Friday, April 28, 2017

စာ ... ဗျို့ ... စာ


***
မီးခိုးပြာရောင် ယူနီဖောင်းဝတ် လူတယောက်ဆီက စက်ဘီးဘဲလ်သံလေးနဲ့ စာ ဗျို့ စာ ... ဆိုတဲ့ အသံ ... မကြားရတာ အတော်ကြာခဲ့ပြီပေါ့ ... ။
.
ငယ်ငယ်က နွေကျောင်းပိတ်ပြီဆိုရင် သူငယ်ချင်းတွေဆီကို စာတွေရေးပြီး ပို့ကြရတယ်။ နယ်မှာနေတဲ့ ချစ်ခင်ရတဲ့ မောင်နှမ ဝမ်းကွဲတွေနဲ့ စာတွေ အပြန်အလှန် ရေးကြရတယ်။ ရန်ကုန်မြို့တွင်းပဲ ဖြစ်ဖြစ် နယ်အဝေးပဲ ဖြစ်ဖြစ် တယောက်နဲ့ တယောက် မတွေ့နိုင်ကြချိန်မှာ စာရေးပြီးသာ ဆက်သွယ်ကြရတာပေါ့။ အိုက်စပ်စပ်နဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့ နွေနေ့လည်ခင်းတွေမှာ စာပို့သမားရဲ့ စက်ဘီးဘဲလ်သံဟာ အင်မတန် သာယာတာကလား။ ကိုယ့်နာမည်တပ်ထားတဲ့ စာတစောင်တလေ ပါလာလို့ကတော့ အဲဒီနေ့ဟာ ပျော်စရာကောင်းတဲ့ နေ့အဖြစ် ဒိုင်ယာရီထဲ ရေးမှတ်ထားရတော့တာပဲ။ 


ကိုယ့်ဆီစာလာပြီးတော့ ကိုယ်ကတဖန် စာပြန်ရမယ့် အလုပ်တခု တိုးလာပါတယ်။ စာရေးစက္ကူ၊ စာအိတ်၊ တံဆိပ်ခေါင်းဆိုတာတွေကို ကိုယ့်မုန့်ဖိုးလေးတွေနဲ့ ဝယ်ထားရတာပေါ့။ စာအိတ်ကလေးကို ကော်သုတ် ပိတ်၊ တံဆိပ်ခေါင်းလေး ကပ်ပြီး အိမ်နားက စာတိုက်ပုံးနီနီလေးထဲ ကိုယ့်စာလေး ထည့်ပြီးသွားချိန်မှာ ပြီးပြည့်စုံတဲ့ ခံစားချက်မျိုးနဲ့ ကြည်နူးလို့ပေါ့။ နောက်တခါ လာမယ့်စာကိုလည်း အဲဒီနေ့က စပြီး မျှော်လို့ရပြီလေ။ 
.
.ဒီနှစ် နွေရာသီ သင်တန်းက level 4 တွေရဲ့ ပြဋ္ဌာန်းစာအုပ်မှာ penfriend သို့ ပေးစာ သင်ရတဲ့အခါ penfriend ဆိုတာ ဘာလဲ မပြောပြခင် အင်တာနက် အီးမေးလ် မရှိတဲ့ ဟိုခေတ်က စာပေးစာယူ လုပ်ကြရတဲ့ အကြောင်းလေး အရင် ပြောပြရတယ်။ Penfriend လို့ပြောရင် ဒီခေတ်လူငယ်တွေ သိပ်သိကြတော့မယ် မထင်ဘူး။ ကလေးတွေဆို ပိုဝေးတာပေါ့။ သူတို့လေးတွေ သိတာက ဖေ့စ်ဘွတ် မိတ်ဆွေလို အွန်လိုင်း မိတ်ဆွေတွေလောက်သာပဲ မဟုတ်လား။
.
Penfriend ဆိုတာကတော့ အခုအွန်လိုင်းမိတ်ဆွေတွေလိုပါပဲ။ အပြင်မှာ မမြင်ဖူးဘဲ နေ့စဉ်ထုတ်သတင်းစာတွေ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ် မဂ္ဂဇင်းတွေမှာပါတဲ့ မိတ်ဆက်ကဏ္ဍကနေ စာပို့ မိတ်ဆက်ရင်း ခင်မင်ရင်းနှီးသွားကြတဲ့ မိတ်ဆွေတွေ ဆိုပါတော့။ နေထိုင်ရာ မြို့ ရွာ ဒေသ နိုင်ငံ တူချင်မှ တူမယ် အသက်အရွယ် အတန်းပညာ တူချင်မှ တူမယ် ပေါ့။ ကျောင်းသားလေးတွေကို အဲဒီအကြောင်း ပြောပြတော့ သူတို့မှာ တအံ့တသြကို ဖြစ်လို့။
.
နည်းပညာတွေ တစတစ တိုးတက်လာတာနဲ့ အမျှ penfriend ခေတ်က ကုန်သွားသလို စာတိုက်ကနေ စာပို့ကြတဲ့ အလေ့အထလေးတွေလည်း ပျောက်ကွယ်လု ဖြစ်လာပါတော့တယ်။ မွေးနေ့ဆုတောင်းကတ်တွေ၊ ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဆုတောင်း ကတ်လေးတွေ၊ ကိုယ်ရောက်ရာ ဒေသရဲ့ အမှတ်တရ ပို့စ်ကတ်တွေ စာတိုက်ကနေ ပို့ကြတဲ့ အလေ့အထဆိုတာလည်း မရှိသလောက် ဖြစ်သွားပါပြီ။ စာပို့သမားဆီက တဆင့် ကိုယ့်နာမည်နဲ့ တကူးတက လာမယ့်စာဆိုတာ အရင်လို မျှော်စရာမလိုတော့ဘူး။ စာတိုက်ကြီးက မဟုတ်တဲ့ တခြား စာပို့ဝန်ဆောင်မှုတွေကနေ တခါတရံ ရောက်လာတဲ့ စာအုပ် ပါဆယ်လောက်ပဲ ရှိပါတော့တယ်။ 

UK က ကျေးရွာစာတိုက်လေး

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင် အင်္ဂလန်မှာ နေတုန်းကတော့ ကိုယ့်အတွက် လာတဲ့ စာဆိုလို့ ကိုယ့်နာမည်နဲ့ ဘဏ်က တလတခါ ပို့ပေးတဲ့ စတိတ်မန့်ရယ်၊ ကျောင်းကလာတဲ့ ကြေငြာချက် အသိပေးချက် စာတွေရယ်၊ ကြော်ငြာတချို့ရယ်ပဲ ရှိပါတယ်။ သူငယ်ချင်းတွေနဲ့က အီးမေးလ် ဖုန်း စတာတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်နေမှတော့ အလုပ်ရှုပ်တဲ့ စာပို့ စနစ်ကို ဘယ်သူက တကူးတက လုပ်တော့မှာတဲ့လဲ။ ဒါတောင် ကျောင်းက အဆိုင်းမန့်ကို စာတိုက်က ပို့ခိုင်းသေးတယ်။ စာတိုက်သွားဖို့ပျင်းတဲ့ ကျွန်မက စာရွက်တွေကို စကန်ဖတ်ပြီး အီးမေးလ်နဲ့ ပို့လိုက်တယ်၊ ပြီးရော။
.
ကိုယ်ကသာ အလုပ်ရှုပ်မခံချင်ပေမဲ့ တချို့ အင်္ဂလိပ် အမျိုးသမီး အမျိုးသားကြီးတွေဟာ ခုချိန်ထိ စာတိုက်ကနေ စာတွေ ပို့စ်ကတ်တွေ၊ မွေးနေ့ဆုတောင်း ကတ်လေးတွေ ပို့နေကြတုန်းပါပဲ။ ဦးရီးတော်ရဲ့ လူနာတွေပို့ပေးတဲ့ ပို့စ်ကတ်လေးတွေ ခရစ်စမတ် နဲ့ နှစ်သစ်ကူးဆို အိမ်က မီးလင်းဖိုအပေါ်မှာ တန်းစီတင်ထားနေကျ။
.
အဲဒီလိုလေးတွေ မြင်ရင်တော့ ကြည်နူးရပါတယ်။ တကယ်တော့ အီးမေးလ် ကလစ်တချက်၊ မက်ဆေ့ခ်ျ လက်ညှိုးလေး တဖိထက် စာတိုက်ကနေ ရောက်လာတဲ့ စာလေး တစောင်ဟာ ကိုယ့်အပေါ် အလေးအနက် ထားမှုကို ပိုပြီးပေါ်လွင်စေပြီး ပျော်ရွှင်မှုကို ဖြစ်စေတာပေါ့နော်။

အကောင်းဆုံး ဆုရ

အပေါ်က ပြောခဲ့တဲ့ level 4 ကျောင်းသားလေးတွေရဲ့ penfriend သင်ခန်းစာမှာ penfriend ဆီ စာရေးဖို့ တကယ့် စာအိတ် တံဆိပ်ခေါင်း စာရေးစက္ကူနဲ့ ရေးခိုင်းပြီး အကောင်းဆုံးရေးနိုင်သူကို အမှတ်တရ ဆုချီးမြှင့်မယ်လို့ ပြောထားတော့ အပြိုင်အဆိုင် ရေးကြပါတယ်။
.
စာသာရေးတတ်တာ စာတိုက်က စာပို့တဲ့ ကိစ္စမျိုးနဲ့ မရင်းနှီးတဲ့ ကလေးတွေမို့ တချို့က တံဆိပ်ခေါင်း မဝယ်တတ်ဘူး။ တချို့ကလည်း အခွန်တံဆပ်ခေါင်း ကပ်ထားတယ်။ သူတို့လေးတွေကို စာအိတ်မှာ နာမည် လိပ်စာ စသဖြင့် ဘယ်လိုရေးရတယ် ဆိုတာက အစ ပြောပြရတယ်။ မနေ့ညက သူတို့စာလေးတွေ ထိုင်ဖတ်၊ အမှတ်ပေးပြီး ဒီကနေ့ ဆုပေးတော့ ကလေးတွေ ပျော်ကြတာပေါ့။

ကျွန်မကတော့ သူတို့စာအိတ်လေးတွေကို ဖတ်ရင်း ကြည့်ရင်း ငယ်ငယ်က မောင်နှမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန် စာရေးခဲ့ကြချိန်တွေရယ် ... နေ့လည်နေ့ခင်း မျှော်ခဲ့ရတဲ့ စာဗျို့ စာ ... ဆိုတဲ့ အသံရယ်ကို ပြန်လည် လွမ်းဆွတ် နေမိပါတော့တယ်။
***
မေဓာဝီ
၂၈ ဧပြီ၊ ၂၀၁၇

No comments: