Thursday, April 19, 2007

ကျမလွမ်းသော သစ်ပင်များ

ဒီကနေ့ အပြင်သွားတော့ အပူဒဏ် သက်သာလို သက်သာငြား လမ်းတလျှောက်က အပင်တွေကိုပဲ ငေးမောနေမိတယ်။ အပင်ကြီးတွေကို ငေးမောကြည့်နေရင်းနဲ့ ကျမတို့ခြံထဲမှာ ရှိခဲ့ဖူးတဲ့ အပင်တွေကို ပြန်အောက်မေ့မိတယ်။ ရှိခဲ့ဖူးတဲ့အပင် … ဆိုတော့ အခုမရှိတော့လို့ပေါ့၊ အခုမရှိတော့တဲ့ အတွက် ကျမ လွမ်းပါတယ်။ လွမ်းလို့လည်း ဒီစာကို ရေးဖြစ်ပါတယ်။
***
အိမ်ရှေ့က တမာပင်

ခြံရဲ့ အရှေ့ဘက် စည်းရိုးနားမှာ တမာပင် အကြီးကြီးတပင် ရှိခဲ့ဖူးပါတယ်။ ဘယ်အချိန်ထဲက ဘယ်သူစိုက်ထားပြီး ပေါက်နေခဲ့တဲ့ အပင်ကြီးဆိုတာတော့ ကျမလည်း မသိပါ။ ကျမ သိတတ်စ အရွယ်ကတည်းက ဒီတမာပင်ကြီးကို မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ “တမာနုချိန် ကျေးဥချိန်” ဆိုတဲ့စကားအတိုင်း အခုအချိန်ဟာ တမာရွက်နုလေးတွေ ထွက်တဲ့ အချိန်လို့ ထင်တာပါပဲ။ အနားတွန့်လေးနဲ့ တမာရွက် နုနုစိမ်းစိမ်းလေးတွေကို ကျမသိပ်ချစ်ပါတယ်။ တမာပွင့်တွေ ပွင့်ချိန်မှာလည်း သူ့ရနံ့လေးဟာ လေတိုက်လိုက်တိုင်း သင်းသင်းကလေး မွှေးပျံ့လှပါတယ်။ “အညာတမာ ၀ါတာတာ၊ ရသာခါးခါး ငါမစား” ဆိုတဲ့ စကားကလည်း ဘယ်ကနေ ဘယ်လို နှုတ်ဖျားထဲ ရောက်လာသလဲ မသိပါဘူး။ ငယ်ငယ်က အော်အော် ဆိုနေမိခဲ့ပါတယ်။ ဒီလိုသာ အော်ဆိုနေမိပေမဲ့ ရသာခါးခါး တမာရွက်တွေကို အခါးကြိုက်တဲ့ ကျမက နှစ်သက်လှပါတယ်။

တမာပင်ဟာ မကောင်းတဲ့ ဓာတ်တွေကို စုတ်ယူနိုင်စွမ်းရှိတယ်လို့ ဆိုကြတယ်။ တမာပင်ကို ဖြတ်တိုက်လာတဲ့ လေဟာလည်း သန့်စင်သတဲ့။ ကျမတို့ အိမ်ရှေ့ လမ်းတဖက်မှာ အရင်တုန်းက သင်္ချိုင်းကုန်းရှိတာမို့ ခြံထဲမှာ တမာပင်ကြီး ရှိနေတာဟာ လုံခြုံမှု ရှိနေသလိုလို … မကောင်းသောဓာတ်တွေ အိမ်ထဲ မ၀င်နိုင်ဘူးလို့ ကျမတို့ ယုံကြည်ခဲ့ကြပါတယ်။

တမာရွက်တွေ ကြွေတဲ့အခါမှာ ရိုးတံခြောက်လေးတွေကို ကောက်၊ အရိပ်ထဲမှာ ခြောက်အောင်လှန်းပြီး အဘိုး သွားကြားထိုးဖို့ တမာရိုးလေးတွေ စုထားရပါတယ်။ တမာရိုးနဲ့ သွားကြားထိုးလေ့ရှိတဲ့ အဘိုးဟာ အသက်ရှစ်ဆယ်ကျော်သည်ထိ ပဲကြီးလှော်တွေ မြေပဲတွေ စားနိုင်ပါတယ်။

တနေ့မှာတော့ အဲဒီတမာပင်ကြီးဟာ အသစ်ဆောက်မယ့် အဆောက်အဦးနဲ့ မလွတ်လို့ ခုတ်ခံလိုက်ရပါတယ်။ တမာပင်က ကြီးလွန်းလို့ အလုပ်သမားတွေ အများကြီးနဲ့ ခုတ်ကြရတယ်။ ကြိုးတွေနဲ့ဆိုင်း လွှတွေနဲ့ဖြတ်နဲ့ နောက်ဆုံးတော့ ကျမနှစ်သက်တဲ့ ဒီတမာပင်ကြီးဟာ သစ်တုံးဘ၀နဲ့ မြေခရပါတော့တယ်။ အိမ်အတွက် တမာသား စဉ်းတီတုံးတွေ ရပေမဲ့လို့ တမာပင်ကြီး မရှိတော့တာဟာ ကျမအဖို့ နှမြောတသစရာ ပါပဲ။
အခုတော့ တမာပင်ကြီးနေရာမှာ ရုက္ခစိုး စင်ကလေးတခုသာ ခပ်ယဲ့ယဲ့ ကျန်ပါတော့တယ်။
***
အိမ်နောက်က ပိတောက်ပင်

ပိတောက်တွေ လှိုင်လှိုင်ပွင့်တဲ့ ဒီလို အခါမျိုးဆို အိမ်နောက်ဖေးက ပိတောက်ပင်ကြီးကို ပိုသတိရမိတယ်။ အဲဒီပိတောက်ပင်ကြီးကတော့ အဖေက အမေ့ကို ပေးခဲ့တဲ့ ပိတောက်ကိုင်းလေးကနေ ကြီးပြင်းလာတဲ့ အပင်ကြီးပါပဲ။ အဖေနဲ့ အမေ သမီးရည်းစားဘ၀မှာ အဖေက အပင်စိုက်တာ ၀ါသနာပါတဲ့ အမေ့ကို ပိတောက်ကိုင်း တကိုင်း အမေ့ခြံထဲမှာ စိုက်ဖို့ပေးခဲ့တယ်။ အဖေပေးတဲ့ ပိတောက်ကိုင်းကို အမေက အိမ်နောက်ဘက် ခြံစည်းရိုးနားမှာ သေသေချာချာ စိုက်ခဲ့ပါတယ်။ ပိတောက်ကိုင်းက တဖြည်းဖြည်း ရှင်သန်ပြီး ပိတောက်ပင်ပျိုလေး ဖြစ်လာသလို အဖေနဲ့ အမေရဲ့ သံယောဇဉ်တွေ မေတ္တာတရားတွေကလည်း တဖြည်းဖြည်း တိုးပွားလာခဲ့ပါတယ်။ အမေနဲ့ အဖေ ပြောပြောပြလို့ ဒီပိတောက်ပင်ရဲ့ ရာဇ၀င်ကို ကျမလည်း သိနေခဲ့တာပါ။ ကျမတို့ သိတတ်တဲ့အရွယ်မှာတော့ ဒီပိတောက်ပင်ကြီးက အခက်အလက် ဝေေ၀ဆာဆာနဲ့ လှပတဲ့ အပင်တပင် ဖြစ်လို့ နေပါပြီ။

ဒီပိတောက်ပင်ကြီးအောက်မှာ ကျမတို့ငယ်ငယ်က ဖျာလေးခင်းပြီး ကစားခဲ့ကြတယ်။ ပိတောက်ရွက်တွေ ခူးပြီး ဆော့ကြတယ်။ ပိတောက်ပန်းပွင့်ချိန်ဆို တပျော်တပါး ခူးကြတယ်။ နောက်တရက် အပွင့်ကြွေချိန်ဆို ၀ါဝါထိန်ထိန်ကျဲနေတဲ့ ပိတောက်ပွင့်ကြွေတွေ ခင်းထားတဲ့ မြေပြင်ကို မနင်းရက် နင်းရက် နင်းပြီး ပိတောက်လမ်း မှာ လမ်းလျှောက်ခဲ့ကြတယ်။

ခုတော့ ဒီပိတောက်ပင်ကြီးလည်း မရှိတော့ပါဘူး။ ဆီးချိုဖြစ်တဲ့ အမေ့အကို (ကျမဘကြီး)က ပိတောက်နှစ်ကို သောက်ရမယ်ဆိုလို့ ပိတောက်ပင်ကြီးကို ခုတ်လိုက်ကြတယ်။ ခုတ်ပြီး အတက်တွေ ပြန်ထွက် ပြန်ရှင်သန်လာပေမဲ့ အပွင့်မပွင့်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ အပင်ကြီးလည်း စိတ်မကောင်း ဖြစ်လေရော့လား မသိ၊ သေသွားပါတော့တယ်။ အဖေနဲ့အမေရဲ့ အမှတ်တရ သစ်ပင်ကြီးမို့ ဒီပိတောက်ပင်ကြီး သေသွားတော့ နှမြော ၀မ်းနည်းရတယ်။ အပင်ကြီး သေသွားပြီးနောက်ပိုင်း အမေလည်း ဒီပိတောက်ပင်အကြောင်း ပြောလေ့ မရှိတော့ပါဘူး။
***
ခြံထောင့်က လဲမှို့ပင်

လမ်းတလျှောက်မှာ အရွက်မပါ အကိုင်းထီးထီးနဲ့ အသီးတွေ တွဲလောင်းကျနေတဲ့ လဲမှို့ပင်တွေကို မြင်ရင် ခြံရဲ့ အနောက်ထောင့် ရေစင်ကြီးအနီးက လဲမှို့ပင်ကြီးကို သတိရမိပါတယ်။ နွေဦးမှာ သီးတဲ့ အသီးတွေက အစိမ်းရောင်ကနေ တဖြည်းဖြည်းနဲ့ နွေလယ်လောက်မှာ ခြောက်ပြီး ခပ်ညိုညိုလေးတွေ ဖြစ်လာပါတယ်။ အသီးတွေ အက်ကွဲချိန်ဆိုရင် အဲဒီထဲက အဘိုးကြီး အဘွားကြီးလို့ ကျမတို့ခေါ်တဲ့ မှို့ဝတ်ဆံလေးတွေ လေမှာပျံဝဲနေတတ်ပါတယ်။ လေထဲမှာ လွင့်ပျံနေတတ်တဲ့ မှို့ဝတ်ဆံလေးတွေကို လိုက်ဖမ်းပြီး ကျမတို့ ငယ်ငယ်က ဆော့ကစားခဲ့ကြပါတယ်။

ရင့်လာတဲ့အသီးတွေကို အမေက ခူးပြီး ခွဲ၊ ထန်းခေါက်တောင်းကြီးထဲ ထည့်၊ ၀ါးဒလက်လေးနဲ့ လှေ့တဲ့အခါမှာ ခေါင်းအုံးတွေထဲ သွတ်လို့ရတဲ့ မှို့တွေရလာပြီပေါ့။ ကျမတို့လည်း ဆော့ချင်တာနဲ့ပဲ ၀ါးဒလက်လေးနဲ့ ကူပြီးမွှေပေးကြပါတယ်။ နွေကျောင်းပိတ်ရက်ဆို အမေက ခေါင်းအုံးတွေထဲက မှို့အဟောင်းတွေ ထုတ်၊ မှို့အသစ်နဲ့ရောပြီး ခေါင်းအုံးအသစ် ပြန်လုပ်ပေးလေ့ရှိပါတယ်။ ခုလို ပူအိုက်တဲ့ ရာသီနဲ့ မှို့လှေ့တဲ့အနား သွားတဲ့အခါ နှာခေါင်းပိတ်သလိုလို အသက်ရှူကျပ်သလိုလို ခံစားရတတ်တယ်။ ဒါပေမဲ့လည်း ဆော့ချင်တော့ သွားကြတာပါပဲ။

မှို့တပင်ရဲ့ သက်တမ်းက ဘယ်လောက်ရှိသလဲတော့ ကျမလည်း မသိပါဘူး။ ခြံနောက်ဖက်ထောင့်က ဒီမှို့ပင်ကြီးဟာ ကျမတို့ ဂရုမပြုမိတဲ့ တချိန်ချိန်မှာ သေဆုံးသွားခဲ့ ပြန်ပါတော့တယ်။
ခုလို နွေလလယ်တွေမှာ အဘိုးကြီး အဘွားကြီးတွေ လေထဲ လွင့်ဝဲ လာတာ မြင်တိုင်း အဲဒီ လဲမှို့ပင်ကြီးကို အမှတ်ရ နေမိပါတော့တယ်။
***
အခန်းရှေ့က ခရေပင်

ခရေပင်ကလေးကတော့ အပင်ပျိုကလေးပါ။
ကျမရဲ့ အိပ်ခန်း ပြတင်းပေါက်ရှေ့မှာ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လှနေတဲ့ အပင်ကလေးပေါ့။ မနက်ခင်းဆို ခရေပင်ရဲ့ အရွက် အုပ်အုပ်တွေကြားထဲမှာ နေကြတဲ့ စာကလေးတွေရဲ့ ကျလိ ကျလိသံ ဆူဆူညံနဲ့ အမြဲ နိုးထခဲ့ရတယ်။
ဒီအချိန်လို ခရေပန်းပွင့်တဲ့ အချိန်အခါတွေမှာ ခရေဖူးကလေးတွေ ခရေပွင့်လေးတွေ လက်နဲ့ မမီတမီ လှမ်းခူးခဲ့ကြဖူးပါတယ်။

ခရေပင်လေးနဲ့အတူ သတိရမိတာက … ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေး ၂ပုဒ်ကိုပါ။
လယ်တောကပြန် .. နဲ့ ခရေပန်းကောက် ကဗျာလေး ၂ ပုဒ်ပေါ့။

လယ်တောကပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး ။ … ။


ခရေပန်းဟာ အညတြပန်းကလေးတဲ့လား။ နှင်းဆီလောက် မထည်ဝါရှာဘူးကိုး။ ဒါပေမဲ့ ကျမကတော့ ခရေပန်းကလေးတွေကို အလွန်မြတ်နိုးမိပါတယ်။

မောင်လေးရေ … ထပါတော့
ရောင်နီလာလှပေါ့။
တကျော့နှစ်ကျော့ တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့ မောင်လေးရယ်
ပန်းကောက်ချေစို့ကွယ်။
ပန်းသယ်လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ … ။


အပွင့်ပွင့်ခါစ ခရေပင်ပျိုလေး အောက်မှာ ခရေပန်းလေးတွေ တပွင့်တလေ ကောက်ရင်း ဒီကဗျာလေး ရွတ်ဆိုမိတယ်။ ကျမမောင်လေးက ခပ်ငယ်ငယ်ပေါ့။ အပင်ပျိုလေးမို့ ပန်းသယ် လုပ်ရလောက်အောင် ပန်းတွေ ကုံးရလောက်အောင် အများကြီး မပွင့်တတ်သေးပါဘူး။

ဒီခရေပင်ပျိုကလေး သေဆုံးသွားပုံကလည်း နှမြောစရာပါ။ ကျမအိပ်ခန်းခေါင်းရင်း ပြတင်းပေါက်နားမို့ အိမ်နဲ့ အရမ်းကပ်လွန်းတယ်ဆိုပြီး အဘိုးက အိမ်နဲ့လွတ်ရာနေရာ ကို ပြောင်းရွှေ့ စိုက်ခိုင်းပါတယ်။ အပင်က တော်တော်ကြီးနေပြီမို့ မဖြစ်နိုင်တော့ပေမဲ့ အဘိုးစကား မလွန်ဆန်ရဲတဲ့ ကျမတို့မှာ အမြစ်ကနေ တူးပြီး ရွှေ့စိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ ခရေပင်ပျိုလေးကတော့ နေရာသစ်မှာ မရှင်သန်နိုင်ခဲ့ပါဘူး။

ခရေဖူးလေးတွေ မြင်တိုင်း … ခရေပန်းကုံးလေးတွေ ၀ယ်တိုင်း … ခရေပင် အုပ်အုပ်လေးတွေ အောက်က ဖြတ်လျှောက်မိတိုင်း … ကျမအိပ်ခန်း ခေါင်းရင်းက ခရေပင်ပျိုလေးကို လွမ်းမိပါရဲ့။
***
အပြင်လမ်းတလျှောက်က တခြားသစ်ပင်တွေကို ကြည့်ရင်း ကျမနှစ်သက်ခဲ့ဖူးသော … ကျမနဲ့ ရင်းနှီးခဲ့ဖူးသော … ဒီအပင်တွေကို လွမ်းတသသ ဖြစ်နေမိပါတယ်။
ကျမလွမ်းတဲ့ ဒီသစ်ပင်တွေဟာ သဘာဝကြောင့်ဖြစ်စေ၊ သက်တမ်းကုန်လို့ဖြစ်စေ၊ တစုံတယောက်ရဲ့ ပယောဂ ကြောင့်ဖြစ်စေ သေဆုံးခဲ့ရပါတယ်၊ ဒါပေမဲ့ သူတို့ မသေခင်မှာ လောကအတွက် အနည်းနဲ့ အများတော့ ကောင်းကျိုး ပေးခဲ့ကြတာချည်းပါပဲ။ ဒါကြောင့်လည်း အချိန်တွေကြာလာပေမဲ့ သူတို့ကို မမေ့နိုင်အောင် ဖြစ်နေရတာပေါ့။

ကျမသည်လည်း တချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့မယ်ဆိုရင် …. ကျမကို လွမ်းသောသူ တမ်းတသောသူ တယောက်တလေများ ရှိပါ့မလားလို့ …. ဒီအပင်တွေကို သတိရရင်းက တွေးနေမိပါတော့တယ်။
***
မေဓာဝီ
19th April, 2007
10:30 am

9 comments:

Pawakayee said...

တို့အိမ်သာနောက်ဘေးက တမာပင်ပေါက်စကလေးအကြောင်းကျန်နေပါသေးတယ် ညီပလေးရယ်။ တို့ကျိုက်တဲ့ တမာပင်အကြောင်းလဲ ရေးပေးပါအုံးလားကွယ်။ တို့သိပ်ဖတ်ချင်တယ်။

Pawakayee said...

တို့ကိုကော မလွမ်းဘူးလား

ကလိုစေးထူး said...

စာတပုဒ်ရေးတယ်ဆိုတာ အတွေးတွေ၊ အချိန်တွေ၊ ခံစားချက်တွေကို ဆီလျော်အောင် ပေါင်းစပ်မှသာ စာကောင်းတပုဒ်ရေးလို့ရပါတယ်။ တကယ်ဆိုရင် မမေဓာဝီရေးထားတာကို မကြိုက်ရင် မကြိုက်တာကို ဝေဖန်လို့ရပါတယ်။ ထောက်ပြလို့ ရပါတယ်။ အပေါ်က ကွန်မန့်ရေးသူဟာ သဘောရိုးနဲ့ ပြောတာ ဟုတ်ပါ့မလားလို့ စဉ်းစားစရာ။ ဒီလို ရိထေ့ထေ့နဲ့ တပါးသူရေးထားတဲ့ စာစုကို လှောင်ပြောင်တာကတော့ မသင့်တော်ဘူးလို့ မြင်ပါတယ်။

ဇနိ said...

မမေ
လေးစားပါ၏။
ပထမ - စာမှန်မှန်ရေး၏။
ဒုတိယ - မမေ၏စာသည် ရင်ထဲ၌ တစ်ခုခုကျန်စေ၏။
ကျနော် မမေဘဘော့ကို အမြဲတမ်းလာဖတ်ပါသည်။
ကျေးဇူးတင်ပါသည်။

Yan said...

လွမ်းတယ်ဗျာ. ကျွန်တော်လည်း လွမ်းနေလို့ ခင်မောင်တိုးနဲ့ ငြိမ့်နေတာ. ခုအလွမ်းပြေ မမေရဲ့ ဘလော့ဂ်ကို ၀င်ဖတ်လိုက်တယ်.

လွမ်းပြီး ပြန်ထွက်သွားပြီဗျာ...
သစ်ပင်လေးတွေကိုကြည့်ပြီး ဩဇဂုဏ်မြောက်အောင် ရေးသွားနိုင်တာကို တကယ်ကို လေးစားပါတယ်ဗျာ....

:D

Anonymous said...

ဘ၀ခရီးသွားရယ်လို့
လဒအကြီးစား နှမအလှူရှင်ကို
ငါ့မူအမြင်ထောက်ပြရရင်ဖြင့်
ယောက်ဖရဲ့ ဘလော့ခ်စာလွှာဟာ
ဆော့စရာ ကလေးကလားလိုပ
အရေးအသား မဟန်တဲ့ပြင်
အတွေးပွားစရာ ဘာမျှမရှိတာကြောင့်
က၀ိမမည် ကဝေမဖြစ်နိုင်ဘု
ကလေကချေ အတွင်းသဘောနဲ့
မင်းမပြောသင့်ဘူးးးးးးးးးး။....။

Anonymous said...

မမေရဲ့ တမာပင် ၊ ပိတောက်ပင် ၊ လဲမှို့ပင် ၊ ခရေပင်တွေ အကြောင်းဖတ်ပြီး ညီမတောင် အဲဒီအပင်တွေကို လွမ်းသွားတယ် ။ အဲလို အပင်ကြီးတွေနဲ့ မမေတို့ ခြံဟာလည်း တော်တော်ပျော်စရာ ကောင်းမယ်လို့ တွေးမိတယ် ။ နောက် အဲဒီအပင်တွေနဲ့ ပတ်သက်တဲ့ ဇာတ်လေးတွေကို ဖတ်ရတာလည်း စိတ်ထဲ ကြည်နှုးမိတယ် ။ ညီမလည်း ခရေပန်းကို ပန်းတွေအားလုံးထဲ အကြိုက်ဆုံးပဲ ။

Pawakayee said...

ကလိုစေးထူးပြောတာမှန်ပါတယ်။ ကျနော်က အနောက်သန်တဲ့လူပါ၊ ဒီနေရာမျိုးမှာ မနောက်သင့်ပါဘူး၊ မထီလေးစားရာ ရောက်ပါတယ်။ မမေဓာဝီကော၊ မမေဓာဝီရဲ့ဘလော့ ပရိတ်အားလုံးကိုရော တောင်းပန်ပါတယ်။ comment ပေးတာတော့မဟုတ်ပါဘူး။ မမေဓာဝီရဲ့အရေးအသားကို အမြဲဖတ်နေပါတယ်။ ကျနော့ကို ၀ိုင်းဝန်းထောက်ပြတဲ့အတါက် ကျေးဇူးတင်ပါတယ်။

Anonymous said...

TQ မေဓာဝီ for the lovely posting. Please my you kindly allow me to copy your ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေး-”လယ်တောကပြန်” and use in my web page @ http://drkokogyi.wordpress.com/2011/04/01/min-thu-wuns-poemrose-vs-kha-yae-flower-%e1%80%81%e1%80%b1%e1%80%9b%e1%80%95%e1%80%94%e1%80%b9%e1%80%b8/
TQ again
With regards
Dr Ko Ko Gyi
Kuala Lumpur