Sunday, April 15, 2007

ပြောင်းလဲခြင်း ... သင်္ကြန် (၃)

နံနက်ခင်းသည် ချစ်မြတ်နိုးဖွယ်ရာ တင့်တယ်နေ၏။
ဝန်းကျင်မှာ ပန်းရနံ့တွေ သင်းထုံနေသလိုလို ရှူရှိုက်ရသော လေက သင်းတပျံ့ပျံ့။
ပြတင်းပေါက်က လှမ်းကြည့်တော့ မျက်နှာချင်းဆိုင် လမ်းတဖက်မှာ အုန်းလက်မဏ္ဍပ် ငယ်ငယ်လေးက ငုဝါပန်းတွေ မြိုင်မြိုင် ဆိုင်ဆိုင် ချိတ်ဆွဲထားသဖြင့် ၀င်းတဖန့်ဖန့်။
မဏ္ဍပ်ရှေ့မှာ ရေတိုင်ကီတွေ ရေပုံးတွေ ချထားပြီး လူတချို့လည်း ရေစိုရွှဲနေကြပြီ။
ဖြတ်သွားသော ကားပေါ်မှလူတွေ … လမ်းပေါ်မှာ လျှောက်သွားသော လူတွေ …
သူတို့အားလုံးကို ကြည့်ရတာ အပူအပင်ကင်းသော အပျော်မျက်နှာ၊ ပြုံးစ နှုတ်ခမ်းတွေဖြင့် … ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၅၊ တနင်္ဂနွေနေ့။

မဟာ သင်္ကြန်အကြတ်နေ့။

နုပျိုသည့် သဘာဝအလှတို့ဖြင့် ထုံမွှမ်းထားသော ဒီနေ့သည် သင်္ကြန် သုံးရက်၏ အလယ်တည့်တည့်။ အမြူးကြွ ဆုံး၊ အတက်ကြွဆုံး၊ အလှပဆုံးသော သင်္ကြန်အကြတ်နေ့သည် ရင့်ကျက်သယောင် ဟန်ဆောင်ထားသည့် လုံမပျိုသဖွယ် ရှက်စနိုးဖြင့် တလှမ်းချင်း တိုးဝင်လာခဲ့ပေပြီ။

အဲဒီတုန်းက သင်္ကြန်ရက်တွေသည်လည်း သူ့အတွက် အမှတ်တရ ဖြစ်ခဲ့ရဖူးပါသည်။
ဒါပေမဲ့ ကြာခဲ့ပြီမို့ ဦးနှောက်ရဲ့ အမှတ်သညာထဲ သိပ်မရှိတော့။
နှလုံးသားရဲ့ အခန်းအကန့်ထဲလည်း ထည့်မထားမိတော့။
ဒါသည်ပင် ပြောင်းလဲခြင်း တခုလေလား။

စာအုပ်စင်ကို မွှေနှောက်ရှာရင်းမှ ကဗျာစာအုပ်ကလေး တအုပ် ထွက်လာသည်။ “မြန်မာနှစ်ဆန်းသုံးရက်နေ့” ဆိုသည့် လက်ဆောင်ရခဲ့ဖူးသော ကဗျာစာအုပ်။ သူ တဦးတည်းအတွက် ရည်ရွယ်၍ ရေးပေးထားသည့် တအုပ်တည်းသာ ရှိသော လက်ရေး ကဗျာစာအုပ်ကလေး။

ကြည့်ပါအုံးလေ … ။ ထိုနေ့တွေကို ပြန်လည် ခံစားကြည့်တော့ …
အတာအေးအေး၊ နံ့သာမွှေးမွှေးနဲ့ ကဗျာလေးတွေ ရေးဖွဲ့ခဲ့ကြသည်ပဲ။

ထိုနှစ်က သင်္ကြန်တွင်းမှာ ကဗျာ ၃-ပုဒ် ရေးဖြစ်ခဲ့သည်။ စုတ်ပြဲစ ပြုပြီး ဖုန်တက် နေသော ဒိုင်ယာရီ အဟောင်းလေးထဲတွင် အဲဒီကဗျာလေး ၃-ပုဒ် ထွက်လာ၏။

“နှစ်ဦး မင်္ဂလာ”

အတာကူးသည့် တန်ခူးသည်ချိန်ခါ …
ပျော်ရွှင်စရာ ရေစင်ပက်ဖြန်း လန်းဆန်းအေးမြစွာ
သာယာရှုခင်း ရင်တွင်းထိ ပီတိကျက်သရေဖြာ
ခါတလှည့် - လာခဲ့ပါ ကျွန်တို့ဌာနေရွာ။

ပိတောက်ဖူးတွေ … တင့်ထူးဝေေ၀ဆာ
ဝင်းဝင်းဝါ ငုဝါပန်းတို့ ရှုကာလှမ်းမြင်ရမှာ
ရွက်ဝါကြွေ မြေမှာလျှော လေလာသောအခါ
ရဂုံတော - သာမောဖွယ့် နွေဦးရဲ့ကဗျာ။

နှစ်သစ်ဦးမို့ ရည်စူးပို့ ကျွန့်မေတ္တာ
သတ္တ၀ါ မာပါစေကြောင်း ဆုမွန်ကောင်းတောင်းမှာ
ထပ်တခါ ဖြစ်လာတဲ့ပြစ်ပေါင်း တောင်းပန်ကြ၀န္ဒနာ
လတန်ခူး - လှထူးတဲ့ နှစ်ဦးမင်္ဂလာ ။ … ။
***
“နှစ်ဦး ဆုမွန်”

နှစ်သစ်ဦးမှာ …
ကြည်နူးစွာ ဆုမွန်ကောင်း
တောင်းဆုချွေမှာ၊
ရှေးဦးစွာ … သတ္တ၀ါအများ
စိတ်ချမ်းသာ ကျန်းမာလို့
ပျော်ကြစေသား။

ကမ္ဘာသား ကမ္ဘာသူ
အပူတွေ ကင်းစင်ဝေးပါလို့
ငြိမ်းအေးစေမူ၊
ပြစ်မယူ စစ်ဟူသည့်စကား
တို့နားဝယ် ဘယ်မကြား
ချမ်းမြေ့စေသား။

နှလုံးသား လှသူတွေ
ဘ၀တူ အဖော်ကောင်းနဲ့
ပေါင်းရပါစေ၊
သွေမကွာ သံသရာ လျှောက်လှမ်း
နောက်ဆုံးမှာ နိဗ္ဗာန်လမ်း
မြန်းရစေသား ။ … ။

***
“နှစ်ဦး လက်ဆောင်”

ဘယ်တော့မှ မနွမ်းတဲ့ ပိတောက်
ဘယ်တော့မှ မခမ်းခြောက်တဲ့ ရေ …
သည်နွေနှစ်ကူး
အချစ်ဦးတွက်
ဆက်သလိုက်မယ်
နှစ်ခြိုက်ကြည်နူး ..မြူးဖို့ရယ် ။ … ။


15th April, 1992
မဟာသင်္ကြန်အတက်နေ့
၁၃၅၃ ခု၊ နှောင်းတန်ခူးလဆန်း ၁၃-ရက်
ဗုဒ္ဓဟူးနေ့

ဆိုပြီး ကဗျာအဆုံးသတ် လက်မှတ်ရဲ့ အောက်မှာ ရေးထားသည်ကို တွေ့ရ၏။
လွန်ခဲ့သော ၁၅ နှစ်က။
ထိုစဉ်ကတော့ နုပျိုခြင်း၊ တက်ကြွခြင်း၊ လန်းဆန်းခြင်းတို့ဖြင့် ထုံသင်းနေခဲ့ပါသည်။
ခုချိန်မှာတော့ …
ဘယ်တော့မှ မနွမ်းသည့် သူ၏ သစ္စာပိတောက်ပန်းသည်လည်း
နွမ်းခြောက်ခဲ့လေပြီ။
ဘယ်တော့မှ မခမ်းခြောက်သည့် သူ၏ မေတ္တာရေစင်သည်လည်း
ခမ်းခြောက်ခဲ့လေပြီ။

တကယ်တမ်း အစစ်အမှန် မဟုတ်သည့် မေတ္တာတရား သစ္စာတရား တို့သည် အချိန်တွေ ရွေ့လျား သွားသည်နှင့် အမျှ ပြောင်းလဲတတ်ကြလေ၏။
သြော် …ပြောင်းလဲမှုများစွာဖြင့် တည်ဆောက်ထားသော လောကပေပဲ မဟုတ်လား။
ဒါကြောင့် သူ၏ ပြောင်းလဲခြင်းတွေကိုလည်း ခွင့်လွှတ်နိုင်ကြမည်ဟု ထင်ပါသည်။

ဒီလိုနှင့်ပင် သင်္ကြန် အကြတ်နေ့သည် မခွါချင့် ခွါချင် … ခွဲခွါသွားပေအုံးမည်။ အကြတ်နေ့ကုန်ဆုံးတော့လည်း … အတက်နေ့ဆိုတာ ရောက်လာလိမ့်အုံးမည် မဟုတ်ပါလား။
***
မေဓာဝီ
15th April, 2007
8:00 am

3 comments:

Anonymous said...

မင်္ဂလာရှိသော ၁၃၆၉ ဖြစ်ပါစေခင်ဗျာ။

အခု ၁၃၆၉ ဆိုမှ သတိရတယ်၊ သင်္ကြန်နဲ့ ပတ်သက်ပြီး ကျွန်တော်မသိတာတစ်ခု မေးခွင့်ပြုပါ။ မြန်မာပြက္ခဒိန်မှာ နှစ်ဆန်းတစ်ရက်နေ့က ကဆုန်လဆန်း ၂ ရက်နေ့၊ အကြတ်နေ့က ကဆုန်လဆန်း ၁ ရက်။ ဘယ်နေ့မှာ ၁၃၆၉ခုစတယ်လို့ ယူဆရမလဲ မမေရေ။ ကျွန်တော် နှုတ်ဆက်တာ တစ်ရက်များ စောနေလား။

Anonymous said...

မင်္ဂလာပါ ကိုပုထုဇဉ် ..
မြန်မာပြက္ခဒိန်ထဲကိုကြည့်တော့ ၁၃၆၉ က ဘယ်ရက်က စတယ်ဆိုတာ မပါဘူး။
ဒါကြောင့် ကဆုန်လဆန်း ၁ ရက်လား ၂ ရက်လား ကျမလည်း မသိပါဘူး။
ဒါပေမဲ့ သင်္ကြန်စာထဲမှာတော့ ဒီလိုရေးထားပါတယ်။
မဟာသင်္ကြန်တက်ချိန် - ၁၃၆၈-ခု၊ ကဆုန်လဆန်း ၁-ရက်၊ ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၁၆-ရက်။
နှစ်ဆန်းတရက် - ၁၃၆၉-ခု၊ ကဆုန်လဆန်း ၂-ရက်၊ ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၁၇-ရက် …. တဲ့။
ဒီတော့ နှစ်ဆန်းတရက်နေ့ကမှ စလို့ ၁၃၆၉-ခုနှစ် စတယ်လို့ ယူဆရမယ် ထင်ပါတယ်။
နှစ်သစ် ဆုတောင်းအတွက် ကျေးဇူးပါရှင်။

Anonymous said...

ပြန်ဖြေတာ ကျေးဇူးပါခင်ဗျာ။ အဲဒီတော့ ကဆုန်လဆန်း ၂ ရက်နေ့မှာမှ ၁၃၆၉ စတာပေါ့။ စိတ်ဝင်စားစရာပါ။