သားလုပ်ချင်ရင် ဆောရီးပဲ၊ ဒီခေတ်မှာတော့ လုံးဝ စစ်ထဲ မ၀င်ရဘူး”
“…. …. ….”

“စဉ်းစားကြည့်လေ …. စစ်တပ်ကို ကိုယ့်အပိုင်လို သဘောထားပြီး အသုံးချနေကြတဲ့ဟာကို …. ဒီထဲနေနေရတာ ကိုယ်က အသုံးချခံ ပစ္စည်းတခု ဖြစ်မှန်း မသိဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူလူထု ကို စောင့်ရှောက်ဖို့၊ အုပ်ချုပ်သူ လက်တဆုပ်စာ လူတန်းစားတရပ် အတွက်မှ မဟုတ်တာ။ အခုတော့ သူတို့ဖင်မြဲဖို့၊ အာဏာတည်တံ့ဖို့ ဒီကကောင်တွေက အသေခံနေကြရတယ်၊ အမုန်းခံနေကြရတယ် … ဒါမျိုးတော့ ဘယ်တော့မှ မလုပ်ဖူး”
***
အထက်ပါ ဖြစ်ရပ် ၃ ခုဟာ မရှေးမနှောင်း ရက်ပိုင်း အချိန်ပိုင်းအတွင်း ကြုံတွေ့ ကြားနာခဲ့ရတာတွေပါ။
ဒါတွေကို နားထောင်ခဲ့ပြီး ကျမထုံးစံအတိုင်း အတွေးနယ်ချဲ့မိတယ်။ ဒီနောက်မှာတော့ စာအဖြစ် ချရေးလိုက်မိ ပါတယ်။
***
မေဓာဝီ
23rd April, 2007
00:55 am
(၀န်ခံချက် ။…။ ကိုကလိုစေးထူး (ခ) ကိုသံလွင် ၏ ရေးနည်းမျိုးကို အတုယူ၍ ရေးသားထားခြင်း ဖြစ်ပါသည်။)

11 comments:

Anonymous said...

VERY GOOD!
Congratulation

Anonymous said...

bel lu gyi, bar pyit nay tar le hin? wan thar chin lo.

NA said...

good post!!

ကလိုစေးထူး said...

အမ်.. ကျနော့်ရေးနည်းကို တုပတယ်ဆိုပါလား.. ဒါဆို Copy Right နဲ့ ငြိတာပေါ့.. :P
ကျနော်ကလည်း ၀န်ခံရပါမည် (အပြန်အလှန်ပေါ့.. ဟဲဟဲ) ဘလော့ဂ်ကို စတင်ရေးသားကတည်းမှစ၍ ယနေ့တိုင်အောင် မမေဓာဝီ ရေးဟန်အား၊ မသိမသာ တမျိုး၊ သိသိသာသာ တဖုံ တုပရေးသားသည်မှာ ကြာလှပြီဖြစ်ပါကြောင်း..။ :D
အဲ..ဒါနဲ့..။ ဟိုလူကြီး အ၀ှာပြုနေတာ ဟိုဒင်းဖြစ်သွားပလားဗျ.။ :D

Anonymous said...

မမေခင်ဗျား…

ဆရာတော်ပေးတဲ့ ဥပမာလေးတွေက ကောင်းလွန်းလို့ ကျွန်တော်တော့ ဖတ်ပြီး ဘာပြန်ပြောရမှန်းကို မသိပါ။ အဲဒီဆရာတော်ရဲ့ အသိအမြင်အဆင့်လောက် လူတိုင်းရှိရင်ကောင်းမယ်။

စကားမစပ်… မေးစရာလေးတချို့ ဒီမှာပဲ မေးခွင့်ပြုပါ၊ မမေရဲ့ ဘလော့ဂ်မှာ စီဘောက်စ်တပ်မထားလို့ပါ။ ကျွန်တော် မေးချင်တာက

(က) သတ်ပုံ - “မီးသွေးခဲသို့ မဲမဲတူတူ” လို့ရေးရမလား၊ “မီးသွေးခဲသို့ မည်းမည်းတူတူ”လို့ ရေးရမလား။ သတ်ပုံကျမ်းမှာက “မည်း (~ နက်)” ဆိုပြီးရေးထားပေမယ့် “မဲမဲသဲသဲ” လို့လည်း ပါပြန်ပါတယ်။ “မဲမဲသဲသဲ”ဆိုတာ “သဲသဲမဲမဲ မိုးရွာသည်”ဆိုတဲ့ နေရာမျိုးမှာ သုံးရမလား၊ ဥပမာ အသားအရောင်ကျရင် “မဲမဲသဲသဲနဲ့”လို့ သုံးမလား၊ “မည်းမည်းသဲသဲနဲ့” လို့ သုံးမလား။ ကျွန်တော့် နောက်ဆုံးပို့စ်မှာ သတ်ပုံမှားနေရင် ပြင်ပေးပါဦး။

(ခ) နောက်ထပ်သတ်ပုံ - တစ်စုံတစ်ခုကို အလွန်အကျူး ဖွဲ့ဆိုတယ်ဆိုတဲ့ အလင်္ကာကို “အတိသယ၀ုတ္တိ”လို့ ခေါ်သလား၊ “အတိဿယ၀ုတ္တိ”လို့ ခေါ်သလား။ ကျွန်တော်က “ဿ” နဲ့ ပေါင်းထားမိတယ်၊ အဲဒါမှားရင်လည်း ပြင်ပေးပါခင်ဗျာ။

(ဂ) ကိုမွန်းအောင်ရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲသီချင်း ပိုစ့်ကို မမေရဲ့ မှတ်တမ်းဟောင်းတွေထဲမှာ ပြန်ရှာလို့တွေ့ပါတယ်။ အဲဒီ ပိုစ့်ရဲ့ မှတ်ချက်တွေမှာ VCD file link ကို www.absdf8888.org လို့ ပေးထားတယ်ထင်ပါတယ်၊ အဲဒီ နေရာကိုတော့ ရောက်သွားပါတယ်၊ ဒါပေမယ့် ဗီဒီယိုဖိုင်ကို ရှာလို့ မတွေ့ပါ၊ ဘယ်မှာရှာလို့ ရနိုင်မယ်ဆိုတာ သိရင်မျှပါဦး။ တကယ်လို့ မမေ download လုပ်ထားတဲ့ ဖိုင်ကို မျှလို့ရရင်လည်း လိုချင်ပါတယ်။ Upload အဆင်မပြေရင်တော့ ကိစ္စမရှိပါ၊ ကျွန်တော် တခြားက ရှာကြည့်ပါဦးမယ်။

ကျေးဇူးတင်လျက်

ပထဇ

Anonymous said...

Nice one!

Anonymous said...

wow! That's great!

ကလိုစေးထူး said...

အင်တာနက် မြန်မြန်ပြန်ကောင်းပါတော့ဗျို့..

Anonymous said...

မမေပို့်စ်တွေ မတင်တော့ လွမ်းနေတယ် ။ ကိုကလိုစေးထူးပြောသလိုဆို အင်တာနက်ဒေါင်းနေတဲ့ ပုံပဲ ။ နိုင်းနိုင်းစနေ ဖော်ပြထားလို့ မြန်မာဘလောဂ်စာအုပ် ဆိုဒ်မှာ ကျမနှင့် နားပေါက်ယဉ်ကျေးမှုဆိုပြီး မမေရေးထားတာလေး ဖတ်ရတယ် ။ သိပ်ကြိုက်တာပဲ မမေ ။ နားပေါက်ဟောင်းလောင်းနဲ့နေတာ ၊ စိန်နားကပ်မပန်ချင်တာ ၊ နောက် ကိုယ်မှန်တယ်ထင်ရင် ခေါင်းမာတတ်တာ ကျွန်မတယောက်တည်း မဟုတ်ပါလားလို့ သိရတဲ့တွက် ၀မ်းသာမိတယ် ။

မမေရေ.. တခုလောက်.. ပါဆင်နယ်မေးခွန်းလေးမေးပါရစေ... မိန်းကလေးတယောက်အနေနဲ့ ခေါင်းမာခြင်းဟာ သူတို့ မိဘတွေခံယူချက်နဲ့ မတိုက်ဆိုင်တဲ့အခါ ကျေးဇူးမသိတတ်ရာ ရောက်ပါသလား ။ ကျွန်မငယ်စဉ်က ထင်တာလုပ်ခဲ့ပြီး ၊ ခုတော့ အဲလိုအတွေးမျိုးဝင်မိလို့ သူတို့လိုရာကိုပဲ လုပ်မိတတ်အောင် ကြိုးစားနေပါတယ် ။ ဒါပေမယ့် လုံးဝကြီးတော့ မအောင်မြင်သေးလို့ မမေရဲ့ အမြင်လေး သိချင်လို့ပါ ။

ဒီပို့စ်မှာ ဆရာတော်ပြောတဲ့ ဥပမာတွေကို သိပ်ကြိုက်ပါတယ် ။ သိပ်မှတ်သားလောက်ပါပေတယ် ။

Anonymous said...

ကျမ အလွန်အားနာမိပါတယ်။
ကျမဘလော့ကို အလည်လာရောက် ဖတ်ရှုသူများအတွက် ဒီရက်ပိုင်းမှာ ကျမ တာဝန်မကျေသလို ၀တ္တရားပျက်ကွက်သလို ခံစားနေရပါတယ်။ ကျမ အပျင်းကြီးလို့လည်း မဟုတ်ရပါဘူး။ ဘလော့ကို ဥပေက္ခာပြုထားတာလည်း မဟုတ်ပါဘူး။ ကျောခိုင်းသွားတာလည်း မဟုတ်ပါဘူး။

ကျမဘလော့မှာ စာတပုဒ် တင်ဖို့အတွက် အကြောင်းတရား ၄-ပါးနဲ့ ညီညွတ်ဖို့ လိုတယ်လို့ ရေးခဲ့ဖူးပါတယ်။
အခု ကျမ ၅ ရက်လောက် ဘလော့နဲ့ ကင်းကွာ သွားခဲ့ရတာကတော့ အကြောင်းတရား ၄-ပါးထဲက ၁-ပါး ဖြစ်တဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့်ပါပဲ။
ရာသီဥတု အပူရှိန်ဟာ လူတွေကိုတွင် မဟုတ်ဘူး … ADSL မိုဒမ်း ကိုပါ ဒုက္ခပေးပါတယ်။ ပူလွန်းအားကြီးလို့ မိုဒမ်းလဲ အပူလောင်သွားပုံရတယ်။ ကွန်နက်ရှင်မရတော့ပါဘူး။ ဒါနဲ့ပဲ ဆေးရုံခဏ ပို့ထားရပါတယ်။ ပို့ထားတဲ့ အခိုက်အတန့်မှာ ကျမ အင်တာနက် သုံးလို့မရပါဘူး။ ဆိုင်မှာလည်း သွားမသုံးချင်တာကြောင့် ဒီရက်ပိုင်းမှာ အင်တာနက်မရတဲ့ ကျမဘ၀ ယောင်ချာချာနဲ့ ဖြစ်နေပါတော့တယ်။

တခုတော့ရှိပါတယ်။
အင်တာနက် မရတဲ့ အချိန်မှာ အိပ်ချိန် စားချိန် အလုပ်လုပ်ချိန် မှန်နေပါတယ်။ အထူးသဖြင့် ကျမ အိပ်ရေး၀၀ အိပ်ဖြစ်ပါတယ်။ အခုလည်း မိုဒမ်းက ဆေးရုံက ပြန်မဆင်းသေးပါဘူး။ တခြားလိုင်းနဲ့ ယာယီသုံးနေရတာပါ။ ဒါကြောင့် အရင်လို အချိန်ပြည့် အင်တာနက် မသုံးနိုင်သေးလို့ … ဘလော့အတွက် စာတွေ မတင်ဖြစ်ခဲ့ရင် နားလည်စွာနဲ့ ခွင့်လွှတ်ပေးကြပါ … လို့။

မေတ္တာဖြင့်
မေဓာဝီ
28th April, 07
8:20 pm

TZA said...

မင်္ဂလာပါမမေဓာ..

မလာဖြစ်တာကြာသွားပြီ၊ ဒီနေ့ပို့စ်အများကြီး တထိုင်ထဲဖတ်လိုက်တယ်၊ ကျေနပ်စရာ အတိပါပဲ။

ဒီပို့စ်ကို တော်တော်ကြိုက်ပါတယ်၊ တင်ပေးတာ ကျေးဇူးပါ။

ဒါနဲ့ ဟိုလူကြီးကတော့ သွေးကင်ဆာ ဖြစ်နေတယ်ကြားပါတယ်။