Tuesday, August 30, 2011

၅-နှစ် ရှည်ကြာ ဘလော့ရွာ …

၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀-ရက် နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မေဓာဝီရဲ့ တွေးမိတွေးရာ ရေးမိရေးရာ ဘလော့ဟာ ဒီကနေ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၀-ရက်မှာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၅ နှစ်တာ ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် ဘလော့နဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ တပုံတပင်မို့ ၅-နှစ်ပြည့် အထိမ်းအမှတ် ပို့စ်တခု ရေးမယ်ဆိုပြီး စိတ်ကူးနေတုန်း ပျူဆရာ ကိုအောင်က သြဂုတ်လ ၃၁ ရက် မှာ ကျရောက်တဲ့ ဘလော့နေ့ အထိမ်းအမှတ် ပို့စ်ရေးဖို့ တဂ်ပါလေရော။ ဒီတော့လဲ ဘလော့အကြောင်း ရေးရမှာချင်း အတူတူ တဂ်ပို့စ်နဲ့ အမှတ်တရပို့စ် တခါထဲ ပေါင်းရေးမယ်ဆိုတဲ့ အကြံနဲ့ အလုပ်သွား အလုပ်ပြန် ရထားပေါ် ဘတ်စ်ကားပေါ်မှာ အိပ်ငိုက်ရင်း ရေးဖို့ အကြောင်းအရာတွေ တစီတတန်းကြီး စဉ်းစားလို့ပေါ့။

ရေးချင်တာတွေကများတော့ ဦးဟန်ကြည်လို အခန်းဆက် တဂ်ကျမ်း ဖြစ်သွားလေမလား၊ ကိုယ်က သမိုင်းဆရာမဟုတ်တော့ တဂ်ဆရာ ပျူနိုင်ငံလို မှတ်တမ်းမှတ်ရာကလဲ မပြည့်စုံ၊ မလေး အိမ်ချမ်းမြေ့လို ဘလော့ခေတ်ဦးပိုင်း အကြောင်း အလွမ်းပြေ ရေးရအောင်လဲ ခေတ်ဦးပိုင်းမှာ ကိုယ်က လူတကာ အမြင်ကပ်အောင် ရေးမိလို့ အဆဲချည်း ခဏခဏ ခံနေရတာ ဆိုတော့ မဖြစ်သေးဘူး၊ ကိုညီလင်းသစ်လို ဘလော့ဂါ နာမည်တွေ အကုန်ပါအောင် ရှည်ရှည်လျားလျားလဲ မရေးနိုင်၊ အစိမ်းရောင် မမ(ချော)လို လင့်ခ်တွေ များစွာ ဖွယ်ဖွယ်ရာရာနဲ့ ရေးဖို့ကလဲ အချိန်က မရ၊ စဉ်းစားရင်းနဲ့ အချိန်တွေသာ ကုန်လာတယ်၊ စာအဖြစ် တလုံးတပါဒမှ ချမရေးဖြစ်ဘူး။ ဒီရက်ပိုင်းလဲ အလုပ်က ၉ -ရက် ဆက်တိုက် နားရက်မရှိ လုပ်ရတာမို့ အတော်လေး ပင်ပန်းနေပါတယ်။ အိပ်ခါနီးတိုင်း ရီဒါထဲကနေ ဘလော့နေ့ အမှတ်တရဆိုပြီး ဘလော့ဂါတွေ ရေးသမျှ ဖတ်ရင်း ကိုယ်ရေးဖို့တောင် မကျန်တော့သလောက် ပြည့်စုံနေပြီလို့ တွေးမိပါရဲ့။

ဘလော့နေ့အမှတ်တရအကြောင်း မရေးခင် ဆရာတော်တပါး ပြောပြတဲ့ အဖြစ်အပျက်ကလေးတခုကို ပြောပြပါရစေအုံး …။
***
ဂျနီဗာမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓ ဓာတ်တော်ပူဇော်ပွဲ အခမ်းအနားကျင်းပ စဉ်က … တဲ့၊ အဲဒီအခမ်းအနားကို နိုင်ငံတကာက ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေ ဗုဒ္ဓဘာသာနိုင်ငံတွေက သံအမတ်တွေ တက်ရောက်ကြသတဲ့။ ဖွင့်ပွဲနေ့မှာ နိုင်ငံတနိုင်ငံက ကိုယ်စားလှယ် တဦးစီက စကားပြောကြရတော့ ကိုယ်စားလှယ်တွေဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သူတို့နိုင်ငံတွေမှာ ဘယ်လိုတွေ လုပ်တယ်၊ ဘယ်လိုတွေရှိတယ် ဆိုတာတွေက တယောက် တမျိုး မရိုးရအောင် အမွှန်းတင် ပြောကြတော့တာပဲ တဲ့။ ဒီလိုနဲ့ ကြာလာတော့ နားထောင်တဲ့ လူတွေကလဲ အီလာကြတာပေါ့။ ဆရာတော်ရဲ့ အလှည့်လဲ ရောက်ရော …. ဆရာတော်က ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ တမိနစ် နှစ်မိနစ်စာလောက် ခပ်တိုတို ပြောပြီးနောက် အားလုံးကို လက်အုပ်ချီစေပြီး “ဘ၀တု သဗ္ဗမင်္ဂလံ” ၃-ဂါထာကို ရွတ်ဆိုကာ blessing ပေးလိုက်ပါသတဲ့။ အဆုံးမှာတော့ ပရိသတ်ကြီးလဲ ၀မ်းမြောက်နုမော် သာဓု ၃ ကြိမ် ခေါ်လိုက်ကြတော့တယ်။

ဘာရယ်မဟုတ်ပါဘူး။ ဘလော့နေ့အကြောင်း ရေးမယ်ကြံတော့ အဲဒီအဖြစ်အပျက်ကလေး ဆရာတော်ပြောပြတာနဲ့ တိုက်ဆိုင်နေတာကြောင့် ကျမလည်း ရေးချင်တဲ့ အတွေးမျှင်များစွာကို ဘေးချိတ်ပြီး ဘ၀တု သဗ္ဗမင်္ဂလံ ကိုသာ ရွတ်လိုက်ပါတော့မယ် ဆိုတဲ့အကြောင်း …. စာဖတ်သူများနဲ့ ဘလော့ဂါအပေါင်းလဲ မျက်စိညောင်း သက်သာတဲ့အတွက် သောင်းသောင်းဖြဖြ သာဓုသာ ခေါ်ကြပါတော့လို့ ….
***
အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ …
မြန်မာဘလော့လောကကြီး ငြိမ်းချမ်းသာယာစွာ အဓွန့်ရှည် တည်တံ့ပါစေ ...

မေတ္တာဖြင့် ...

မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၁
၂၃း၁၂ နာရီ

ရေးခဲ့ဖူးသော အမှတ်တရပို့စ်များ ...

၁) အခါလည် အတွေး (၁ နှစ်ပြည့်)
၂) သုံးနှစ် သုံးမိုး (၃ နှစ်ပြည့်)
၃) ၄ နှစ် နှင့် ၅၂၈ + ၁ (၄ နှစ်ပြည့်)

27 comments:

ကိုကိုမောင်(ပန်းရနံ့) said...

(သာဓု)၃

ကိုအောင်(ပျူနိုင်ငံ) said...

ဂျနီဗာကိစ္စက အခုမှာပဲ ကြားဖူးတယ် မမေရေ၊ ကျနော် ကြားဖူးတာက ရန်ကုန် ကမ္ဘာအေးမှာ အပြည်ပြည်ဆိုင်ရာ ညီလာခံ ကျင်းပခဲ့တုန်းက မြန်မာ ဘုန်းတော်ကြီးတွေ မေတ္တာသုတ် ရွတ်တာ (၃)အုပ်စု ကွဲနေတယ်လို့တော့ ကြားဖူးတယ်၊ မမေ ပေးတဲ့ ဆုလို
မင်္ဂလာအပေါင်းနဲ့ ပြည်စုံပြီး အဓွန်ရှည်ပါစေလို့ မျှော်လင့်ပါတယ်၊ တက်ဂ်ပို့စ်လေး ရေးပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ မမေရေ ...

အိမ့်ချမ်းမြေ့ said...

ဟိဟိ...

စစချင်းကို ရယ်ချင်တာ.. အဆုံးထိပဲ။

မမေကို အမြင်ကပ်သည့်ထဲ မလေး လုံးဝ မပါပါ။

မြန်မာစာကို ကျွမ်းကျင်တဲ့ သူတစ်ဦးဆို နည်းနည်းတော့ ဖြုံခဲ့မိပါသည် (ကိုယ်က စာလုံးပေါင်း အလွန်မှားတတ်သူ ကိုး) ခုတော့ မဖြုံတော့ပါ.. ဟဲဟဲ။

အဲဒီနေ့တွေကို လွမ်းသွားတယ် မမေရေ...

ချစ်တဲ့ ...
မလေး...

SHWE ZIN U said...

သာဓု သာဓု သာဓု အဲ မမေဓါ ကလည်း လုပ်ရောမယ်
ဘာဘဲဖြစ်ဖြစ် အမှတ်တရလေး ဖတ်သွားပါတယ်

ဖွယ်ဖွယ်ရာရာ လေး ဘုန်းပေးချင် အဲ ကန်တော့ကန်တော့ ဖတ်ချင်ပေမဲ့ မအားတော့လည်း ဘယ်တတ်နိုင်ပါ့မလည်း

မအားလို့ စိတ်ညစ်မနေနဲ့ အားခဲ့တဲ့ အချိန်တွေ ပြန်သတိရနေ အဲဒီတုန်းကလည်း စိတ်ညစ်ခဲ့တာဘဲ မဟုတ်လား

ချစ်တဲ့
ရွှေစင်ဦး

sosegado said...

ဆရာတော်တစ်ပါးအကြောင်း ဝေမျှပေးတာ ကျေးဇူးပါပဲ၊
ကျနော် အမှတ်တရ ရေးတာကို အညာအလှူ ဘိတ်စာ လို့ဘေးက မိတ်ဆွေတစ်ယောက်ကပြောပါတယ်၊
တစ်ခါတစ်လေမှာ မိုးခါးရေသောက်ကြတာ ပျော်စရာကောင်းမှန်း သူမသိပါဘူး၊
ကိုးရက် ဆက်တိုက် အလုပ်လုပ်နေရတာကိုတော့ ကိုယ်ချင်းစာပါသည်၊
ပျော်ရွှင်ချမ်းမြေ့ပါစေ။

Anonymous said...

ကျမရဲ့ အကြိုက်ဆုံး ဘလော့တွေထဲ မမေရဲ့  ဘလော့လည်းပါတယ်နော် ခုနောက်ပိုင်း ဘလော့တွေ သိပ်မရောက်ဖြစ်တော့လို့ မမေ ရေ . စိတ်ထဲကတော့ အမြဲရှိနေပါတယ် ရွှင်လန်းချမ်းမြေ့ပါစေနော်

ma mie nge

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒါကြောင့် ကိုမြစ်ကျိုးက ပြောတယ်
မမေက ပွဲဈေးမှာတောင် ဝတ်ရွတ်နေသတဲ့လေ.. ဟိဟိ
မမေ သိပ်တော်တာဘဲ ဘလောဂ့်ကို ၅နှစ်ပြည့်လာတာတောင် ရေးစရာတွေ များစွာနဲ့ ရေးနိုင်တုန်း၊ ရေးချင်စိတ် ရှိနေတုန်း
ကျွန်မတို့များ ဒီလောက်သက်တမ်းရှည်နိုင်ပါ့မလား မသိ...
၅နှစ်ပြည့်မှသည် ဆက်လက်ပြီးစာတွေကဗျာတွေ အများကြီးရေးကာ ဘလောဂ့် ရွှေရတု တိုင်ပါစေ...
ပျော်စရာ ဘလောဂ်ဒေး ဖြစ်ပါစေ နော်..

mstint said...

ဘလော့ဂါအပေါင်း မျက်စိညောင်း သက်သာစေဘို့ရာ စေတနာနဲ့ ဘလော့ဂ်ရွာအကြောင်းကို ရေးသွားတဲ့ အတွက် သာဓု အနုမော် သုံးကြိမ်တိတိ ခေါ်ဆိုသွားပါတယ် မေဓာဝီရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Maung Myo said...

ရှည်ပါစေ ရှည်ပါစေ ဘလော့လောကကြီးပြောပါတယ်း)

Anonymous said...

အပ္ပကေနပိ မေဓာဝီ၊ အလင်္ကာရေန ဘလောဂ္ဂါ။
သမုဋ္ဌာပေတိ ဘလောဂ္ဂံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။

မီးပွားလေးကို မီးတောက်ကြီးဖြစ်စေသလို
မေဓာဝီbloggerသည် တိုရှင်းသည့် သီဖွဲ့မှုဖြင့်
Blogကို ကြီးပွားဖွံ့ဖြိုးစေလေပြီ…။

နေ၀သန် said...

အော်အော်.. ကိုကိုမောင်ဝင်ခွေ့သွားတာ ဒါကြောင့်ကိုး.. ကျွန်တော်က သူကြီးဆီဝင်ပြီးမှ မမေဆီလှည့်ဝင်လာတော့ ဘာမှန်းမသိ..ဖြစ်နေတာ..း))

ခင်မင်လျက်
နေ၀သန်

Anonymous said...

သိချင်တာလေး မေးချင်လို့ပါ…
ဇေယျတု သဗ္ဗမင်္ဂလံ နဲ့ ဘ၀တု သဗ္ဗမင်္ဂလံ ဘာ ကွာ ပါသလဲ…

စော(အဝါရောင်မြေ) said...

ဟုပ် ကျတော်လည်း မမေကို ဘ၀တု သဗ္ဗမင်္ဂလံ နှင့်ပဲ နုတ်ဆက်လိုက်ပါတယ်။ (၅)နှစ် ဆိုတော့ (၅)ခါပေါ့။ :)

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါမမရေ...
ညီမလေးတို့ကတော့ ပါဋိနေနေသာသာ မြန်မာသတ်ပုံတောင် မှားနေသူမို့ မမကို အားကျထှာ :):) ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ညီလင်းသစ် said...

ဘာမှ မရေးဖြစ်တာနဲ့စာရင် အခုလို ခပ်တိုတိုနဲ့ short to the point ရေးတာကလည်း အမှတ်တရ ဖြစ်စေတာပါပဲ မမေရေ..၊ ပြီးတော့ မြန်မာဘလော့ရွာကြီး တစ်ခုလုံးကလည်း မမေတစ်ယောက် အင်မတန်မှပဲ အလုပ်များနေတာကို သိထားကြလို့ ဒီလို ပို့စ်လေး တက်လာတာကပဲ ကျေနပ်စရာပါ..၊း) လာမယ့် နှစ်များစွာမှာလည်း လှိုင်းတံပိုး အမျိုးမျိုးတို့ကြားမှာ မဆုတ်မနစ် ဆက်ပြီး ကူးခတ်နိုင်ပါစေဗျာ....။

သက်တန့်ချို said...

၅ နှစ်တောင်ရှည်သွားပြီပဲ ဒီဘလော့နဲ့ယှဉ်ရင်ကျနော်တို့ ဘလော့တွေက ပေါက်စနလေးတွေဖြစ်သွားပြီဟိဟိ အစအဆုံးအားပေးဖတ်ရှုသွားပါတယ်ခင်ဗျ ။

seesein said...

ကြီးမေ
အားတဲ့အချိန်ဖြေးဖြေးရေးပေးပေါ့
အဆင်ပြေတဲ့အခါလေ
အားရင် အားသလိုပေါ့နော
စစတို့တော့ ကြီးမေရဲ့စာလေးတွေ ဖတ်လို့ မကုန်သေးဘူး
အားတဲ့အချိန်ဝင်ဖတ်နေတော့တာဘဲ
၅နှစ်ပြည့်မှသည် နောင်....ရေးပေးနေသမျှ..
ဆက်လက်အားပေးနေပါမယ်

ခင်မင်တဲ့
စစ

တောက်ပကြယ်စင် said...

ပျော်စရာဘလော့ဒေးဖြစ်ပါစေ ကြီးမေနော်။ သာဓုပါ၊ သာဓု၊ သာဓု။ ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ။

မြစ်ကျိုးအင်း said...

ကျနော်လည်း ဘလော့ဂ်သက်လေး ၂ နှစ်နီးနီလောက် ရှိလာချိန်ကစပြီး ဘလော့ဂ်တွေရောက်ရင် ရေးတာ ဘယ်လောက်ကြာလဲ ကြည့်ဖြစ်တယ်။ နှစ်ကြာလေ အံ့သြလေးစားရလေပဲ။ တပုဒ် တပုဒ် တင်ဖို့နဲ့ တလ တလ ကျော်ဖြတ်ဖို့တောင် ခက်တဲ့ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ခံစားပြီး ကြည့်မိတာလေ။
၅ နှစ်အထိ သက်တမ်း ရောက်လာတာ အားကျမိတယ်။ ဘယ်လို အကြောင်းနဲ့မှ ဒီလို သက်တမ်းရှည် ဘလော့ဂ်လေး မပျက်သွားစေချင်ဘူး။ စာတွေဆက်ရေးပါ။ အလုပ်တစ်ဖက်ပေမယ့် အားတဲ့အချိန် ရတဲ့အချိန်လေးမှာ ဆက်ရေးပါအုံး။

ဟန်ကြည် said...

အလုပ်များတဲ့ကြားက ရေးထားတဲ့ပို့စ်ကို ၀မ်းသာအားရ ဖတ်သွားပါတယ် အစ်မရေ...အားမှပဲ ရေးပါဗျာ...အရင်တစ်ခါ ကျောင်းတက်နေတုန်းကလိုပဲ တင်သမျှကို စောင့်ဖတ်ဖို့က ကျွန်တော်တို့ တာဝန်ပါ...မြန်မာစာပေကို ကျွမ်းကျင်ပိုင်နိုင်တဲ့ အစ်မမို့ လေးစားစိတ်နဲ့ တင်သလောက်လေးကိုပဲ ကျေကျေနပ်နပ်နဲ့ ဖတ်ပါဦးမယ်...အစစ အဆင်ပြေချောမွေ့ပါစေ...

Unknown said...

(ဘ၀တု သဗ္ဗမင်္ဂလံ နှင့် ဇေယျတု သဗ္ဗမင်္ဂလံ)

အပေါ်က အနောနိမတ်စ် မေးထားတာတွေ့လို့ လျာရှည်ခွင့်ပြုပါ။

ဘ၀တု သဗ္ဗမင်္ဂလံကတော့ ရှင်းပါတယ်။ ပရိတ်ကြီး ပုဗ္ဗဏှသုတ်ထဲက ယူသုံးထားတာပါ။ အဓိပ္ပါယ်ကတော့ အလုံးစုံသော မင်္ဂလာအပေါင်း ဖြစ်ပါစေတဲ့။ မင်္ဂလာအပေါင်းနှင့် ပြည့်ပါစေလို့လဲ ပြန်ဆိုကြတယ်။ ဒီထက်ပိုရင်တော့ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေပေါ့။ ဒီစာပိုဒ်ကိုဘဲ ဆရာတော်တစ်ပါးက မင်္ဂလာရှိပါစေ၊ မင်္ဂလာရှိအောင် နေ ဆိုပြီး ဘာသာပြန်ထားတာ တွေ့ဖူးသေးတယ်။

ဒါပေမဲ့
ဇေယျတု သဗ္ဗမင်္ဂလံတော့ ပိဋကတ်ထဲ မတွေ့ဖူးသလိုဘဲ။ ကျမ်းဂန်မနှံ့လို့များလားတော့ မသိဘူး။ ဇေယျတု ဆိုတဲ့ ပုဒ်ကိုတောင် မတွေ့ဖူးတာ။ ဇယတုလို့ဘဲ တွေ့ဖူးတယ်။ ဇယတုရဲ့ အဓိပ္ပါယ်ကတော့ အောင်မြင်ပါစေပေါ့။

ဇေယျတု သဗ္ဗမင်္ဂလံကိုလဲ ဘာသာပြန်ရင်တော့ မင်္ဂလာပေါင်း အောင်မြင်ပြီးမြောက်ပါစေလို့ ပြန်ရင် ရပါတယ်။

ဘယ်လို နေရာမျိုးတွေမှာ ဇေယျတု သဗ္ဗမင်္ဂလံဆိုတဲ့ စကားလုံးကို တွေ့ရတတ်သလဲဆိုတော့ လက်ထပ်မင်္ဂလာဘိသိသ်ပေးတဲ့အခါမျိုး၊ မောင်ရှင်လောင်း ဘိသိသ်သွင်းတဲ့အခါမျိုး၊ နောက်ပြီးတော့ အခါတော်ပေး သီချင်းတွေ ရေးတဲ့အခါမျိုး၊ မွေးဇာတာရေးမှတ်တဲ့အခါမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ အခါတော်မင်္ဂလာ အယူတော်မင်္ဂလာ မွေးနေ့မင်္ဂလာ လက်ထပ်မင်္ဂလာ ရှင်ပြုမင်္ဂလာ အောင်မြင်ပါစေဆိုတဲ့ သဘောပေါ့။
အဲဒီ ဇေယျတု သဗ္ဗမင်္ဂလံ စကားလုံးရဲ့ရှေ့မှာ အောင် သို့မဟုတ် သြောင် ဆိုတဲ့ စကားလုံးကို ထည့်ပြီး အောင် ဇေယျတု သဗ္ဗမင်္ဂလံ သို့မဟုတ် သြောင် ဇေယျတု သဗ္ဗမင်္ဂလံလို့လဲ အထက်ပါ မင်္ဂလာမျိုးတွေ ရေးမှတ်သီဆိုတဲ့အခါ တွေ့ဖူးပါတယ်။

ဆိုလိုတာကတော့
ဘ၀တု သဗ္ဗမင်္ဂလံဆိုတာက ကိုးကားစရာရှိတဲ့ အတွက် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်။ အချိန်တိုင်းလဲ ရွတ်ဆိုသင့်တဲ့ စကားလုံးလေး ဖြစ်ပါတယ်။

ဇေယျတု သဗ္ဗမင်္ဂလံ ကတော့ ရိုးရာအရ ဖြစ်ပေါ်လာပုံရတဲ့အတွက် အထက်ပါ ရိုးရာပွဲတွေလိုမျိုးမှာ သုံးစွဲတာဘဲ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဇေယျတု အစား ဇယတုဆိုရင် ပိုသင့်မြတ်မယ်လို့ ထင်မြင်ကြောင်းပါ။

မစပ်မဆိုင် ကြားထဲက ၀င်ပြီး လျာရှည်ပေးလိုက်တယ်။ အနောနိမတ်စ်က ဘယ်သူမှန်း မသိပေမဲ့ ဒီအကြောင်းတွေကို သိသိကြီးနဲ့ မေးတာလား တကယ်မသိလို့ မေးတာလားဆိုတာကတော့ မပြောတတ်ပါဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် အခုလို ရေးလိုက်ရတာကိုတော့ ၀မ်းသာမိပါတယ်။ ပိုပြီးတိကျမှန်ကန်တဲ့ အဖြေမျိုး ရှိရင်လဲ သိချင်ပါသေးတယ်။

အခုလို ဘလော့ဒေးမှာ အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်
"ဘ၀တု သဗ္ဗမင်္ဂလံ"
"မင်္ဂလာရှိပါစေ။ မင်္ဂလာရှိအောင်နေ"

မေတ္တာဖြင့်
အင်္ဂါမောင်

Anonymous said...

ကျေးဇူးတင်ပါတယ် အင်္ဂါမောင်
မ သိ ရင် မေး − မ စင် ရင် ဆေး လို့ ဆိုထားလို့ပါ
ပါဠိ ဗဟုသုတ နည်းလို့ပါ

မဒမ်ကိုး said...

မမမေ ..အလှတွေဝေလို့
အပျော်ရွှင်ဆုံး ဘလော့ဂင်လုံး ဘ၀နဲ့
အမြဲ ထာဝရရေးနိုင်ပါစေ .
(မလုံးချင်ရင် ပြားလိုက်ပါ..စာအရလုံးမှဖြစ်မှာမို့လုံးလိုက်ပါတယ်း)

ညီမ
မဒိုးကန်

ညိမ်းနိုင် said...

မမေရေ...၃၁ရက်နေ့က ကျွန်တော့်ဆိုက်မယ်...လင့်အသစ်
တွေမတက်လို့ အဲ့နေ့က အသစ်တင်သမျှ အကုန်လွတ်
သွားတယ်ဗျ....ခုမှလာရတယ်...၊နောက်ကျပေမယ့် အပေါက်ဝကလှည့်မပြန်ရလောက်ပါဘူးနော်...:)))
ဘဝတုသဗ္ဗမင်္ဂလံပါပဲဗျိုး.......:)))

Anonymous said...

အမ ထက်..သူများက ပိုမိုက်တယ်..
ပြန်ပါလေတော့ပြန်လေတော့....

ဟွန်း..သူများကျတော့သတိရတယ်..သူကျတော့ သတိမရဘူးးတော်ပီ..ခေါ်တော့ဘူး

San San Htun said...

မမေဓာရေ...မျက်စိညောင်း သက်သာတဲ့အတွက် သောင်းသောင်းဖြဖြ သာဓုသာ ခေါ်သွားပါကြောင်း...းD

မင်းဧရာ said...

အမကြီးကတော့လုပ်လိုက်ပြီ...
ကျွန်တော်က အခုမှ အမကြီးရဲ့ဘလောက်ဒ်လေးထဲကို
ရောက်ဘူးတာ ကဗျာတွေ လျှောက်ဖတ်မလို့ တဂ်ပို့စ်
ကိုအရင်မြင်လို့ ဖတ်လိုက်တာ သို့ပေမင့် သာဓု၃ ပါဗျာ။