********
သမိုင်းဆိုတာ ...
(၁)
.
စီးဆင်းနေတဲ့ မြစ်တစင်း ...
~~~~~~~~~~~
သြဂုတ်လဆန်းတုန်းက Grade 8 နဲ့ Grade 9 ကျောင်းသားတွေကို သမိုင်း စ သင်ရတယ်။ ကျွန်မ သမိုင်း သင်မယ်ဆိုတော့ ကျောင်းသူတယောက်က သမိုင်းသင်ရမှာ ပျင်းလိုက်တာ စာသင်ရင်း အိပ်ပျော်သွားမှာပဲ လို့ ပြောတယ်။ အင်းလေ ကျွန်မတို့ ငယ်ငယ်ကလည်း သမိုင်းဆိုတာ ပျင်းစရာ ဘာသာရပ်လို့ သတ်မှတ်ခဲ့တာပဲကိုး။
.
ငယ်ငယ်က ကျွန်မအပါအဝင် သူငယ်ချင်း အတော်များများက သမိုင်းဘာသာရပ်ကို ငြီးငွေ့ကြတယ်။ သမိုင်းကျက်ရမှာလည်း ပျင်းတယ်။ မှတ်ရခက်တဲ့ ခုနှစ်သက္ကရာဇ်တွေ၊ နာမည်တွေကိုလည်း စိတ်ပျက်ခဲ့ကြတယ်။ ဒါပေမဲ့ သမိုင်းစာမေးပွဲတွေနဲ့ ဝေးကွာလာချိန်မှာ သမိုင်းရဲ့ အရေးပါမှုတွေကို တစတစ နားလည်လာပြီး သမိုင်းပညာရပ်ကို တန်ဖိုးထားရကောင်းမှန်း သိလာခဲ့တယ်။

သမိုင်းဆိုတာ ပြဋ္ဌာန်းစာအုပ်ထဲမှာတွင် ရှိတာမဟုတ်ဘူး၊ စာအုပ်ထဲမှာပဲ ရပ်နေတာ မဟုတ်ဘူး၊ သမိုင်းဟာ စီးဆင်းနေတဲ့ မြစ်တစင်း ... ။
***
(၂)
.
အရိပ်ပမာ ...
~~~~~~~
သူတို့လေးတွေအတွက် ပြဋ္ဌာန်းစာအုပ်ကို ဗြိတိန်နိုင်ငံထုတ် History of the World ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ထားပါတယ်။ ဒီစကြာဝဠာကြီးနဲ့ ကြယ်တွေ ဂြိုဟ်တွေ၊ ကိုယ်နေထိုင်ရာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံက အစပြုပြီး ဒီနေ့ခေတ် အထိ နှစ်အပိုင်းအခြားအလိုက် ပုံလေးတွေနဲ့ ဖော်ပြထားတာမို့ စိတ်ဝင်စားစရာ စာအုပ်တအုပ်ပါပဲ။ စာသင်နှစ် တနှစ်တာ အတွင်း ဒီစာအုပ် တအုပ်လုံးတော့ သင်ကြားချိန် ရမှာ မဟုတ်ပါဘူး။ သမိုင်းက အဓိက ဘာသာရပ် မဟုတ်တဲ့အတွက် တပတ်ကို ၂ ချိန်ပဲ ပါပြီး အတော်အသင့် လောက်သာ ကောက်နုတ် သင်ပေးရမှာပါ။
.
ပြဋ္ဌာန်းစာအုပ် စမသင်ခင် ...

ဝှိုက်ဘုတ်မှာ What is history? ဆိုတဲ့ မေးခွန်းလေး စရေးပြီး သူတို့ကို မေးတော့ အဖြေတွေ အမျိုးမျိုး ပေးကြပါတယ်။ သူတို့အဖြေလေးတွေကို စုစည်း လိုက်တော့ History ဆိုတာ ဘာလဲ ဆိုတဲ့ အဖြေထွက်လာတာပါပဲ။ ဒီလိုနဲ့ နောက်ထပ် Why is history important? ဆိုပြီး မေးခွန်းလေး ထပ်မေးလိုက် အဖြေတွေ စုစည်းလိုက်နဲ့ အမေး အဖြေ လုပ်ရင်း သင်သွားလိုက်တာ အချိန် ကုန်မှန်းမသိ ကုန်သွားပါရော။
.
အဆင့်ဆင့် ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု၊ ဖန်တီးမှု၊ နိုင်ငံရေး၊ လူနေမှုစနစ်စတဲ့ အကြောင်းတွေကို ဥပမာလေးတွေန့ ပြောပြတော့ စောစောက "အိပ်ပျော်သွားမှာပဲ" ဆိုတဲ့ ကျောင်းသူလေးလဲ မျက်လုံးလေး တောက်ပပြီး စိတ်ဝင်တစား နားထောင်၊ မေးတဲ့ မေးခွန်းတွေကို တက်တက်ကြွကြွ ဖြေဆိုတာ တွေ့ရတယ်။
.
ကျွန်မတို့ ပြောကြ ဆိုကြ ဆွေးနွေးကြတဲ့ထဲမှာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း အကုန်စုံလို့ပဲ။ ပတ္တမြားငမောက်ပါသလို 9/11 လည်း ပါတယ်။ King Henry VIII အကြောင်းပါသလို ဂဠုန်ဦးစောလည်း ပါတယ်။ သီပေါမင်း ပါတော်မူတာ ပါသလို ချားလ်စ်နဲ့ ဒိုင်ယာနာ တို့ရဲ့ ဇာတ်လမ်း လည်း ပါတယ်။ သူတို့သိတာတွေလည်း သူတို့ပြော၊ ကျွန်မသိတာလည်း ကျွန်မက ပြောပေါ့ ... ။
.
ဒါတွေအားလုံးဟာ သမိုင်းပဲ မဟုတ်လား။ တိုင်းပြည် နိုင်ငံတခုမှာမှ သမိုင်းရှိတာ မဟုတ်ဘူး၊ လူတိုင်းမှာ သမိုင်းရှိတယ်၊ သမိုင်းဆိုတာ ကိုယ် ရှေ့ကိုသွားတိုင်း ကိုယ့်နောက်မှာ အရိပ်လို အမြဲပါနေတာ ... ။
***
(၃)
.
ကဗျာတပုဒ် ...
~~~~~~~~
သမိုင်းပညာရှင်တွေရဲ့ သမိုင်းဆိုင်ရာ အဆိုအမိန့်တွေ ပြောတဲ့အခါ ...
ဒေါက်တာသန်းထွန်းပြောတဲ့ “သမိုင်းကို လေ့လာတာ မအအောင်လို့” ... ဆိုတာလေး ဦးဆုံးပြောပြတော့ သူတို့ သိပ်သဘောကျကြတယ်။ ကျောင်းသား တယောက်က ...
.
“အိမ်ရောက်ရင် ပါပါးကို သွားမေးရမယ် ... သမိုင်းကို ဘာလို့ လေ့လာရတာလဲ ပါပါး သိလား လို့ .... ဟားဟား ... ပါးပါး သိမှာမဟုတ်ဘူး တီချာ ... ”
ပြောပြီး သူ့ဟာသူ သဘောတွေကျနေသေးတာ။
.
သမိုင်းကို လေ့လာခြင်းအားဖြင့် ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကနေ သင်ခန်းစာယူပြီး မကောင်းတာဆိုလည်း နောက်ထပ် မဖြစ်ရအောင်၊ ကောင်းတာတွေကို ပြန်လည် အသုံးချရအောင် ... စသဖြင့် ပြောပြရင်း စစ်ဘုရင်ကြီး နပိုလီယံရဲ့ စကား၊ အတွေးအခေါ်ပညာရှင်ကြီး George Santayana ရဲ့ စကားတွေ ရေးပေးဖြစ်တယ်။
.
History is the version of the past events that people have decided to agree upon.

(Napoleon Bonaparte)
.
Those who do not remember the past are condemned to repeat it.
(George Santayana)
.
သူတို့ကို ရေးပေးခဲ့တဲ့ quote သုံးခုအနက် ကျွန်မကတော့ အင်္ဂလိပ်ကဗျာဆရာ ရှယ်လီ ပြောတာကို အနှစ်သက် ဆုံးပါပဲ။
.
ရှယ်လီက ခုလို ပြောခဲ့သတဲ့။

History is a cyclic poem written by time upon the memories of man.
(Shelley, English poet)
.
သမိုင်းဆိုတာ ...
အမှတ်တရများစွာကို
အချိန်က ရေးဖွဲ့ထားတဲ့
ကဗျာရှည်တပုဒ် ... ။
... ... ...
(Shelley, English poet)
.
သမိုင်းဆိုတာ ...
အမှတ်တရများစွာကို
အချိန်က ရေးဖွဲ့ထားတဲ့
ကဗျာရှည်တပုဒ် ... ။
... ... ...
***
ကျင်လည်ရာ ဘဝမှာ ကာရန်ညီတဲ့ ကဗျာလှလှလေး တပုဒ် ဖြစ်အောင် ရေးဖွဲ့ဖို့ ကြိုးစားရပါဦးမယ်။
***
မေဓာဝီ
17.08.17
10.17
***
မေဓာဝီ
17.08.17
10.17
No comments:
Post a Comment