Friday, October 14, 2016

အွန်လိုင်း အင်တာဗျူး

လောကအလှအွန်လိုင်းမဂ္ဂဇင်းနဲ့ (၂၀၀၉ ဒီဇင်ဘာလမှာ) အင်တာဗျူးဖြစ်တုန်းက ဖြေခဲ့တာလေး ပြန်တွေ့လို့ ...
***

(Q) ဘယ်အချိန်ကစလို့ စာတွေရေးဖြစ်ခဲ့တာပါလဲ။
(A) ရေးတာကတော့ အလယ်တန်းကျောင်းသူ ဘ၀လောက်က စပြီး ရောက်တတ်ရာရာ ကဗျာလေးတွေ စာလေးတွေ ရေးဖြစ်ပါတယ်။ ၁၉၈၈ လောက်မှာ မဂ္ဂဇင်းကို စပို့ဖြစ်တယ်။ ပန်းဝေသီ မဂ္ဂဇင်းမှာ (ဆရာ) နွမ်ဂျာသိုင်း အယ်ဒီတာလုပ်နေတဲ့ အချိန် ကလောင်သစ်တွေကို ဖိတ်ခေါ်တဲ့ ပန်းနုသစ်သီကဏ္ဍကို ပို့လိုက်တာပါ။ ပထမဆုံးပို့တဲ့ ၀တ္ထုလေးက တနှစ်ကျော်ကျော် အကြာ (၁၉၈၉ နိုဝင်ဘာလ) မှာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ၀တ္ထုနာမည်က “စိတ်ဖောက်ပြန်ခြင်း” … တဲ့။
---
(Q) မြန်မာစာကို နှံ့စပ်တဲ့ လူတယောက်ဆိုတော့ ဘယ်ဘာသာတွဲနဲ့ ကျောင်းမှာ သင်ယူခဲ့တာပါလဲ။
(A) မြန်မာစာကို မနှံ့စပ်သေးပါဘူး။ ၀ါသနာအရ လေ့လာနေတာပဲ ရှိပါတယ်။ ကျောင်းပြီးခဲ့တာကတော့ ရူပဗေဒ အဓိကနဲ့ပါ။
---
(Q) ဟိုအရင်တုန်းက ကဗျာဆိုတာ သူ့မှာနည်းစံနစ်လေးတွေရှိတယ်။ ကာရန်မိရမယ်၊ ဘာညာပေါ့။ ဒီနေ့ခေတ်မှာတော့ ကဗျာဆိုတာ လွတ်လပ်သွားတယ်။ ဘယ်လိုမျိုးကို ကဗျာလို့ ခေါ်ပါသလဲ။
(A) ရှေးကဗျာတွေမှာတော့ သူ့ရေးနည်း ဥပဒေသနဲ့ သူရှိကြတယ်။ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား စသဖြင့် သူ့စပ်နည်းနဲ့သူ ရေးဖွဲ့ကြတယ်။ ခုခေတ်မှာတော့ အရင်ကလို ဥပဒေသတွေနဲ့ စည်းကမ်းတင်းကျပ်တာမျိုး မရှိတော့ဘူး။ လွတ်လပ်သွားတယ်ပေါ့။ အဲဒီလို လွတ်လပ်သွားတယ်ဆိုပေမဲ့ ကဗျာမှာ ကာရန်မပါရင်တောင် အသံ (နရီ) တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အသံမပါရင် စကားပြေ ဖြစ်သွားမယ်လို့ ထင်တာပါပဲ။ (ကျမအထင်ကို ပြောတာပါ၊ မြန်မာမှာရော ကမ္ဘာမှာပါ ခေတ်အဆက်ဆက် ငြင်းနေကြတဲ့ ခေါင်းစဉ်မို့ သိပ်တော့ မပြောရဲဘူး)
.
ဘယ်လိုမျိုးကို ကဗျာလို့ခေါ်လဲ ဆိုတာတော့ ကဗျာဆရာမဟုတ်လို့ မပြောတတ်ပါဘူး။ ခုခေတ်ပညာရှင်တွေ ကဗျာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြသလဲ မသိပါ။ ရှေးပညာရှင်ကြီးတွေကတော့ ကဗျာဆိုတာ ပညာရှိတို့ရဲ့ ဥစ္စာလို့ ဆိုကြတယ်။ ကျမ်းကိုးပြီးပြောရရင်တော့ ကဗျာသင်္ဂဟမေဒနီထဲမှာ ခုလိုဖော်ပြထားပါတယ်။
.
“က၀ီဟိဗန္ဓိတဗ္ဗန္တိကဗျံ - ပညာရှိတို့ ဖွဲ့ဆို သီကုံး အပ်သောကြောင့် ကဗျာမည်ကြောင်း, က၀ီနံ ဣဒန္တိ ကဗျံ - ပညာရှိတို့သာ ဖွဲ့ဆိုနိုင်၍ ပညာရှိတို့၏ ဥစ္စာရတနာ ဖြစ်သောကြောင့် ကဗျာမည်ကြောင်းကို ကျမ်းအစောင်စောင်တွင် ပညာရှိ အသီးသီးတို့ မိန့်ဆိုတော် မူခဲ့ကြသည့်အတိုင်း ကဗျာတခု ဖွဲ့လိုသောသူသည် မြန်မာမှု, သဒ္ဒါနည်း, အလင်္ကာနည်း, ဆန်းနည်း, ကာရန်ယူနည်း, ကာရန်လွှဲနည်း, ကာရန်ခံနည်း, ကာရန်အုပ်နည်း, အကျဉ်းကို အကျယ်ပြုနည်း, အကျယ်ကို အကျဉ်းပြုနည်း, ချီ-ချ နည်း, ကြိယာထားနည်း, တော-ရပ်-ဖြတ်-စပ်နည်း စသော အချက်အလက်များနှင့် စကားပရိယာယ် ကြွယ်ဝရခြင်း, စကားလုံး သိမ်မွေ့ရခြင်း, အဓိပ္ပါယ် စုံလင်ပြည့်ဝစေခြင်း, တော-တောင်-ရေ-မြေ ဗဟုဿုတ, ဒေသန္တရ ဗဟုဿုတ, စာပေ ဗဟုဿုတရှိခြင်း စသည်များကို လိမ်မာ ကျွမ်းကျင်ပြီးရုံသာမက- မိမိစပ်လိုသော ကဗျာလင်္ကာကို အနည်းဆုံး ၂-ပုဒ် ၃-ပုဒ်ခန့် ရရှိထားပြီးလည်း ဖြစ်ရပေသည်၊ ထို့ကြောင့် ကဗျာဟူသည် ပညာရှိတို့၏ ဥစ္စာရတနာ ဖြစ်သည်-ဆိုခြင်းမှာ အလွန် လျော်ကန်လှပေသည်။”
.
အဲဒါကိုဖတ်ပြီး ကဗျာရေးဖို့ လက်တွန့်ခဲ့ဖူးတယ်။
---
(Q) မော်ဒန်၊ ပို့စ်မော်ဒန် ကဗျာဆိုတာတွေကိုရော နှစ်သက်ပါသလား။
(A) ဘယ်လိုကဗျာအမျိုးအစားမဆို ခံစားလို့ရရင် နှစ်သက်တာချည်းပါပဲ။ နားမလည်ရင်တော့ ခံစားလို့မရဘူး … မကြိုက်ဖူး ဆိုပါတော့။
---
(Q) စာရေးဆရာဆိုတာ ကိုယ်ရေးတဲ့စာကို တာဝန်ယူရတယ်ဆိုတာ… အဲဒီ သဘောထားအမြင်လေးကို ရှင်းပြပါလား။
(A) စာရေးဆရာမှ မဟုတ်ပါဘူး။ စာရေးသူတိုင်းဟာ မိမိရေးတဲ့စာအပေါ်မှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ စာတပုဒ်ရေးပြီး .ကိုယ့်နာမည်တပ်လိုက်တာနဲ့ ဒီစာနဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ ကိုယ့်အပေါ်မှာ မူတည်သွားပါပြီ။ ဒီစာရဲ့ အကျိုးဆက်ဟာ ကိုယ့်အပေါ်မှာ တာဝန်ရှိသွားပါပြီ။
.
စာရေးဆရာမ ဂျူးကတော့ ခုလိုရေးဖူးတယ်။
“စာရေးသူတိုင်းသည် ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးနေသူများ ဖြစ်သောကြောင့် တာဝန်အလွန်ကြီးပါသည်။ ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။
ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သော စာအုပ်များက ပေးအပ်ပါလိမ့်မည်။” တဲ့။
---
(Q) စာရေးသူ၊ စာဖတ်သူ ဆိုတဲ့ သဘောထား အမြင်လေးကရော။
(A) စာရေးသူတွေဟာ စာဖတ်သူဘ၀က စခဲ့တာပါပဲ။ စာဖတ်သက် ရင့်လာတာနဲ့အမျှ ကိုယ်ဖတ်ခဲ့တဲ့ စာတွေကို အားကျပြီး စာရေးချင်စိတ် ဖြစ်လာတယ်။ ကိုယ့်အတွေ့အကြုံ ကိုယ့်အတွေးအခေါ်တွေကို ပြန်လည် မျှဝေချင်လာတယ်။ ဒီလိုနဲ့ စာဖတ်သူကနေ စာရေးသူ ဖြစ်လာတယ်။ စာရေးသူဖြစ်လာတော့လည်း ရေးချည်းနေလို့ မရပါဘူး။ ဖတ်လည်း ဖတ်နေရဦးမှာပါပဲ။
.
စာရေးသူ စာဖတ်သူနဲ့ ပတ်သက်ပြီး ဘလော့မှာ စာတပုဒ် ရေးခဲ့ဖူးပါတယ်။ 
အတိုချုပ် ပြောရရင်တော့ စာရေးသူတယောက် ရေးလိုက်တဲ့ စာတပုဒ်ကို စာဖတ်သူတွေက ရှုထောင့်အသီးသီးကနေ ခံစားခွင့် ရှိတယ်။ ဖြန့်ထွက်တွေးခွင့်ရှိတယ် ဆိုတာပါ။ ဒီလိုတွေးတော ခံစားလိုက်တဲ့အခါမှာ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျနဲ့ လွဲသွားတတ်တာမျိုး (အဆိုးဘက် တိမ်းသွားတာမျိုး) ဖြစ်တတ်တာမို့ စာရေးသူတွေက အင်မတန် သတိထားရပါတယ်။ ဒါကြောင့်မို့လည်း စာရေးသူတွေက ကိုယ်ရေးတဲ့စာအပေါ်မှာ တာဝန်ရှိတယ်လို့ ဆိုခဲ့တာပါ။
---
(Q) ရေးတဲ့အခါမှာ စာဖတ်သူကို တစ်ခုခု ပေးလိုက်မယ်လို့ ရည်ရွယ်ရေးတာလား ဘယ်လို မု(ဒ်)မျိုး နဲ့ရေးပါသလဲ။
.
(A) တခုခုပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ပြောရင် ဆရာကြီးလုပ်တယ် ထင်ကြဦးမယ်။ ဆရာလုပ်လိုတဲ့ စိတ်နဲ့ ရေးတာ မဟုတ်ပေမဲ့ တကယ်တမ်း စာဖတ်သူတွေ တခုခုရစေချင်ပါတယ်။ ဥပမာ - ဘာသာရေးနဲ့ ပတ်သက်တာမျိုး ရေးရင် ဘာသာရေး အသိလေးတွေ ရစေချင်တာမျိုး၊ ရသစာပေ ရေးရင်ကတော့ … (ဦး) သုမောင်ပြောတဲ့ ကွမ်းစကားလိုပေါ့။ အရည်မရ အဖတ်မရပေမဲ့ ရသတမျိုးမျိုး စာဖတ်သူမှာ ခံစားကျန်ရစ်တယ်ဆိုရင် ကိုယ်ရေးရကျိုးနပ်တာပါပဲ။
---
(Q) အလုပ်တစ်ခု လုပ်တယ်ဆိုရင် အကောင်းအဆိုး ဒွန်တွဲနေတတ်ပါတယ်။ ရသစာပေတွေ ရေးတဲ့အခါ မြန်မာစာနဲ့ ပတ်သက်လို့ ဆောင်းပါးလေးတွေ ရေးတဲ့အခါမှာ အကောင်းလို့ ယူဆရပေမယ့် အဆိုးအနေနဲ့ ကြုံတွေ့ရတာလေးတွေ ရှိပါသလား။ အင်တာနက်မှာ စာရေးတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ရှိပါသလား။
.
(A) အကောင်းရေးပေမဲ့ အဆိုးနဲ့ ကြုံရတာမျိုးတွေ ရှိပါတယ်။ ကိုယ်ကလဲ အရေးမတတ်တာ ပါမှာပေါ့လေ။ ကြာတော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ စိတ်အနှောက်အယှက် ဖြစ်စရာတွေလည်း တခါတလေ ကြုံရပါတယ်။ ဒါပေမဲ့ စာရေးတာ ၀ါသနာပါနေတော့ ဘယ်လိုပဲ ကြုံကြုံ ရေးနေမိဦးမှာပါပဲ။
---
(Q) ခုလောလောဆယ် ဘာတွေ လုပ်နေပါသလဲ။
(A) ကျောင်းသားပြန်လုပ်နေပါတယ်။
---
(Q) စိတ်ဖိစီးမှုတွေကို ဘယ်လိုပြေပျောက်အောင် လုပ်ပါသလဲ။
(A) တခါတလေ သီချင်းနားထောင်တယ်၊ ဆိုတယ်။
ဒါနဲ့မှ မပျောက်ရင် တရားနာတယ်။ မေတ္တာပို့တယ်။
ဒါနဲ့မှ မရရင်တော့ တရားထိုင်ပါတယ်။
---
(Q) အားလပ်ချိန်မှာ ဘာတွေ လုပ်ပါသလဲ။
(A) များသောအားဖြင့် အင်တာနက်မှာ အချိန်ကုန်တာ များတယ်။ စာတွေလိုက်ဖတ်တာပေါ့။ ဒီထက် အချိန်ပိုရရင် စာရေးတယ်။ တခါတလေတော့ စာလဲ မဖတ်၊ စာလဲမရေးဘဲ စိတ်အပြောင်းအလဲ ဖြစ်အောင် ရုပ်ရှင်ကြည့်ပါတယ်။
---
(Q) ယနေ့ခေတ်လူငယ်တွေကို ဘယ်လိုမြင်မိပါသလဲ။
(A) ကိုယ့်ထက်ပိုတော်ကြပါတယ်။
---
(Q) စာဖတ်သူများကို ဘာများပြောချင်တာ ရှိပါသလဲ။
(A) စာဖတ်သူတွေ စာဆက်ဖတ်ကြပါလို့ …
စာမဖတ်သူတွေကိုလည်း စာဖတ်ဖို့ အားပေးတိုက်တွန်းကြပါလို့ ပြောချင်ပါတယ်။
.
ခုလို တကူးတက အင်တာဗျူးတဲ့ လောကအလှကို ကျေးဇူးတင်ပါတယ်။
***
(မေးသူ - ဟနစံ။ ဖြေဆိုသူ - မေဓာဝီ)

No comments: