Friday, May 19, 2017

အပြာရောင် လမ်းခွဲ ...

အောက်တိုဘာရဲ့ မိုးရေစက်တွေဟာ …
ကွဲကွာခြင်းတွေ … ပူဆွေးမှုတွေ … ၀မ်းနည်းကြေကွဲခြင်းတွေကို
အစဉ်အမြဲ သယ်ဆောင်ခဲ့လေတယ် … ။

***
၇၊ အောက်တိုဘာ၊ ၂၀၁၁
၀၈း၅၆ နာရီ

.
အဲဒီနေ့က သူနဲ့ကျမ လမ်းခွဲခဲ့ကြတယ်။
ကျမရဲ့ အသုံးမကျမှု၊ အလိုက်မသိတတ် နားမလည်တတ်မှုတွေကြောင့်လား၊ ၄ နှစ်တာ ချည်နှောင်ခဲ့တဲ့ သံယောဇဉ်တွေ အဲဒီနေ့က အဆုံးသတ်ခဲ့တယ်။
.
ပျားပန်းခတ်အောင် လူတွေ စည်ကားလှတဲ့ ဘူတာရုံထဲကနေ လေးလံတဲ့ ခြေလှမ်းတွေနဲ့ တလှမ်းချင်း လှမ်းလျှောက်နေမိတယ်။ စိတ်တွေက လှမ်းနေတဲ့ ခြေလှမ်းတွေပေါ်မှာ မရှိဘူး၊ အတွေးတွေက ခြေလှမ်းတွေနဲ့ ဆန့်ကျင်ရာကို ပြန်သွားနေကြတယ်။ ရင်ထဲမှာ ဘာမှမရှိတော့သလို လပ်ဟာပြီး ဗလာ … ။ ထိခိုက်ခံစားလွယ်တဲ့ နှလုံးသားက တဆစ်ဆစ်နာလို့ … ။ ဝေ့၀ဲတက်လာတဲ့ မျက်ရည်စတွေ မကျအောင် အားတင်းရင်း လမ်းဆက်လျှောက်တယ်။ လမ်းလျှောက်နေရင်း အကျင့်ပါနေတဲ့ ညာလက်တဖက်က တစုံတခုကို ဆုပ်ကိုင်ဖို့ ယောင်ယမ်း ကြိုးစားနေမိသေးရဲ့။
.
ဒါပေမဲ့ … ဘာကိုမှ ဖမ်းယူဆုပ်ကိုင်ခွင့်မရတဲ့ ခပ်ရှက်ရှက် လက်တစုံဟာ အင်္ကျီအိတ်ကပ်ထဲကိုသာ ထိုးသွင်းရင်း မျှော်လင့်ချက်မဲ့ ခြေလှမ်းတွေနဲ့ မွန်းကျပ်နေတဲ့ ဘူတာရုံထဲက ထွက်ခဲ့တယ်။
.
သူ … မရှိတော့ဘူး … ။
သူ … ထွက်သွားပြီ … ။
သူ … ကျမကို လမ်းခွဲသွားခဲ့ပြီလေ … ။
***
၇၊ အောက်တိုဘာ၊ ၂၀၀၇
.
လွန်ခဲ့တဲ့ လေးနှစ်က ကျမအမ မိတ်ဆက်ပေးလို့ သူနဲ့ကျမ စတင်သိကျွမ်းခဲ့ရတယ်။ စပြီးသိချိန်ကနေ စောစောက အချိန်ပိုင်းလေးအထိ သူနဲ့ကျမ တခါမှ မခွဲဘဲ အမြဲတတွဲတွဲ နေလာခဲ့ကြတယ်။ သူဟာ မခန့်ငြားဘူး၊ ဒါပေမဲ့ တည်ငြိမ်တယ်။ သူဟာ ခေတ်မဆန်ဘူး၊ ဒါပေမဲ့ ရိုးရှင်းတယ်။ သူဟာ ၄ နှစ်တာ ကာလပတ်လုံး ကျမဘေးနားမှာ အဖော်ပြုရင်း ကျမလိုအပ်သမျှ မညည်းမညူ ဖြည့်ဆည်းပေးခဲ့တယ်။
.
ဒီကို ရောက်ခါစနှစ်တုန်းက ကျောင်းအိပ် ကျောင်းစား နေခဲ့ရတဲ့ အချိန်လေးတွေမှာ ကျမအနားမှာ သူရှိနေပေးလို့ ကျမရဲ့ အထီးကျန်နေ့တွေဟာ တစုံတခုသော အတိုင်းအတာအထိ စိတ်သက်သာရာ ရခဲ့တယ်။ မိုးသည်းသည်းအောက်မှာ … နှင်းဖွဲဖွဲအောက်မှာ … နေကျဲကျဲအောက်မှာ … သူ့ကို ဆုပ်ကိုင် အဖော်ပြုရင်း လမ်းကြမ်းကြမ်းတွေ လျှောက်ခဲ့ဖူးတယ်။ မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေပြေ ဆက်သွယ်နိုင်ဖို့ သူက တမန်တော်လေး လုပ်ပေးတယ်။
.

ကျမပျင်းရင် သူနဲ့ ကစားတယ်။ ကျမ တီးလုံးသံစဉ်လေးတွေ ဖန်တီးတဲ့အခါ သူက လိုက်ဆိုပြတယ်။ သူနဲ့အတူတူ “ခေါင်းလောင်းလေးတွေ မြည်နေပြီ”၊ “ဘယ်ပန်းချီ ရေးလို့မမီ”၊ “တူးပို့ တူးပို့”၊ “ဟက်ပီးဘတ်ဒေး” စတဲ့ သီချင်း သံစဉ်လေးတွေ ကျမက ဖန်တီးတော့ သူ့ခမျာ ကျမ ကျေနပ်တဲ့အထိ ကြိုးစားပမ်းစား လိုက်ဆိုပြရရှာတယ်။
.
ကျမ လမ်းထွက်လဲ သူပါတယ်၊ ကျမ ဟင်းချက်လဲ သူရှိတယ်၊ ကျမ ကျောင်းသွားရင် စာသင်ပျက်မှာစိုးလို့ မနှောက်ယှက်ဘဲ တိတ်တိတ်ကလေး နေပေးတတ်ပြီး ကျမ အိပ်ပျော်နေချိန်မှာတော့ ကျမနံဘေးမှာ ငြိမ်ငြိမ်ကလေး အိပ်ဖန်စောင့်လုပ်ရင်း မနက်စောစော ကျမနိုးအောင်လဲ နှိုးပေးတတ်သေးတယ်။
.

မှန်မကြည့်ဘဲ နေနိုင်တဲ့ကျမ သူ့မျက်နှာမကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ သူနဲ့ကျမက အရိပ်လိုဘဲ ဘယ်တော့မှ ဘယ်တုန်းကမှ မခွဲခဲ့တာ။ တစုံတယောက်ကြောင့်/ တစုံတရာကြောင့် ကျမ ၀မ်းနည်းလို့ ငိုတဲ့အခါ သူက ကျမအတွက် တိုင်တည်စရာ ဖြစ်ခဲ့တယ်။ တခါတလေ ကျမပါးပြင်ပေါ်က မျက်ရည်တွေ သူ့ဆီမှာပါ စွန်းထင်းကုန်တယ်။ တခါတလေတော့ ကျမရင်ခွင်ထဲ သူ့ကိုထားပြီး ကျမ ရင်ခုန်သံတွေ နားထောင်ခိုင်းခဲ့ဖူးတယ်။
.
တကယ်တော့ ကျမအမှားတွေပါ … ။
ကျမရဲ့ ခြေလှမ်းတိုင်းမှာ သူအမြဲရှိနေပြီး ကျမအတွက် အကောင်းဆုံးတွေကို ဆောင်ရွက်ပေးနေပါလျက်နဲ့ ကျမက သူ့ကို သစ္စာပျက်ယွင်းဖို့ ကြံစည်စိတ်ကူးခဲ့မိတာ ခဏခဏ … ။ ခေတ်မမီတဲ့ သူ့ကို ကျမ ငြီးငွေ့လာတယ်။ ရိုးလွန်းတဲ့သူ့ကို အားမလို အားမရ ဖြစ်မိတယ်။ သူ့နေရာမှာ တခြားသောသူကို အစားထိုးဖို့ စဉ်းစားခဲ့မိတယ်။ ဘယ်လောက်တောင် မိုက်မဲလိုက်တဲ့ ကျမပါလဲ … ။
.
ကျမရဲ့ အတွေးတွေကို သူသိသွားလို့လား … ကျမက စတင် စွန့်ခွါမှာကို မလိုလားလို့လား … လေးနှစ်တိတိ ပြည့်တဲ့နေ့မှာတော့ ကျမကို နှုတ်မဆက်ဘဲ သူက စတင် လမ်းခွဲသွားခဲ့တယ်။ ဒီလောက်ဆိုရင် သူ့အတွက် တာဝန်ကျေပြီလို့ ယူဆသွားခဲ့တယ် ထင်ပါရဲ့။ ၀မ်းနည်းဖို့ကောင်းလိုက်တာ … ။
***
အဲဒီနေ့က မိုးဖွဲဖွဲကျတယ်။
ရာသီဥတုက ရုတ်တရက် စ-အေးလို့ အနွေးအင်္ကျီ အသစ်ထုတ်ဝတ်ဖြစ်တယ်။ အင်္ကျီအသစ်ရဲ့ အိတ်ကပ် တိမ်တိမ်ကလေးဟာ မိုဘိုင်းဖုန်း သေးသေးလေးကို ထိမ်းသိမ်းဖို့ရာ မစွမ်းသာခဲ့ဘူး။ ရထားပေါ်မှာ သတင်းစာဖတ်ရင်း အိုင်ဖုန်း ကြော်ငြာစာမျက်နှာကို အထပ်ထပ် ဖတ်နေမိတယ်။ လုပ်ဆောင်ချက် သိပ်မများ ခေတ်မမီတဲ့ ဒီဖုန်းလေးအစား အိုင်ဖုန်းကိုင်ချင်စိတ် ဖြစ်လာတယ်။
.
အချိန်ပိုင်း လုပ်လည်း လုပ်နေပြီမို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဖုန်းအသစ်ဝယ်မယ်ဆို ဝယ်လို့ရတဲ့ အခြေအနေပေါ့။ ဒီမှာ ဖုန်းဝယ်မယ်ရင် တလဘယ်လောက် ဆိုပြီး သတ်မှတ် ထားသလောက် သွင်းရုံပါပဲ။ contract က တနှစ်ဆိုရင် တနှစ်သွင်းရတာပေါ့။ သတင်းစာထဲက ကြော်ငြာဖတ်ပြီး ဝယ်ရင်ကောင်းမလား စဉ်းစားရင်း ရထားစီးလာခဲ့တာ ဆင်းရမယ့် ဘူတာရောက်တော့ သတင်းစာလေး ကျောပိုးအိတ်ထဲ ထိုးထည့်ပြီး ဆင်းလာရင်းနဲ့မှ အင်္ကျီအိတ်ထဲ လက်နှိုက်စမ်းကြည့်တဲ့အခါ ကျမရဲ့ နိုကီယာမိုဘိုင်းဖုန်းလေး မရှိတော့ဘူး။ ရပ်ထားဆဲ ရထားပေါ် ကမန်းကတန်းပြန်တက်ပြီး ပြန်ရှာတော့လဲ မတွေ့တော့ဘူး။ ဘယ်မှာလဲ .... မိုဘိုင်းဖုန်းလေးရေ ... ။
.
ဘတ်စ်ကားပေါ်မှာပဲ ထွက်ကျခဲ့တာလား၊ ရထားပေါ်မှာ ပြုတ်ကျတာလား .... ဝေခွဲမရဘဲ ဖုန်းလေးဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။
.
ဒီလိုနဲ့ ကျောင်းရောက်တော့ သူငယ်ချင်းက ဖုန်းလှမ်းခေါ်ပေးတယ်။ ကိုင်သူမဲ့တဲ့ ဖုန်းသံလေးကို နားထောင်ရင်း ရင်ထဲမှာ မကောင်းဘူး။ နောက်ဆုံးတော့ အတန်းခဏ နားချိန်မှာ အိုတူး O2 ဆိုင်ကိုသွားပြီး အိုင်ဖုန်းလေးတလုံး ၂ နှစ် စာချုပ်နဲ့ ဝယ်ခဲ့လိုက်ပါတယ်။ ပျောက်ဆုံးသွားတဲ့ နိုကီရာလေးထက် အဆပေါင်းများစွာ လုပ်ဆောင်ချက်တွေ ပါတဲ့ အိုင်ဖုန်းလေးကို ဝယ်ခဲ့ရပေမဲ့ ကျမရဲ့ နိုကီရာ မိုဘိုင်းဖုန်း အပြာလေးကို ဘယ်တော့မှ မမေ့ဘူးဆိုတာ အသေအချာပါပဲ။
***
မေဓာဝီ
၂၀၁၁၊ အောက်တိုဘာ
***
နောက်ဆက်တွဲ ... 
***

၂၀၁၇ မေ ၁၈
.
ရန်ကုန်ဘွတ်ပလာဇာမှာ လုပ်တဲ့ မင်းလူရဲ့ ညနေခင်း က အပြန် ကျွန်မရဲ့ ဆမ်ဆောင်း မိုဘိုင်းဖုန်းလေး ပျောက်သွားတော့ ဖုန်းမရှိတဲ့ ဘဝမှာ လူက ယောင်ချာချာ ဖြစ်နေရတယ်။ နာရီမပတ်တဲ့ ကျွန်မအတွက် ဖုန်းက နာရီကို ပဲ အားကိုးနေရတာ။ နာရီ၊ နှိုးစက်၊ အဘိဓာန်၊ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်၊ မက်ဆန်ဂျာ၊ ဗိုင်ဘာ၊ ယူကျု၊ ကင်မရာ စသဖြင့် အရာအားလုံး ဖုန်းနဲ့သာ အသုံးပြုနေခဲ့တာမို့ တညလောက် ဖုန်းမရှိတာ နေမထိ ထိုင်မသာ ... ဖြစ်ခဲ့ရတယ်။
.
မနက်မိုးလင်းမှ နည်းနည်း စိတ်သက်သာရာ ရပြီး ဒီလို ဖုန်းပျောက်တဲ့ အတွေ့အကြုံမျိုး လွန်ခဲ့တဲ့ ၆ နှစ်လောက်ကလည်း ကြုံခဲ့ဖူးတာ ပြန်သတိရမိတယ်။ ဟိုမှာကတော့ ကိုယ့်ဖုန်းကို ယူမယ့်သူလည်း ရှိမှာ မဟုတ်ပါဘူး၊ ဒီလိုပဲ ပျောက်သွားခဲ့တာ။ အဲဒီတုန်းက ရေးခဲ့တဲ့ စာကို ကွန်ပျူတာထဲ ပြန်ရှာပြီး တင်လိုက်ပါတယ်။ ဘယ်မှာမှ မတင်ခဲ့ဖူးတဲ့ စာလေးပါ။ ပျောက်သွားတဲ့ နိုကီရာ ဖုန်းလေး ပါတဲ့ ပုံလေးတွေလည်း ပြန်ရှာပြီး တင်လိုက်ပါတယ်။ အဲဒီတုန်းက အပြာရောင် လမ်းခွဲ ... အခုတော့ အနက်ရောင် လမ်းခွဲပေါ့လေ .... ။

No comments: