Wednesday, April 11, 2007

ကျမနှင့် သင်္ကြန်သီချင်းများ (၃)

နောက်ဆုံး သင်္ကြန်သီချင်း ၁ ပုဒ်မတင်ခင် … ကျမမိတ်ဆွေကြီး ကိုပြူးကျယ်ကို တောင်းပန်ရအုံးမယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ဆိုတော့ အမှန်မယ် ကိုပြူးကျယ်ထံပေးစာ တင်ရမယ့် နေ့ပါပဲ။ ပြီးခဲ့တဲ့ တပတ်ကလည်း မတင်ဖြစ်လိုက်ဖူး။ ဒီကနေ့လည်း သင်္ကြန်သီချင်း တင်ချင်တာကြောင့် ကိုပြူးကျယ်ထံပေးစာကို ခဏရပ်ဆိုင်း ထားရပြန်ပါပြီ။ လာမယ့်တပတ်ကျမှပဲ တင်ပါတော့မယ်၊ လာမယ့်တပတ် မတင်ဖြစ်တော့လဲ နောက်တပတ်ပေါ့။
သင်္ကြန်နားနီးတော့ ရာသီစာလေးတွေ တင်ချင်တာမို့ ခွင့်လွှတ်ပါ ကိုပြူးကျယ်ရှင့် …။
***
ကျမနဲ့ တူးပို့
***
ကျမ ငယ်ငယ်ထဲက ပါးစပ်ဆိုင်းတီးသံတွေနဲ့ နားယဉ်ခဲ့ဖူးပါတယ်။
အဖေသီချင်းဆိုပြရင် တီးလုံးနေရာမှာ တီးလုံးသံကို နှုတ်ကပုံဖော်ပြီး ဆိုပြလေ့ရှိသလို … ကျမကို ထိန်းတဲ့ အမကြီးကလည်း ပုံပြင်ပြောပြော ရုပ်ရှင်ဇာတ်လမ်းပဲ ပြောပြော နောက်ခံတေးဂီတ ခေါ်မလား အဲဒီလို အသံတွေ ထည့်သွင်း ပြောပြတတ်တယ်။ အဲဒီလို ပြောပြတာဟာ မျက်စိထဲ မြင်ယောင်လာစေတာမို့ ကျမ သိပ်သဘောကျပါတယ်။

တပ်ဗေတိုးဗေ.. လို့ဆိုလိုက်ရင် ကဗျာလွတ်အက ကို မြင်ယောင်လာစေသလို
ဗေပုံ ထိပုံထိ … ဆိုရင်တော့ လက်ဝှေ့ပွဲမှာ နင်လား ငါလား အပြိုင်ထိုးသတ်နေကြပုံကို မြင်ယောင်လာမိတယ်။
ဒန်တန့်တန် … ဆိုရင် ရုပ်ရှင်ထဲမှာ တခုခုဖြစ်တော့မှာမို့ တီးလေ့ရှိတဲ့ အသံမို့ တခုခုထူးခြား ဖြစ်စဉ်လေးပဲ ဖြစ်လာတော့လေမလား … တထိတ်ထိတ်နဲ့။
အဲ … တူးပို့ တူးပို့ … အသံကြားပြီဆိုရင် သင်္ကြန် ရောက်တော့မယ် ဆိုပြီး သင်္ကြန် အငွေ့အသက်ကလေး ကိုယ့်နား ရောက်လာသလို ပိတောက်ပန်း ရနံ့လေး ရလိုက်သလိုလို …မြေသင်းနံ့လေး ရှူရှိုက်ရသလိုလို ….. ခံစားမိပါရဲ့။ ဒါဟာ ပါးစပ်ဆိုင်းတီးတဲ့ တီးလုံးသံလေးတွေကို ကြားတာနဲ့ ဖြစ်ပေါ်လာတတ်တဲ့ ကျမရဲ့ ခံစားချက် တွေပေါ့။

အခု ဒီသီချင်းလေးက အလွယ်ပြောရင်တော့ တူးပို့ သီချင်းလို့ ပြောကြတာပဲ။ အမှန်တကယ်တော့ နွေဦး နဲ့ ရွှေမန်းမာလာ ၂ ပုဒ် ကို ပေါင်းစပ်သီဆိုထားတဲ့ သီချင်းလို့ သိရပါတယ်။ ဒီသီချင်း ၂ ပုဒ်တွဲ ကိုတော့ သင်္ကြန်မိုး ရုပ်ရှင်ထဲမှာမှ စပြီးကြားဖူးတာပါ။ ကျမဆီမှာ နုတ်စ်ရှိတဲ့ သင်္ကြန်သီချင်း ၃-ပုဒ်အနက် တူးပို့ သီချင်းကို တီးရတာ လက်အတွေ့ဆုံး ဖြစ်ပါတယ်။ တူးပို့ဆိုတဲ့ သင်္ကြန်ဒိုးသံလေးကို သီချင်းစာသားအဖြစ် ထည့်ရေးစပ် ထားတာလည်း အလွန်လှပြီး ချစ်စရာ ကောင်းတယ်လို့ ကျမကတော့ ထင်တာပါပဲ။ ၀ါသနာပါရင် တီးကြည့်ကြပါအုံး။


တူးပို့ (နွေဦး +ရွှေမန်းမာလာ)
*(သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးသံမြူးသာယာ
သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးမာရဲ့နော်ဗျာ
ငွေငန်းသံစုံ တူးပို့ တူးပို့ အာရုံဖျော်ဖြေမှာ
မယ်တို့ကိုလည်း တူးပို့ တူးပို့ မာပါစေခင်ဗျာ)*
ပိတောက်တွေ ၀င်းလျှံ ရွှေရည်လူး တူးပို့တူးလဲ့ဝါ
ညင်းလေးမြူးမြူး ဆော်ကာကျူး တူပို့တူးညင်သာ
သင်္ကြန်ရေအေးကာ အေးကာ
သင်္ကြန်ရေအေးကာ အေးကာ
ရွှဲရွှဲလောင်းပါ တူးပို့ တူးပို့
တူးသံမြူးသည် ချစ်ကြည်သင်္ကြန်ခါ
(*)
**(ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်
ဟောတရုံ ဟောတရုံ ပန်းမျိုးစုံတဲ့ပြင်
ရွှေမန်းမာလာ ပန်းဥယျာဉ် ရှုမငြီးအောင်ပင်
နှစ်ဦး ရေနန်း ငွေငန်းမောင်လန်းရွှင်)**
သင်္ကြန်လေ သုတ်ဖြူးဆော်သွေ အေးအေးညှင်းညှင်း
ဂီတတွင် ဆောင်ကြဉ်းလို့ပင်
ပျောင်းသွဲ့ တူယှဉ် နွဲ့ယိမ်းကာ ခေါ်သွေးငင်
သင်္ကြန်မာလာ ဖော်ဆွေ ပျော်စေချင်
မာကြစေ အခါရေသဘင်
သာကြစေ အခါရေသဘင်
ရွှဲအောင် စိုအောင် လောင်းပါတော့လေ ငန်းငွေတေးနွဲ့ယဉ်
ငေးလို့နေအောင်
လှစေ နှမရေ တောင်းတဲ့ဆုများပင်
(**)
ခါတော်ရေသဘင် ဆင်မြန်းတင့်ဆန်းယဉ် တေးသံပြိုင်လွင်
ပျော်ပျော်ရွှင်ရွှင် ငွေငန်းမောင်နဲ့ပင် တေးသံသာယဉ်
အတီးကကောင်း အကကကောင်း အဆိုကောင်း ချိုပြုံးရွှင်
စိတ်တိုင်းကျပေါ့ ဆွတ်ဖြန်းလောင်းပက် ခင့်နံ့သာရေစင်
အထင်များမှားပေါ့ အလှတိုးကြလို့ ၀င်းဝါပျိုနု ရွှေစင်မယ်ရဲ့ အသွင်
ရာသီတွေနှစ်တွေပြောင်းတောင် ဆုတောင်းဘယ်လို
မနှစ်ကထက် အလှပိုတယ်ထင် ကြာကြာလေယဉ်
လှလွန်းလို့လာရှာသူကို ဖိုးညိုမြ ဘွဲ့ကိုများ နှင်းမှာလားခင်
မြို့မလည်း ငန်းငွေဖြူယဉ် ဆောင်ရာရောက်လို့ပင်
သြော် .. နှစ်စဉ် … သူအင်မတန်ယဉ်
ခွါနိုင်ဘူးကွဲ့ ငွေငန်း သည်အနားတွင်
***
ကျမဘလော့ကို လာရောက် လည်ပတ်သူများ မြန်မာ အတာသင်္ကြန် အခါတွင်းမှာ သီချင်းလေးတွေနဲ့ ပျော်နိုင်ပါစေကြောင်း ဆုတောင်းရင်း … ကျမနှင့် သင်္ကြန်သီချင်းများကို နိဂုံးချုပ်လိုက်ပါတယ်။ တခြားသော သင်္ကြန်သီချင်း နုတ်စ်များ ရှိရင်လည်း ကျမကို ဝေမျှ ပေးကြပါအုံးရှင်။
***
မေတ္တာဖြင့်
မေဓာဝီ
11th April, 2007
9:00 am

5 comments:

Anonymous said...

မမေရေ... သင်္ကြန်သီချင်းသစ်တွေ ဘယ်လိုများတီထွင်ထားကြသလဲလို့ သိချင်လို့ အင်တာနက်မှာ ကြည့်တာ အောင်မလေး... ကိုယ်ကျပ် လည်ဟိုက်တွေဝတ်.. အနောက်နိုင်ငံတေးသွားတွေနဲ့... ဗမာသင်္ကြန်ဆိုတဲ့ အဓိပ္ပါယ် လုံးဝပျောက်နေတဲ့ တေးသရုပ်ဖော်တွေပဲ တွေ့ တယ် ။ ရန်ကုန်မှာရော တကယ်အဲလိုပဲလား ။

သင်္ကြန်မိုး ရုပ်ရှင်ထဲက သီချင်းတွေ ၊ ဇာတ်ဝင်ခန်းတွေကို လွမ်းမိတယ် ။

ကလိုစေးထူး said...

ဟိုမှာလည်းညံ
ဒီမှာလည်းညံ
ဘလော့ဂ်တွေမှာ စီစီညံတဲ့
သင်္ကြန်တေးသံ
မြူးကြွချင်ဟန်
ပြန်ချင်ရော့ ဟိုအဝေး
ငိုကြွေးကာ ဟစ်ချင်မိတော့
ဆွေးလှပေါ့လေး.....။

Anonymous said...

ချစ်မမမေ ... သင်္ကြန်နားနီးလေ မြန်မာပြည်ကိုသိပ်လွမ်းလေပါပဲ .. သီချင်းစာသားလေးတင်ပေးတာ ကျေးဇူးနော် ချစ်မမ ... နှစ်သစ်မှာ မမမေ ပျော်ရွှင်အေးချမ်းပါစေ ..

Anonymous said...

တူးပိုႚ သီခဵင္းဟာ ေႎၾဦး နဲႚ ရေမြန်းမာလာ ပေၝင်းထားတာ မဟုတ်ပၝဘူး။ အခု ဖော်ူပထားတဲ့ သီခဵင်း သုံးပုဒ်ဟာ အစဉ်လိုက်အာူးဖင့်
၁။ တူးပိုႚ
၂။ ရေမြန်းမာလာ
၃။ ဖိုးညိႂဴမ တိုႚ ဴဖစ္ပၝတယ္။
ဒီ သုံးပုဒ်လုံးကို ဆရ္ဘာမြိႚမ္ဘငိမ်း ရေးခဲ့ပၝတယ်။
ဒီသုံးပုဒ်ကို တဆက်တည်း တြဲဆိုလေ့ ရြိုကတာပၝ။
အရင် ရေးထားတဲ့ ညြိုမ ဆိုတဲ့ သီခဵင်းက ဒီဘက်ခေတ်ကဵမြ ရေးတဲ့ ဒုတိယ ညြိုမ ပၝ။ ရေးသူကိုတော့ ကဵနော် မသိပၝ။
သဳကႆန္ဆိုတာ ခဵစ္စရာ-

Anonymous said...

ဟုတ်တယ် ညီမလေးဂျစ်တူးရေ .. သင်္ကြန်ဆိုတာ အဲဒီလို ဖြစ်သွားခဲ့တာ ကြာပေါ့။

ငိုကြွေးကာ မဟစ်လိုက်ပါနဲ့ ကိုသံလွင်…ဝေးဝေးကသာ လွမ်းရတာပဲ ကောင်းပါတယ်။

မမေကို ဆုတောင်းပေးတာ ကျေးဇူးနော် ညီမလေး ဂျူး။

ကို/မ မိုးထက်ကို ကျေးဇူးထပ်မံ တင်ရှိရပြန်ပါပြီ။
ကျမက သင်္ကြန်မိုးသီချင်းထဲမှာ အဲဒီလိုတွေ့လို့ ရေးလိုက်တာပါ။ သေချာသိလို့တော့ မဟုတ်ဖူးရှင့်။
ခုလို သေချာသိသူက ရှင်းပြပေးတော့ ကျမတို့ မှတ်သားရတာပေါ့။

ကွန်မန့်အားလုံး အတွက် ကျေးဇူးတင်ပါတယ်ရှင်။