***
အသက်ကလေး တဖြည်းဖြည်း ရလာတော့ မွေးနေ့ ရောက်ချိန်မှာ ကိုယ်ပျော်ဖို့ထက် အသက်တနှစ်ကြီးပြန်ပကော ... မရဏမင်းနဲ့ ရင်ဆိုင်ဖို့ နီးလာပကော ရယ်လို့သာ တွေးမိတော့တယ်။ တိုတောင်းလှတဲ့ ရှင်သန်ချိန်လေးမှာ အဓိပ္ပာယ်ရှိသော ရှင်သန်ခြင်းသာ ဖြစ်ချင်လာမိတယ်။ မွေးနေ့ မတိုင်ခင် ရက်တွေမှာ နေမကောင်း ခဏခဏဖြစ်တော့ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ပိုသိလာရတယ်။
.
ကျန်ခဲ့တဲ့ တလကျော်လောက်က ကိုယ့်ထက် အသက် ဆယ်နှစ်တိတိကြီးတဲ့ မွေးနေ့တူ ဝမ်းကွဲ အစ်ကို ဆုံးသွားတော့ အသုဘရှုသွားရင်း နောင် ၁၀ နှစ် ကိုယ် အသက်ရှင်သန် နေရပါ့မလား ... စဉ်းစားခဲ့မိပါသေးတယ်။ နောင် ၁၀ နှစ်ကို အသာထား ဒီအချိန် ဒီခန္ဓာကို စွန့်သွားခဲ့ရင်တောင် ဘယ်သူ့အပေါ်မှ ယုတ်မာ ကောက်ကျစ်ခဲ့ခြင်း မရှိတာမို့ မရဏလမ်းကို ဖြောင့်တန်းစွာ သွားရဲတယ်လို့ တွေးမိပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်ရပါတယ်။
.
ညက အမေနဲ့ မက်ဆန်ဂျာမှာ စကားပြောပြီး ကိုယ့်ကို မွေးပေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို အဝေးက ကန်တော့ခဲ့တယ်။ မိဘတွေအတွက် ကိုယ်ဟာ သမီးလိမ္မာ တယောက် မဖြစ်ခဲ့ရင်တောင် သမီးမိုက်တော့ မဟုတ်ခဲ့တဲ့အတွက် ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့ အမေနဲ့ အဖေကို ပြောချင်တာပါပဲ။ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နိုင်အောင် ခုချိန်ထိ သွန်သင်ဆုံးမ ပေးနေဆဲ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အမြဲ အမှတ်ရနေမှာပါ။
.
မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတော့ စင်္ကာပူမှာ နေ့ကူးသွားပြီမို့ ခင်ပွန်းသည်က မွေးနေ့ဆုတောင်း ပို့စ်လေး တင်ပေးပါတယ်။ များသောအားဖြင့် ဇနီးသည်အပေါ် နားလည်စွာ ခွင့်လွှတ်ပေးတဲ့ (တခါတလေ ပြောရဆိုရခက်ပြီး ကိုယ့်ထက်ခေါင်းမာသော) ခင်ပွန်းသည်ကို ကျေးဇူးတင်ပါတယ်။
.
သူပို့စ်တင်ပြီးနောက်မှာ မွေးနေ့ဆုတောင်း ပို့စ်လေးတွေ၊ ကွန်မန့်လေးတွေ မက်ဆေ့ခ်ျလေးတွေ ရောက်လာပါတယ်။ ညက အိပ်ချင်နေတာနဲ့ အားလုံးကို ချက်ချင်း မပြန်ဖြစ်ခဲ့ဘူး။ မနက်ကျမှ တယောက်ချင်းဆီကို ရင်ထဲက လှိုက်လှဲစွာ ကျေးဇူးစကား တုန့်ပြန်ပြောခဲ့ပါတယ်။ အခုချိန်ထိ မက်ဆေ့ခ်ျပို့သူ ကွန်မန့်ထဲက ဆုတောင်းပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း ထပ်ပြောပါရစေ။
.
မနက် ၇ နာရီ .... စာသင်၊ ၈ နာရီ ၄၅ ... ကျောင်းရှေ့ကို ကြွလာတဲ့ သံဃာတော်တွေကို မနက်စာ နန်းကြီးသုပ် လောင်းလှူပြီး ကျောင်းက ကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းတွေကိုလည်း နန်းကြီးသုပ် ဒါနပြုခဲ့တယ်။ နေ့လည်ပိုင်း ကလေးတွေနဲ့ ညနေ ကျောင်းမဆင်းခင် Happy birthday သီချင်းဆိုပြီး မွေးနေ့ကိတ် ခွဲခဲ့ရသေးတယ်။ ကိုယ့်မှာ သားသမီးမရှိပေမဲ့ သူတို့လေးတွေကို သားသမီးလို ချစ်နေရတာပဲ။ (တခါတလေတော့လည်း ပြောမရ ဆိုမရရင် စိတ်တိုတာပေါ့)
.
ညရောက်တော့ တနေ့တာရဲ့ ကုသိုလ်ကောင်းမှုတွေ ပြန်တွေးရင်း Happy birthday ဆိုတဲ့ ရိုးရှင်းတဲ့ ဆုတောင်းလေးကို သရုပ်ခွဲပြီး ပေးဆပ်သောပျော်ရွှင်ခြင်းနဲ့ ရယူသောပျော်ရွှင်ခြင်းများရဲ့ မတူညီတဲ့ အနှစ်သာရကို တွေးတော ဆင်ခြင် နေမိပါတော့တယ်။
***
မေဓာဝီ
21.08.17
ဝါခေါင်လကွယ်နေ့
22.00
No comments:
Post a Comment