Friday, April 13, 2007

ပြောင်းလဲခြင်း ... သင်္ကြန် (၁)

သင်္ကြန်ဆိုသည် သင်္ကန္တ ဟူသော သက္ကဋ စကားမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။
ကူးပြောင်းခြင်း … အဟောင်းမှ အသစ်သို့ ကူးပြောင်းခြင်း အဓိပ္ပါယ်ဟု မှတ်သား သိခဲ့ရဖူး၏။
အဟောင်းတွေ ကျန်ရစ်ကာ အသစ်တွေ ပေါ်ပေါက်လာခြင်းသည် … သင်္ကြန်လား။
အဟောင်းတွေကို ပစ်ပယ်ကာ အသစ်တွေကို ဖက်တွယ်ခြင်းသည် … သင်္ကြန်လား။
အဟောင်းတွေကို ထားခဲ့ပြီး အသစ်တွေကို ကြိုဆိုခြင်းသည် … သင်္ကြန်လား။
အဟောင်း-အသစ် ပြောင်းလဲ ဖြစ်ပေါ်ခြင်းသည်ပင်လျှင် … သင်္ကြန်ပေပဲ လား။
မည်သို့ပင် ဖြစ်စေ …
သင်္ကြန်သည်ကား တနှစ်တခါ တန်ခူးလမှာ မပြောင်းမလဲ ကျရောက်လာ စမြဲ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၃၊ သောကြာနေ့။

မဟာ သင်္ကြန်အကြိုနေ့။

အိမ်တိုင်း အိမ်တိုင်းရဲ့ အိမ်ရှေ့မျက်နှာစာမှာ အတာအိုးကလေးနဲ့ ခုနစ်နေ့နံ အပွင့်အရွက်တွေ ထိုးကာ သိကြားမင်းကို ကြိုနေကြပြီ။
သိကြားမင်းကြီး လူ့ပြည်ကို တကယ် ဆင်းမဆင်း မသိသော်လည်း ရိုးရာမပျက် အစဉ်အလာမပျက် ရှေးဓလေ့ ထုံးတမ်း အတိုင်း ဆက်လက် လုပ်ဆောင်နေကြစမြဲ။

အကြိုနေ့တို့ ထုံးစံက ရေမပက်ရ။ ဒါပေမဲ့ ချွင်းချက်အဖြစ် ကလေးတွေကိုတော့ ပက်ခွင့်ပေးထား၏။
ပြောရရင်တော့ သင်္ကြန်အကြိုနေ့ဟာ အပြစ်ကင်းတဲ့ ကလေးငယ် တယောက်လိုပင်။

သူတို့ ကလေးဘ၀ တုန်းကတော့ …
သင်္ကြန်ရောက်ခါနီးပြီဆိုလျှင် အမေက ပလပ်စတစ် ရေဖလားလေးတွေ၊ ရေပုံးသေးသေးလေးတွေ၊ ရေပြွတ်လေးတွေ ၀ယ်ပေးတတ်သည်။ ဒါလေးတွေ ရပြီဆိုရင်ဖြင့် သင်္ကြန်ကို မျှော်ရပြီ။ သင်္ကြန် မြန်မြန်ကျပါစေ ဆုတောင်းကြရပြီ။ ရေပြွတ်တွေထဲ ရေထည့်ပြီး ဟိုဟိုဒီဒီ ထိုးပက် စမ်းသပ်နေကြပြီ။

တကယ်တမ်း သင်္ကြန်အကြိုနေ့ ရောက်ပြီဆိုရင်တော့ မနက်မိုးလင်းတာနဲ့ အိမ်ခြံဝင်းရှေ့ (ခြံဝင်းရှေ့ဆိုပေမဲ့ လမ်းမပေါ်မဟုတ်၊ လမ်းကြားလေး ထဲမှာသာ ဖြစ်သည်။) မှာ ရေပုံးတွေ ရေဇလားတွေချပြီး ဒီလမ်းကြားထဲ ၀င်လာသည့် လူလောက်သာ ပက်ကြရသည်။
လမ်းကြားလေးထဲသို့လည်း လူက သိပ်မလာ၊ ဈေးသွား ဈေးပြန် အိမ်ရှင်မအချို့၊ လမ်းသူလမ်းသား အချို့နှင့် ဈေးသည် အချို့လောက်သာ ရှိသည်။ သံဃာတော် မပက်ရ၊ စာပို့သမား မပက်ရ၊ ကိုယ်ဝန်ဆောင် မပက်ရ ဟူသည့် တားမြစ်ချက်ကိုတော့ သူတို့ အထူး ဂရုပြု လိုက်နာကြပါ၏။ ကျန်တဲ့သူတွေကတော့ လာထား၊ ကလေးရော ခွေးပါ မကျန် ဒီလမ်းကြားထဲ ဖြတ်သွားသမျှ အကုန် ပက်ကြလေတော့၏။

လမ်းသူ လမ်းသားတွေကလည်း ကလေးတွေ ပက်တာမို့ အပြစ်မဆို၊ ရပ်ပေးကြသည်၊ ငုံ့ပေးကြသည်၊ တမင်ပင် ကလေးတွေ စိတ်ကျေနပ်အောင် အပက်ခံကြသည်။ တချို့ နောက်တတ်သည့် အကိုကြီး အမကြီးတွေကတော့ အနားက ဖြတ်မလိုလို လုပ်လိုက်၊ မလာဘဲ ရှောင်သွားလိုက်နှင့် နောက်ဆုံး အလစ်မှာ အမြန်ဖြတ်ပြေး သွားတတ် ကြ၏။ သူတို့လည်း မမီမကမ်းနှင့် ပြွတ်နဲ့ထိုး၊ ခွက်နဲ့ပက် .. မီသလောက် ရေတပေါက်စင်စင် ပက်လိုက်ရလျှင်ပင် စိတ်ထဲ ဘ၀င်ကျ သွားကြပါသည်။
အိမ်အနားက အိမ်တန်းလျားမှာ နေသည့် အိန္ဒိယနွယ်ဖွား ကောင်မလေးကိုတော့ သူတို့တအိမ်လုံး စ-နေကျပင်။
အိမ်မှာလုပ်သည့် မုန့်ပေးမယ်ဟု ခေါ်ပြီး အိုးမည်းဖြင့်သုတ်တော့ နားညည်းအောင် အော်ငို၊ အယုတ္တ အနတ္တ စကားလုံးတွေဖြင့်ဆဲ၊ ရေတွေရွှဲအောင်လောင်းပြီး မုန့်တွေ ထည့်ပေးလိုက်တော့လည်း မျက်ရည်စီးကြောင်း အိုးမည်းမျက်နှာဖြင့် မုန့်ပန်းကန်ကိုင်ပြီး ကျေကျေနပ်နပ် ဖြစ်သွားပြန်ပါသည်။

ဒီကောင်မလေးကတော့ သူတို့လို လမ်းကြားလေးထဲမှာပဲ ရေပက်ခွင့်ရသူ မဟုတ်၊ လမ်းထိပ်ထွက်ထွက် ဘယ်သွားသွား ရွာရိုးကိုးပေါက် သွားလာခွင့်ရှိတာမို့ သူတို့ရှေ့မှ ခေါက်တုန့်ခေါက်ပြန် လမ်းသလားပြီး မနာလိုအောင် ညိုမြ လုပ်ပြနေတတ်သည်။ သူတို့ ရေပက်သည့် နေရာမှ ဘယ်နှစ်ခေါက် ဖြတ်ဖြတ် ..ဖြတ်တိုင်းပင် အမိအရ လိုက်ပက်ရတာကလည်း ပျော်စရာပင်။ ဒင်းကလည်း လျင်သည်၊ သူ့ခန္ဓာကိုယ် သေးသေးလေးနှင့် လှစ်ခနဲ လှစ်ခနဲ မမီအောင် ပြေးတတ်၏။

ပက်စရာလူမရှိလျှင် ကိုယ့်အချင်းချင်း ပြန်ပက်၊ ခွေးလာလျှင် ခွေးလည်းမနေရ၊ တစီးတလေ ၀င်လာသော ကားကိုလည်း အလွတ်မပေး၊ အိမ်က လူကြီးတွေပင်မချန် ဒီရှေ့မှ ဖြတ်တာနှင့် သူတို့ရေထိမှ ကျေနပ်ကြလေသည်။
ဒီလိုနှင့် ခြံဝင်းရှေ့က မြေနီလမ်းကလေးလည်း အကြိုနေ့ ညနေစောင်းတော့ ဗွက်ပေါက်နေပြီ။ သူတို့တတွေလည်း လက်တွေ ပဲကြီးရေတွန့်၊ နှုတ်ခမ်းတွေပြာ၊ ဂါဝန်တွေရွှဲ၊ သဲတွေကပ်နဲ့ ဖလပ် ဖလပ် ဖြစ်နေကြပြီ။

“၀င်ခဲ့ကြတော့ …ရေချိုးမယ်”
အမေ့ခေါ်သံကို နာခံရင်း ရေမိုးချိုး အ၀တ်အစားလဲ၊ စားသောက်ပြီးတာနှင့် မျက်စိက စင်းနေပြီ။ တနေ့လုံး ရေကစားထားတာကြောင့် ပင်ပန်းလှပြီ။ အိပ်ရာထဲ တိုးဝှေ့ပစ်လှဲရင်း နောက်တနေ့အတွက် ရေကစားကြရမည့်အကြောင်း အိပ်မက်တွေမက်ရင်းနှင့်ပင် … အကြိုနေ့လေး အဆုံးသတ်ရ လေတော့၏။
***
မေဓာဝီ
13th April, 2007
00:30 am

5 comments:

Anonymous said...

မမေရေ နှစ်သစ်မင်္ဂလာပါ ပျော်ရွှင်ပါစေရှင်

Anonymous said...

Don't make me cry !!! i miss my home and my old friends who were playing together while i was a child. thanks Ma May,...now i am away from my lovely tradition for a long time....

နတ္ထိ said...

“သုမင်္ဂလော အဘိန၀သံဝစ္ဆရော” “မင်္ဂလာ နှစ်သစ်”ပါတဲ့ဗျာ။

Anonymous said...

ငယ်ငယ်တုန်းက ရေကစားခဲ့ကြတာကို သတိရတယ်ဗျာ။ တမနက်လုံး ရေကစားပြီး နေ့လည်မှာ ရှိသမျှ မုန့်ပေါင်းစုံစားပြီး တရေးအိပ်ရတဲ့ အရသာကို လွမ်းနေမိတယ်။

Anonymous said...

ညလေး .. ကိုနတ္ထိ .. နှစ်သစ် ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။
ကိုမောင်ကြီးနဲ့ ကိုပုထုဇဉ် .. ကျမလည်း ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်အမှတ်ရလို့ ရေးလိုက်တာပါ။ ပျော်စရာကောင်းတဲ့ အဲဒီအချိန်လေးတွေ ပြန်မရနိုင်တော့တာမို့ အလွမ်းပြေပေါ့ …။
အားလုံး နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ … ။