Tuesday, April 04, 2017

လာဗင်ဒါအရပ်က ကမ်းခြေလမ်း ... (၃)


(၆)

လန်းခဲ့တဲ့ ကံ့ကော်ပန်းလေး
နွမ်းလို့ သွားတဲ့အခါ …
လွမ်း မလား
ပန်း … တရားနဲ့သာ ဖြေ … ။
***
အဲဒီတုန်းက အိမ်ကကံ့ကော်ပင်ကြီးမှာ ပန်းတွေပွင့်နေခဲ့တယ်။ စင်္ကာပူကိုသွားဖို့ လေဆိပ်ဆင်းမယ့်မနက် ကံ့ကော်ပင်ကြီး အောက်မှာ ထိုင်နေတုန်း … အိမ်က မိန်းကလေးတယောက်က ကံ့ကော်ပန်းလေးတပွင့် ခူးပြီးလာပေးတယ်။ အစိမ်းရင့်ရောင် အရွက်လေး နှစ်ရွက်၊ ဖြူလွနေတဲ့ ပွင့်ဖတ်လေးတွေ ခြံရံထားတဲ့ အလယ်မှာ အဝါရောင် ဝတ်ဆံမွမွလေးတွေနဲ့ ကံ့ကော်ပန်းပွင့်လေးဟာ မထိရက် မကိုင်ရက် မနမ်းရက်စရာ ကောင်းလောက်အောင် နုပျို လှပ လန်းဆန်းလို့ … ။
.

ကြည့်လေ … ကံ့ကော်ပန်းလေးဟာ သနပ်ခါး ပါးကွက်ကျားလေး လူးထားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသူလေး တယောက်နဲ့ မတူဘူးလား။ ပျိုမြစ်ခြင်း၊ လတ်ဆတ်ခြင်း၊ ဖြူစင်ခြင်းတွေ ထုံသင်းနေတဲ့ ပန်းကလေး … ။ ပန်းလေးတွေကို ချစ်မြတ်နိုးပေမဲ့ ပန်းမပန်တတ်သူမို့ ပန်းကလေးကို အင်္ကျီရင်ဘတ်မှာ ဖွဖွထိုးပြီး ခရီးစဉ်တလျှောက် တပါတည်း ခေါ်လာခဲ့ပါတယ်။
.
ဘယ်လောက် လန်းဆန်းတဲ့ ပန်းလေးပဲဖြစ်ပါစေ … တချိန်ချိန်မှာတော့ နွမ်းရမှာ သဘာဝပါပဲ။ မနက်ခင်းတုန်းက လန်းဆန်းလှပပါတယ် ဆိုတဲ့ ကံ့ကော်ပန်းပွင့်လေးဟာ အချိန်တွေကြာလာတာနဲ့ အမျှ တစတစ ညှိုးနွမ်း သွားတော့တယ်။ နွမ်းနေပေမဲ့ ရနံ့လေး သင်းပျံ့နေဆဲ ကံ့ကော်ပန်းလေးကို လွှင့်မပစ်ရက်လို့ အခန်းထဲက စားပွဲလေးပေါ် တင်ထားလိုက်တယ်။
.

ဒီလိုနဲ့ တဖြည်းဖြည်း ပန်းကလေးဟာ ညှိုးရာက ရော်၊ ရော်ရာက နွမ်း၊ နွမ်းရာက ခြောက်သွားပါတော့တယ်။ ညှိုးရော် နွမ်းခြောက်နေတဲ့ ပန်းခြောက်ကလေးကို ကြည့်ပြီး ဟိုအရင် စိုပြေလန်းဆန်းခဲ့တဲ့ ဘဝကို ပန်းကလေးများ တမ်းတ လွမ်းဆွတ်နေမလားရယ်လို့ စိတ်ကူးယဉ် တွေးနေမိသေးတယ်။ ဒါကြောင့်လည်း ဟိုအစမှာပါတဲ့ ကဗျာလေး ရေးမိသွားတာပါ။
.
ပန်းလေးကို တရားနဲ့သာ ဖြေ ... လို့ ရေးခဲ့သူ ကိုယ်တိုင်က တရားနဲ့သာ ဖြေခဲ့ရတဲ့ နေ့တွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတဲ့အခါ … ခြောက်နွမ်းသွားတဲ့ အဲဒီကံ့ကော်ပန်းလေးကို သတိရမိပါတယ်။ ဘဝမှာ ပိုင်ဆိုင်ခွင့်ရတဲ့ ကံ့ကော်ပွင့်တွေထဲ … အဲဒီကံ့ကော်တပွင့်ကိုတော့ အမြဲမှတ်မှတ်ရရ ရှိနေဦးမှာပဲ။
***
(၇)
စင်္ကာပူနိုင်ငံ စရောက်တဲ့ ပထမဆုံးညဟာ ဘယ်တော့မှ မမေ့နိုင်စရာပါ။ ခေါင်းအုံးလေး တလုံးကို နှစ်ယောက်အတူ အုံးခဲ့ရတယ်လို့ ဆိုရင် ရိုမန်တစ် ဖြစ်အောင် ဒါမှမဟုတ် ဇာတ်နာအောင် ပြောတယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ့်ဘဝက အဲဒီလိုပါပဲ။ ရောက်ရောက်ချင်း ခေါင်းအုံးအသစ် မဝယ်ဖြစ်လို့ ခေါင်းအုံးလေးတလုံးကို တယောက်တဝက် မျှပြီး အုံးခဲ့ရတယ်။
.
ရောက်ရောက်ချင်း အခန်းထဲမှာ အဲကွန်းဖွင့်လို့ရအောင် by pass လုပ်မယ်ဆိုပြီး သူ ပြောခဲ့တာဟာ တကယ်က timer ဆီ အဝင်ကြိုးကို ဖြုတ်ပြီး ပလပ်မှာ တိုက်ရိုက် ထိုးလိုက်တာပဲ။ အဲဒီရဲ့ အကျိုးဆက်ကတော့ သူကြီးမိန်းကလေးဟာ အဲကွန်း ပလပ်တအုံလုံးကို အဖြုတ် အတပ် မလုပ်နိုင်အောင် တိပ်နဲ့ ပိတ်လိုက်ပါတော့တယ်။
.


စိတ်မွန်းကျပ်ခဲ့ရတဲ့ နေ့တွေဟာ ဒိုင်ယာရီထဲ မှတ်တမ်းတင်ထားစရာ မလိုဘဲ ဦးနှောက်ထဲ စွဲမြဲနေအောင် မှတ်မိနေပါတယ်။ တိုက်ခန်းလေးထဲမှာ တစိမ်းတရံစာတွေနဲ့အတူ စုပေါင်းနေရတဲ့ ဘဝကို ဒုက္ခလို့ဆိုရင် နေရေးထိုင်ရေး ဒီထက် ခက်ခဲသူတွေက ရယ်ကြမှာပေါ့။ ကိုယ်လိုလူတွေ စင်္ကာပူမှာ အများကြီးလေ။ ဒီအခန်းလေး ငှားခက တလကို စင်းဒေါ်လာ တစ်ထောင့်တစ်ရာ ဆိုတော့ ရင်ဘတ်ဖိရပြန်တယ်။ မြန်မာပြည်မှာဆိုရင် .... ဒီငွေနဲ့ တအိမ်လုံး ငှားလို့ရတယ်လို့ နှိုင်းယှဉ်မိပြန်ရော။
.
ရေချိုးခန်း အိမ်သာ မီးဖို ရေခဲသေတ္တာ အဝတ်လျှော်စက် စတဲ့ ပစ္စည်းတွေကို အများနဲ့ အတူ တွဲသုံးရတာလည်း စစချင်း အထာမကျပါဘူး။ စိတ်ပျက်စရာ ကောင်းလိုက်လေခြင်း၊ အနေရ ခက်ပါဘိ လေခြင်းလို့ မကြာခဏ ညည်းညူနေမိတယ်။ ဒီလိုတွေ ညည်းညူနေတော့ သူလည်း စိတ်ပင်ပန်းမှာပါပဲ။ ဒါပေမဲ့ ဇနီးဖြစ်သူကို တတ်နိုင်သလောက်တော့ ပျော်အောင် ထားရှာပါတယ်။ ဟိုဟိုဒီဒီ လိုက်ပို့ပေး၊ စားချင်မယ် ထင်တာလေးတွေ ဝယ်ကျွေးနဲ့ပေါ့။
.

အိမ်မှာ စိတ်ကျဉ်းကျပ်တာက လွဲလို့ သူနဲ့အတူ ရှိချိန်တွေဟာ ကြည်နူးစရာပါ။ သူ အလုပ်နားတဲ့ နေ့တွေမှာ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ အတူတူထွက်ဝယ်ကြ၊ ဈေးသွား ချက်ပြုတ် စားသောက်ကြ၊ ညနေခင်းလေးတွေ အပျင်းပြေ လမ်းလျှောက်ကြပေါ့။ သူက လာဗင်ဒါအရပ်ကို ခုမှရောက်ဖူးသူမို့ ဘယ်ဆိုင် ဘယ်နေရာမှာ ရှိတယ်ဆိုတာ စစချင်း မသိသေးပါဘူး။ အိမ်ကနေ လာဗင်ဒါဘူတာကို သွားရင်တောင် ခဏခဏ လမ်းမှားနေ တတ်သေးတာ။ ဟိုဘက် သွားမလို ဒီဘက်သွားမလိုနဲ့ လုပ်တော့ အစက သူနောက်နေတယ် ထင်ပြီး စိတ်တိုရသေးတယ်၊ နောက်မှ သူတကယ်မသိတာပဲ ဆိုပြီး နှစ်ယောက်သား ရယ်ကြရတယ်။
.
ကျဉ်းကျပ်တဲ့ အခန်းလေးမှာ တခုတည်းသော စိတ်အေးချမ်းရာ နေရာလေးကတော့ ဧည့်ခန်းက ဘုရားစင်လေးရှေ့မှာပါပဲ။ အတူနေသူတွေ အားလုံး အလုပ်သွားကြပြီဆိုရင် ဘုရား ဝေယျာဝစ္စတွေ လုပ်ရင်း … ဘုရားရှိခိုးရင်း … တရားနာရင်း ငြိမ်းချမ်းမှုကို ရှာခဲ့ရတယ်။
.

လောကဓံဆိုတာ အကောင်း အဆိုး နှစ်မျိုးလုံး ရှိတာပဲလေ။ ဒါပေမဲ့ အကောင်းတွေနဲ့ တွေ့ဆုံချိန်မှာ လောကဓံ ခံနေရပါလားလို့ မတွေးမိတဲ့သူ များပါတယ်။ အဆိုးနဲ့ကြုံမှ လောကဓံလို့ ထင်နေကြတယ်။
.
ဒီလိုတွေးလိုက်တော့ အတော်လေး နေသာ ဖြေသာ သွားပါတယ်။ လန်းခဲ့စဉ်ကဘဝကို မလွမ်းဘဲ တရားနဲ့ဖြေခဲ့ရတဲ့ နေ့လေးတွေ တနေ့ပြီးတနေ့ ကုန်ဆုံးသွားတဲ့ အခါ လာဗင်ဒါအရပ် ကမ်းခြေလမ်းက အိမ်ကလေးဟာ တဖြည်းဖြည်း နေပျော်လာပါတော့တယ်။
***
မေဓာဝီ
4/4/2017
23:34

No comments: