Saturday, October 15, 2016

စနေမနက် ဈေးဝယ်ထွက်ခြင်း

မနေ့က ကလေးတွေ စာမေးပွဲ နောက်ဆုံးဘာသာဖြေပြီးတော့ ဒီကနေ့ကစပြီး သီတင်းကျွတ် ကျောင်းပိတ်ရက်ရှည် စပါပြီ။ စနေ တနင်္ဂနွေ သင်တန်းတွေလည်း ဒီတပတ် ပိတ်ထားသေးတာမို့ အနားရတဲ့ weekend ပေါ့။ ဒါနဲ့ပဲ ဒီနေ့မနက် အိမ်နားက ကျောက်မြောင်းဈေးကို သွားဖြစ်တယ်။ ဟိုရက်ပိုင်းတွေက စာမေးပွဲမေးခွန်းတွေနဲ့ အလုပ်ရှုပ်နေလို့ ကျောက်မြောင်းဈေးကို မရောက်ဖြစ်ခဲ့ဘူး။ မနက် ၇ နာရီ ဈေးကိုရောက်တော့ ဈေးကလေးက စည်ကားစပြုနေပါပြီ။
.
အမြဲဝယ်နေကျ ငါးဆိုင်မှာ လူရှင်းနေတာနဲ့ အရင်ဝင်လိုက်တယ်။ ပစွန်အလတ်စားက တဆယ်သား တထောင်၊ ဘော့ချိတ်လေးတွေက ရှစ်ရာဈေး တဲ့။ တထောင်တန်ထဲက သုံးဆယ်သား၊ ရှစ်ရာတန်ထဲက အစိတ်သား ယူလိုက်တယ်။ ငါးကြင်းဖြူ သုံးဆယ်သားနဲ့ ကကတစ် အရွယ်တော် တကောင်ထပ်ယူတော့ ငါးကြင်းဖြူက တထောင်ဈေးနဲ့ သုံးထောင်ဖိုး၊ ကကတစ်က ရှစ်ရာဈေးနဲ့ နှစ်ထောင့်ရှစ်ရာဖိုး။ စုစုပေါင်း တသောင်းရှစ်ရာဖိုးပေါ့။ သုံးလေးရက် စားမှာဆိုတော့ တန်တယ်ပဲ ဆိုပါတော့။
.
ဝက်သားဆိုင်မှာ ဝယ်နေကျအတိုင်း ငါးထောင်ဖိုးထည့်ခိုင်း လိုက်တယ်။ ပြီးခဲ့တဲ့အပတ်က မလာလို့ မျှော်နေကြောင်း၊ မအားလို့ မလာနိုင်ရင် တယောက်ယောက်ကို လွှတ်ပြီး ယူခိုင်းလို့ရပါကြောင်း ရွှန်းရွှန်းဝေအောင် ပြောရှာတယ်။ သူက ဝက် နှလုံးတွေ ကျောက်ကပ်တွေ ယူမလား မေးသေးတယ်။ ခါတိုင်းဆို ဝက်သားတုတ်ထိုး လုပ်စားဖို့ ယူဖြစ်ပေမဲ့ ခုတော့ အစ်မကြီးက ဝက်သားမစားရတော့တာမို့ မယူဖြစ်တော့ဘူး။ ဝက်သားကို တနင်္ဂနွေ ဆွမ်းလောင်းဖို့ကလွဲရင် မဝယ်ဖြစ်တော့တာ ကြာပြီ။
.
ဝက်သားဆိုင်နဲ့ မျက်နှာချင်းဆိုင်က အပျိုကြီး ညီအစ်မ နှစ်ယောက်ရဲ့ ဟင်းသီးဟင်းရွက် ဆိုင်မှာတော့ ချဉ်ပေါင်နှစ်စီး၊ ပဲပြား နှစ်တုံး၊ ကင်းပုံသီး အစိတ်သား၊ သံပုရာသီးနှစ်လုံး၊ ကြက်ဟင်းခါးသီး နှစ်လုံး၊ ခဝဲသီးတလုံး၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငရုတ်သီးစိမ်း တရာဖိုးစီ စသဖြင့် ဝယ်ခဲ့တယ်။ အားလုံးပေါင်းမှ နှစ်ထောင့် သုံးရာဖိုးထဲရယ်။ သူတို့က ကျိုက်ထီးရိုးနားက ဝေပုလ္လတောင်မှာ ကထိန်အလှူ သွားမှာမို့ ဒီကနေ့ ဟင်းသီးဟင်းရွက်တွေ သိပ်မတင်ပါဘူး။ ရှိတာလေးတွေကို လျှော့ဈေးနဲ့ ရောင်းပေးနေတာ။ မြန်မာပြည်မှာ ဈေးဝယ်ရတဲ့အထဲမှာ ဟင်းသီးဟင်းရွက် ဝယ်ရတာ အတန်ဆုံးပါပဲ။ ငရုတ်သီးစိမ်း နံနံပင် ၁၀၀ ဖိုးလောက် ဝယ်လို့ရတာ ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ ... နော်။
.
ဟင်းရွက်ဆိုင်နဲ့ မျက်စောင်းထိုးက သစ်သီးဆိုင်မှာတော့ သြဇာသီး ငါးလုံး နှစ်ထောင့်ငါးရာ၊ ထောပတ်သီး တလုံး ၇၀၀ နဲ့ သုံးလုံး နှစ်ထောင့်တရာဖိုး ဝယ်ခဲ့လိုက်တယ်။ ဆန်းကစ်တလုံး ၇၀၀ မို့ မဝယ်ခဲ့တော့ဘူး။ မားကက်ပလေ့စ်မှာတောင် တလုံး ၅၀၀ ပဲလေ။ နက်ဖြန် လပြည့်နေ့မို့ ဈေးတက်တာလို့ ဆိုပါတယ်။ သူတို့လည်း တက်ဈေးနဲ့ ဝယ်ရတာမို့ ဈေးတင်ရောင်းရတာပါ ... တဲ့။ သူများနိုင်ငံတွေ ပွဲတော်ချိန် လျှော့ဈေးနဲ့ အပြိုင် ရောင်းကြပေမဲ့ ကိုယ့်နိုင်ငံမှာတော့ ပွဲတော်ချိန် ဈေးတက်တာ ထုံးစံပဲ မဟုတ်လား။
.
ဘုရားပန်းကို မနေ့က ရုံးက ကလေးတယောက် သွားဝယ်တာ နည်းနေတာနဲ့ ဒီနေ့ထပ်ဝယ်ရတယ်။ ဂန္ဓမာ အဖြူ အပွင့်ကြီးက ဆယ်ပွင့်ကို နှစ်ထောင်၊ အပွင့်သေးတွေက အစည်း လှလှ တစည်းမှ တထောင်ဆိုတာနဲ့ အသေးနှစ်စည်းသာ ဝယ်ခဲ့လိုက်တယ်။ သပြေအငုတ်လေးတွေက တငုတ် သုံးရာနဲ့ နှစ်ငုတ် ငါးရာဖိုး။ တခြားပန်း နွမ်းရင်သာ နွမ်းမယ်၊ သပြေပန်းလေးတွေက အမြဲစိမ်းလန်းနေတာမို့ သပြေကို မပြတ်တမ်း ဘုရားတင်ဖြစ်ပါတယ်။ ဈေးသက်သာပြီး ကျက်သရေရှိတဲ့ မြန်မာဆန်တဲ့ ပန်းသပြေလေးတွေကို ဘုရားကပ်လှူရတာလောက် စိတ်ချမ်းသာတာ မရှိဘူး။ တခြားနိုင်ငံတွေမှာတော့ ဘုရားတင်ဖို့ ပန်းတခက် တလေကိုတောင် အနည်းဆုံး ၅ ဒေါ်လာလောက် ပေးရတာလေ။
.
ကြက်သွန် အာလူး နဲ့ တိုလီမုတ်စ လိုအပ်သမျှတွေ ဝယ်ပြီး ဈေးထဲက ပြန်မထွက်ခင် ဂေါ်ရခါးသီးတွေ လတ်လို့ သုံးလုံး ငါးရာနဲ့ ဝယ်လိုက်သေးတယ်။ ဈေးဝယ်ပြီးချိန် လက်ထဲမှာ ငါးထောင်တန်တရွက်နဲ့ အကြွေတချို့သာ ကျန်ပါတော့တယ်။ လာတုန်းက ငါးထောင်တန် ခြောက်ရွက် တထောင်တန် သုံးရွက်နဲ့ ငါးဆယ် တရာ နှစ်ရာတန် တချို့ပါခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဒေသမှာ ဈေးဝယ်ရတာ သက်သာတယ်လို့ ထင်တာပါပဲ။ သားငါး အသီးအရွက် ဈေးသက်သာပြီး ကိုယ်နှစ်သက်တာတွေ ဝယ်လို့ရနေတာမဟုတ်လား။ တခုပဲ ... ဆေးမဆိုး ရေမထိုး အလေးမခိုးဘူးဆိုတာတော့ အာမ မခံနိုင်ဘူးလေ။ :)
.
ဈေးမဝယ်ခင်က ဆားဗစ်ဆင်လုပ်ဖို့ အပ်ထားတဲ့ကားက ဈေးဝယ်ပြီးချိန်မှာ ပြီးနေပါပြီ။ အတွင်းအပြင် သန့်ရှင်းရေး လေးထောင် တဲ့။ အရင်လုပ်နေကျ ဦးချစ်မောင်လမ်းက ဆိုင်ထက် ငါးရာပိုများတယ်။ အတွင်းတွေ လယ်သာပေါလစ်ရှ်လုပ်ထားတာလဲ ချွဲကျိကျိနဲ့။ ဘာပဲဖြစ်ဖြစ် ဈေးဝယ်ရင်း တလက်စတည်း ပြီးသွားတာပေါ့လို့ တွေးရင်း ဈေးစာရင်းကို စိတ်ထဲက တွက်လို့သာ အိမ်ပြန်လာခဲ့ပါတော့တယ် … ။
***
မေဓာဝီ
၁၅. ၁၀. ၁၆

No comments: