Wednesday, April 04, 2007

ပုထုဇဉ်နှင့် ဆင်ခြင်ခြင်း

“ဆင်ခြင်ခြင်း”

အညှီရှိရာ
အုံလာသည့် ယင်
ဖမ်းလျှင် မလွယ်
သူ .. လူလည် … ။
သွေးကြောစမ်းသပ်
ဆင်ခြင်တတ်တော့
ဖြတ်ကနဲရိုက်
အငိုက်မိသွား
သနားဖွယ် ..ခြင်။ … ။

(သုမောင်)
***
ဦးသုမောင်ရဲ့ ဒီကဗျာလေး မဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရစဉ်က ကျမ ၈ တန်း ၉တန်း လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။
ဖတ်ပြီး သဘောကျလို့ အိမ်က ဘလက်ဘုတ် ပေါ်မှာ မြေဖြူခဲနဲ့ ရေးထားလိုက်ရာက ခုထိအောင် အဲဒီကဗျာလေးကို မမေ့သေးဘဲ အမြဲ အမှတ်ရနေမိပါတယ်။
ကျမဟာ …ခြင် လိုလူစားမျိုးလား၊ ယင် လို လူစားမျိုးလား။
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိတယ်။

ဆင်ခြင်တုံတရားဟာ ထားကောင်းတယ်။ သို့သော် …ခြင်လိုမျိုး မရှုမလှ သေရမယ်။
ဒါဆိုရင် … ယင်လိုမျိုး မဆင်မခြင် နေရမလား။ ဒါလည်း မဟုတ်သေးဘူး။
ကိုယ့်အတွေးနဲ့ကိုယ် ရှုပ်နေမိပါတယ်။

တကယ်တမ်းက ဦးသုမောင်က ကဗျာလေးနဲ့ သရော်ထားပုံပါပဲ။
လောကမှာ ယင်ကောင်လိုမျိုး မဆင်မခြင် လုပ်တဲ့သူတွေက အသာရပြီး ခြင်လို စမ်းသပ် ဆင်ခြင်နေသူတွေက ဒုက္ခ ရောက်နေကြတယ် မဟုတ်လား။

အမှန်တော့ ဆင်ခြင်မှုဆိုတာဟာ မလိုအပ်တာမှ မဟုတ်ဘဲ။
ဘယ်နေရာမဆို သင့်မသင့် တော်မတော် ဆိုတာ စူးစမ်းဆင်ခြင်ဖို့ အရေးကြီးတာပါပဲ။ မဆင်မခြင် ပြုမိပြီးမှ နောင်တ တဖန် ပူပန်နေကြရသူထဲမှာ … ကိုယ်တိုင် မပါချင်ပါဘူး။ မဆင်မခြင် ပြုတတ်ကြသူတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရမှာလည်း စိုးရွံ့မိပါတယ်။ ဒါကြောင့်လည်း ဒီစာသားလေးကို ရေးမိတယ်။

လောကတခွင်တွင်
ဆင်ခြင်တုံတရား ကင်းမဲ့ကြကုန်သော
အကြင်သူများအား
မမြင်ရသောမျက်စိ
ထိုသူတို့၏စကား
မကြားမိသောနား
ငါ့အားရှိစေ … ။

ရေးပြီး ဘန်နာမှာ တင်ဖြစ်ခဲ့တယ်။
ကျမဟာ အမှန်ပဲ ဆင်ခြင်တတ်သူလား။
တကယ်တမ်းတော့ …တွေဝေတတ်သူပဲ ဖြစ်မယ်ထင်ပါတယ်။
ကျမဟာ အရာရာကို ဆင်ခြင်တတ်သူ တယောက်မှ မဟုတ်ပေပဲ။

ဟိုတနေ့က …
မဆင်မခြင် ပြုမိမှားခြင်းကြောင့် … အဲဒီရလဒ်အဖြစ် နာကျင်ခံခက် အရှက်ရခဲ့ပါတယ်။
ဒါကြောင့် ကျမ ဧပြီ ၁ ရက်နေ့က တင်တဲ့ပို့စ်မှာ ဧပြီအရူးလို့ ရေးခဲ့မိတယ်။
အရူးဆိုတာ ဆင်ခြင်ဉာဏ်မရှိတဲ့သူ။ ကိုယ်က ဘယ်သူ .. သူက ဘယ်ဝါ သေချာ မသိတဲ့သူ။
အကောင်း အဆိုး မဝေခွဲ နိုင်တဲ့သူ။ အမှန် အမှား မပိုင်းခြား နိုင်တဲ့သူ။
ကျမသည်လည်း အဲဒီ အခိုက်အတန့်အတွင်းမှာ ခဏ ရူးသွပ်သွားခဲ့မိပါရဲ့။
***
“နတ္ထိရဲ့ ပုထုဇဉ်”

ပုထုဇဉ်ကား အရူးသဖွယ်တည်း။
သင့်မသင့်ကို မစူးစမ်း
စွဲချင်ရာစွဲ
ဖြစ်ချင်ရာတောင့်တ
လုပ်ချင်ရာ လုပ်သည်သာတည်း။

(ကိုနတ္ထိဘလော့မှ)

ဒါပေမဲ့ ကိုနတ္ထိရဲ့ ဘလော့မှာ အဲဒီစာလေးကို မြင်လိုက်ရတော့ … ကျမ အသိတရား ရလိုက်မိပါတယ်။
ကျမဟာ ငါက ပုထုဇဉ်လူသားပဲ ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း မိုက်မဲရူးသွပ်တဲ့ အလုပ်တွေ လုပ်နေခဲ့မိတယ်။
လူဆိုတာ မှားတတ်တာပဲ ... ငါလည်း တခါတလေတော့ မှားမှာပေါ့လို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ရင်း အမှားတွေလည်း ဆက်ပြီး ကျူးလွန် မိတတ်ပြန်တယ်။
ဘာလို့များ နိမ့်တဲ့ဘ၀ကနေ မြင့်တဲ့ဘ၀ကို အရောက်လှမ်းဖို့ မကြိုးစားချင်ရတာပါလိမ့်။
ဒီလို ပုထုဇဉ် ဖြစ်ရတာကိုပဲ အကြောင်းပြချက် ပေးစရာတခု ရထားသလိုလို ခံယူနေမိပြန်ပါတယ်။

အန္ဓပုထုဇဉ်ဘ၀က ... ကလျာဏပုထုဇဉ်အဖြစ် တက်လှမ်းနိုင်ဖို့ ... သင့်မသင့်ကို ဉာဏ်နဲ့ စူးစမ်းဆင်ခြင်၊ အစွဲအလမ်းတွေကို နည်းနိုင်သမျှ နည်းအောင်ကြိုးစား၊ ဖြစ်ချင်တာ (လောဘ)တွေ တတ်နိုင်သမျှထိမ်း၊ လုပ်သမျှကို သတိလေး ကပ်ပြီး နေမယ်ဆိုရင် ...
ကျမရဲ့ ရူးသွပ်မှုများ ... မှားယွင်းမှုများ ... လျော့နည်းသွားလေမလား .... ဆင်ခြင် စဉ်းစားရင်း ငေးမော တွေးတော နေမိပါတော့တယ်။
***
မေဓာဝီ
4.4.2007
00:44 am
(ဒီကနေ့ ကိုပြူးကျယ်ထံပေးစာ တင်ရမယ့်နေ့ပါ၊ ဒါပေမဲ့ စာရိုက်ရမှာ ပျင်းနေလို့ ဒီတပတ်တော့ ခွင့်လွှတ်ကြပါအုံးရှင်)

4 comments:

Prince said...

Good one too, I have ever read a poem when I was young, that exposed every one is a kind of fool :)

We are going on our own way, own style, own imagination ....etc...

So that you are normal, every one is the same ...

နတ္ထိ said...

“Madness is my method”ဆိုတဲ့ စကားလေးကို သတိရတယ်ဗျ။ ဒါနဲ့ စကားမစပ်.. မမေဓာဝီ,ကျွန်တော့် Blogမှာ linkထည့်ခွင့်ပြုပါခင်ဗျာ။
(ပါဠိစပ်တေးထပ်လေးကို ဒီနေ့မှ တွေ့တယ်ဗျာ။ အတော် လှတယ်။ အဓိပ္ပါယ်ကလဲ ကြည်နူးစရာလေးပါ။ လိုင်းမကောင်းလို့ မနက်မှပဲ အဓိပ္ပါယ် တင်ပေးတော့မယ်)

Anonymous said...

ကျွန်တော့်ကို တည့်တည့်ပြောနေသလား မှတ်ရတယ်။ :))

Anonymous said...

အမ ရေးတာလေးတွေ ကောင်းတယ်၊ ခုမှ ရောက်ဖူတာပါ၊
နှစ်ရက်လောက်ရှိပီး၊ ဖတ်လို့ မကုန်သေးဘူး၊