Saturday, December 03, 2016

ဆင်ရာတိမ်မိုးနှင့် အများပိုင်စကားလုံးများ

စကားလုံးတွေ နာမည်ကြီးသောအခါ အများပိုင်သွားတတ်လေသည်။
.
တဦးတယောက်က စတင်တီထွင်ထားသော စကားလုံး ဖြစ်လင့်ကစား ထိုစကားလုံးကို အများက နှစ်ခြိုက်စွာ သုံးစွဲရင်း အများပိုင်ဖြစ်သွားသော စကားများရှိခဲ့ဖူးသည်။ ဥပမာ ဆိုကြပါစို့ ... ရွှေအိုရောင်။ ဆရာကြီးဒဂုန်တာရာ စတင်သုံးခဲ့သည့် စကားလုံး။ ရွှေအိုရောင် အပြင် ပန်းနုရောင်အို၊ လေနုအေး၊ ဂေါ်ဂင်နီ၊ ဝတ်လစ်စလစ်လမ်းမကြီး ... စသဖြင့် စကားလုံး အသစ်အဆန်းတွေ ဆရာကြီးက တီထွင် သုံးစွဲခဲ့သည်။ ထိုစကားများအနက်မှ ရွှေအိုရောင် ဆိုသည့် စကားလုံးကတော့ဖြင့် ယနေ့ခေတ် လူအများသုံးစွဲနေကြသည့် အများပိုင် စကားလုံး ဖြစ်၍နေချေပြီ။
.
ငယ်စဉ်က ခင်မောင်တိုးသီချင်းတွေ စွဲစွဲလမ်းလမ်း နားထောင်တော့ “ဆင်ရာတိမ်မိုး” ဆိုသည့် သီချင်းလေးကို သံစဉ် စာသားနှင့်တကွ ပေးထားသည့် ခေါင်းစဉ်လေးကိုလည်း အင်မတန် သဘောကျမိ၏။ ဆင်ရာတိမ်မိုး ... တဲ့ ... ။ သီချင်းရေးသူနှယ် ပေးတတ်လိုက်ပါဘိတော့ ... လို့ ဆိုပြီး ထိုခေါင်းစဉ်လေးအား မှတ်မှတ်ရရ ရှိနေခဲ့သည်။
.
သို့နှင့် ရှေးကဗျာ စာပေတွေနှင့် ရင်းနှီးလာစဉ် ၁၂ လရာသီမိုး ကဗျာတွင် “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဟု ဖတ်လိုက်ရသည့်အခါ ဆင်ရာတိမ် ... ဆိုသည့်စကားလုံးက နဂိုကတည်းက ရှိနေနှင့်ပါလားဟု တွေးမိရင်း ဆင်ရာတိမ်မိုးကို ပို၍ စိတ်ဝင်စားခဲ့မိလေသည်။

လက်ဝဲသုန္ဒရ ရေးသည့် ရတုတွင်လည်း "နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံ ဖွဲ၏၊ သွန်းမြဲဟန်မှာ၊ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့် ... ” ဟူ၍ ဆင်ရာတိမ်မိုးက ပါခဲ့သည်။ ဒီလိုနှင့် ဆင်ရာတိမ်မိုးတွေ လိုက်ရှာရင်း ရာသီဖွဲ့ကဗျာတွေထဲမှာ (အထူးသဖြင့် နတ်တော်လဖွဲ့တွေမှာ) ဆင်ရာတိမ်မိုး အသုံးကို အများအပြား တွေ့ရသည်။
.
ဆင်ရာတိမ်မိုး၏ အနက်က ကိုယ်ထင်သလို တိမ်တွေဆင်ပြီး ရွာသောမိုး မဟုတ်ခဲ့ပြန်။ နတ်တော်လတွင် ရွာသောမိုးက ဆင်ခြေရာတိမ်သွားအောင် ရွာသောမိုး ဟူ၍ လည်းကောင်း၊ နတ်တော်လမှာ မိုးမရွာဘဲ မိုးသားတိမ်လိပ်တို့သာ ကောင်းကင်မှာ ဆင်ယင်လှုပ်ရှားကြသည်ဟူ၍ လည်းကောင်း ဆိုကြသလို ... ဆင်ခြေရာ ပျောက်ရုံ ခပ်တိမ်တိမ်ရွာသောမိုး၊ ဆင်ခြေရာ မြင်းခြေရာ တိမ်မြုပ်အောင် ရွာသောမိုးဟုလည်း ဆိုကြသည်ကို မှတ်သားခဲ့ရသည်။
.
ထိုအခါမှ ဆင်ရာတိမ်မိုး ဟူသည့် စကားသည် ခင်မောင်တိုး သီချင်းရေးသူ ကိုမောင်မောင် (အဉ္ဖလီ) ထွင်သော စကားလုံးမဟုတ်ဟု သိခဲ့ရလေတော့သည်။ သို့တိုင်လျက် ထိုတေးရေးသူကို မချီးကျူးဘဲ မနေနိုင်။ ထိုရှေးခေတ် အသုံးအနှုန်းကို သီချင်းခေါင်းစဉ်တပ်ကာ စွဲမက်ဖွယ် ရေးဖွဲ့နိုင်ပေစွဟု ကြိတ်၍ ချီးကျူး အားကျမိပါသည်။
.
ဆယ်ကျော်သက်အရွယ် ဝတ္ထုတွေဖတ်တော့ အထူးသဖြင့် နွမ်ဂျာသိုင်း ဝတ္ထုများ၏ ခေါင်းစဉ်တွေသည် ငယ်ငယ်က ကျောင်းသင်ခန်းစာ ဖတ်စာထဲက စာသားများ ဖြစ်နေသည်ကို သတိမူမိသည်။ “ဟိုဘက်ကမ်းက မီးထိန်ထိန်” “အလယ်ကလူ စကားဝဲ၏” စသဖြင့် ... ။ ထိုသည်ကို အားကျ၍ ကိုယ်တိုင် ဘလော့ကလေးမှာ ရေးခဲ့သည့် စာတချို့၏ ခေါင်းစဉ်တွေသည် ဖတ်စာထဲက စာသားများ ဖြစ်သော ”ရာသီဥတု ပူသည်” ”ညအခါ လသာသာ” တို့ကို သုံးစွဲခဲ့ဖူးသည်။
.
နွမ်ဂျာသိုင်းဆိုလို့ သူ၏ ”ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဝတ္ထုခေါင်းစဉ်သည်လည်း ရှေး ကဗျာထဲမှ စာသားပင်ဖြစ်သည်။ တွံတေးသိန်းတန်၏ နာမည်ကြီးသီချင်း "နှမလက်လျှော့ နေလေတော့" သည်ပင် ရှင်မဟာရဋ္ဌသာရ၏ ပုရေနိသင် အစချီ ပိုဒ်စုံရတုတွင်ပါသော စာသားဖြစ်နေသည်။ ရှင်မဟာရဋ္ဌသာရက ခုလိုရေးထားခဲ့သည်။

"ဤဘဝတွင် နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိးငယ်ပုံမျှ၊ ရွက်ဟုန်ကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။
.
ထိုသို့ ရှေးက အသုံးအနှုန်းတွေ ကဗျာစာသားတွေ ခေတ်အဆက်ဆက် ယူငင်သုံးစွဲခဲ့ကြသော်ငြား မူရင်း မည်သူမည်ဝါဟု ခရက်ဒစ်လည်း မပေးကြ။ ကြာတော့ မူရင်းရေးသူကိုပင် ပရိသတ်က မသိကြတော့။ နောက်လူတွေ ထွင်သည်ဟုသာ ထင်ကြပေလိမ့်မည်။
.
မူရင်းရေးသူတွေသာ သက်ရှိထင်ရှား ရှိနေသေးလျှင် သူတို့တီထွင် ရေးဖွဲ့ထားသည့် စာသား ယူငင်သုံးစွဲကြသည်ကို အပြစ်တင်ကြလေမည်လား … ။ လားလားမျှ မထင်ပါ။ သူတို့စကားလုံး အများသုံးကာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားသည့်အတွက် ပို၍ပင် ဝမ်းမြောက်ကြပါလိမ့်မည်။
.
စာတပုဒ်၊ စာတပိုဒ် နှစ်ခြိုက်၍ quote လုပ်ကာ ယူငင်သုံးစွဲလိုပါက မူရင်းပိုင်ရှင်ကို ညွှန်းရန် လိုအပ်ပါသော်လည်း … စကားလုံးများ နာမည်ကြီးသောအခါ အများပိုင် ဖြစ်သွားကြလေတော့သည်။
***
မေဓာဝီ
၃ ဒီဇင်ဘာ ၂၀၁၆
.
(မနှစ်က ရေးပြီး အဆုံးမသတ်ြဖစ်ဘဲ တပိုင်းတစ ဖြစ်နေတဲ့စာလေး ဖေ့စ်ဘွတ်မှာ only me လုပ်ထားတာ on this day memory မှာ ပြန်ပေါ်လာလို့ အဆုံးသတ်ပြီး တင်လိုက်ပါတယ်။)

No comments: