Tuesday, August 17, 2010

ကွန်မန့်ထဲက ကဗျာများ

မနေ့ကမနက် ဘလော့လည်ထွက်တော့ ကိုမင်းထက်ဘလော့မှာ ပြုံးချင့်စဖွယ် လေးဆစ်ကဗျာလေး နှစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ခေါင်းစဉ်တခုထဲကို သူက ဗားရှင်း နှစ်မျိုးနဲ့ ဒီလိုရေးထားတယ်။
"တောင်သမန်ရဲ့ ဆည်းဆာယံ"

ဝင်နေချည် ရေကိုညွှန်း
ရွန်းလုလု အပြန်
ခက်မယ်ဇယ် အင်းရေပေါက်
ဆင်းသောက်တဲ့ဟန်
ဆည်းဆာယံ
တောင်သမန် အင်းဘေး
နှစ်ကိုယ်တူ လေအဝှေ့မှာ
ထွေးဖက်လို့ နွေး။
(ချစ်သူအတွက်)
-------------
ဝင်နေချည် ရွန်းလုလု
ရေနုမှာ တောက်လာ
ခက်မယ်ဇယ် အင်းရေဆင်း
ငုတ်သောက်ထဲ့အခါ
မင်းနဲ့ ငါ
ဘီယာခွက်ကိုင်ရင်း
တောင်သမန် အင်းရေစပ်ကို
ရှူးပေါက်ဖို့ဆင်း။
(သူငယ်ချင်းအတွက်)
------------------
သူ့ကဗျာလေးတွေဖတ်ပြီး ကျမပြန်ရေးချင်လို့ စိတ်ထဲက ကလိကလိ ဖြစ်လာတာနဲ့ ကော်ဖီသောက်ရင်း စဉ်းစားပြီး ခုလို ရေးလိုက်တယ်။

ဝင်နေခြည် ရွှေရည်လောင်း
လေပြည်ပြောင်း သွဲ့ပြန်၊
ခက်မယ်ဇယ် နွဲ့ကာတိမ်း
ယိမ်းကတဲ့ဟန်။
အဖန်ဖန်
တောင်သမန် စခန်း၊
ဖန်သင်းပိုင် စိတ်ပုတီးနဲ့
ဆီးပေါ့ သင်္ကန်း။
(ကိုမင်းထက်သို့)
***
ကျမ အကျင့်က အဲဒီလိုပါပဲ၊ ဘလော့တွေလိုက်ဖတ်ပြီး ကိုယ်နဲ့ ခင်ရာခင်ကြောင်း ဘလော့တွေမှာ သူတို့ ကဗျာလေးတွေကို တုန့်ပြန်တဲ့ ကဗျာတွေ ကွန်မန့်ထဲ ရေးမိတတ်တယ်။ တခါတလေလဲ မေဓာဝီ နာမည်နဲ့၊ တခါတလေတော့လဲ နာမည်မတပ်မိဘူး။ ကိုမင်းထက် ဘလော့မှာ အပေါ်က ကဗျာလေး ရေးဖြစ်တော့မှ အရင်က ရေးခဲ့ဖူးတဲ့ ကွန်မန့်တွေထဲက ကဗျာလေးတွေကို အမှတ်တရ ဘလော့မှာ ပြန်တင်ရင် ကောင်းမယ်လို့ တွေးမိပြီး တင်လိုက်ပါတယ်။ တချို့လည်း ဖတ်ဖူးကြပါလိမ့်မယ်။ အခု တင်မယ့် ကဗျာတွေကတော့ ရယ်စရာသက်သက်ပါပဲ။ အတည်အတံ့ ရေးတာတွေလဲ နောက်တော့ တင်ပါမယ်။ ကာယကံရှင်တွေကို ခွင့်တောင်းပြီး တင်လိုက်ပါတယ်၊ ဖတ်ကြည့်ကြပါအုံး။
***
“အပေးအယူ”
သူကြင်မှ ကိုယ်ကြင်
ဘလောဂ်ရွာလည်သည့်ပွဲ
ကောင်းတဲ့ဖြစ်အင်
ကိုယ်နားလျှင် သူမလာ
သူနားလျှင် ကိုယ်ကဝေး
ဘလောဂ်ရွာ လည်သည့်ထုံး
ပြုံးမိချည်သေး။
(ကိုမင်းထက်)
--------------
အပေးအယူ
တွေးပူကာ အယူမလွဲပါနဲ့
လူပဲလေ တခါတလေတော့
ဘလော့ရွာ မလည်ပတ်နိုင်လို့
တကယ်ဖတ်ကာ မှတ်ချက်ရေးချင်ငြား
အချိန်အား ရှားနည်းလှတာမို့
အားခဲကာ အမြန်ဖတ်ရတယ်
မန့်ဖို့ ခက်သေး။
(မေဓာဝီ)
***
ဒါကတော့ ခုတလော ဘလော့မရေးဘဲ အိပ်ပျော်နေတဲ့ ဦးလူထွေးကြီး တခါတုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလေး။

“အမေး ကိုလူထွေး”
တခါတခါ
ငါဟာ...
စကြဝဠာအမိုးကို လှန်ဆွဲဖွင့်
ဟိုးးးး ခပ်မြင့်မြင့်ကို လွင့်သွားချင်တာ...
အဆင်းမှာ ခွေးကျ ကျကာမှ
မင်းငါ့ကို ထွေးလို့ မမှာလား...
(ကိုလူထွေး)
-------------
“အဖြေ မေဓာဝီ”
ထွေး’မ-မချင်ပါ …
ခွေးကျလျှင် အတော်နာမှာမို့
ဖော်သဟာ ဘော်ဒါတထောင်နဲ့
တော်ရာချောင် ရှောင်ကာနေပါ့မယ်
ကျပေါ့ မြေကြီး။
(မေဓာဝီ)
***
“ကိုလူထွေးဖိတ်တဲ့ နံနက်စာ”
အကိုလူထွေး၊ နံနက်တေးဆို
Tea ချိုချိုနဲ့၊ အိုကွယ်စုံရာ
ဒီမှာပေါင်မုန့်၊ ယိုသုတ်လို့ထား
ဒါကားကြက်ဥ၊ salad နုနဲ့
ခရမ်းချဉ်သီး၊ ပါးပါးလှီး၍
ကောင်းပေ့ဒိန်ခဲ၊ မုန့်ပေါ်ကျဲကာ
လာစားပါလေ၊ စေတနာဖြင့်
သဒ္ဓါရွှင်မြူး၊ ကြည်ညွတ်နူးသည်
ဘီလူးသွားကို လ,ဖြဲတည်း။
(ကိုလူထွေး)

(ဝန်ခံချက်။ ။ "မေဒါဝီ" ရဲ့ ဘလော့မှာ တင်ထားတဲ့ ရှင်ဥတ္တမကျော်ရဲ့ "ဆယ့်နှစ်ရာသီ တောလားရတု" ကိုဖတ်ပြီး ရေးမိရေးရာ ရေးမိတာပါ။ အောက်ဆုံးက နှစ်ကြောင်းကိုလဲ အဆိုပါ ရတုကနေ ကူးယူပါတယ်။ အကျိုးအကြောင်း ဆက်စပ်၍ကားတော့ မဟုတ်...)
--------------
နံနက်စာကို ဘိုလိုမစားချင်တဲ့ ကျမက ခုလို ပြန်ရေးခဲ့တယ်။

ပဲပြုတ်ပူပူ၊ ထမင်းဖြူဆီဆမ်း
ရေနွေးကြမ်းသောက်၊ ငါးခြောက်ဖုတ်လေး၊
မွမွလေးကင်၊ ကျွေးပါလျှင်သော်
ခေါင်းမဖော်တမ်း၊ အငမ်းမရ
စားချင်လှသည် ...
ဘီလူးသွားကို မဖြဲကြေး။
(မေဓာဝီ)
***
ဒီကဗျာရှင်ကတော့ တုံးဖလား ရွာသူကြီး ကိုကိုမောင် (ပန်းရနံ့) ဖြစ်ပါတယ်။

တိုက်ပိ မြေပိ၊
ဤနှစ်ပိထက်၊
စာပိ ကျောင်းသား၊
ပို ပိပြား၏။ ။
(ကိုကိုမောင်)
-------------
စာပိကျောင်းသား
ပိုပိပြားလည်း
သူကားအစဉ်
ဘလော့တခွင်ပတ်
အလည်ထွက်၏။
(မေဓာဝီ)
***
ဒီကဗျာက ကိုကိုမောင်ရေးတဲ့ ၀ဲရိုက်ဝဲသွင်း အမျိုးအစား ကဗျာလေးပါ။

တစ်ရေးနိုး
မိုးကအေး
ကွေးနေမိ
ကြည့်စာအုပ်
ပြုတ်လို့ကျ။
ထကာကောက်
ကြောက်လို့သွား
များ အိမ်စာ
ချာချာလည်။
လည်တဲ့စိတ်
အိပ်ချင်ခြင်း
တင်းကာဖြေ
နေအရုဏ်
မှုန်ဝါးဝါး
ကားသံဆူ
ပူနေလျက်။
ရက်တွေကြာ
စာက များ
စားချင်စိတ်
ဆိတ်သုဉ်းနေ။
သွေဖယ်ခြင်း
ရှင်းကာဖျောက်
နောက်မနက်
တက်ကြွစိတ်
ဟိတ်မာန်ချီ
ဝီရိယ
ဆထက်တိုး
ကြိုးစားမည်။ ။
(ကိုကိုမောင်)
***
ကျမက ခုလို ပြန်ရေးလိုက်တယ်။

ကြိုးစားမည်
ရည်ရွယ်ငြား
အားပါလျှင်
အင်တာနက်
ဆက်ချိတ်လို့
ပို့စ်အသစ်
ဖြစ်ဖို့တွေး
ငေးမောလျက်
စက်မပျော်
ခေါ်မကြား
စားမ၀င်
ကြင်သူမဲ့
ဖွဲ့ကဗျာ
ကာရန်ပျောက်
နောက်သည့်စိတ်
ကြိတ်မှိတ်ငို
ကိုကိုမောင်
သျှောင်ကိုပယ်
နယ်ကိုခွါ
ကြာသင်္ကန်း
လွှမ်းကာခြုံ
ဘုံသုံးတစ်
မေတ္တာဝေ
ထေရ်အလား
တရားဖြင့်
မြင့်မြတ်ရာ
ရှာကာကိုး
ကြိုးစားမည်
ဤဓိဋ္ဌာန်
မှန်စေကြောင်း
ကောင်းကောင်းကျင့်။
(မေဓာဝီ)
***
ဒီတပုဒ်ကလဲ သူကြီး ကိုကိုမောင်ကို ရေးထားတာပါပဲ။ ဒါပေမဲ့ သူ့ကဗျာကို မဟုတ်ဘူး၊ သူ့ပို့စ်တခုကိုပါ။ အဲဒီပို့စ်မှာ သူက အင်္ဂလန်ရဲ့ ဆောင်းရာသီဒဏ်ကို ဘယ်လိုခံရပုံ၊ အသားတွေပတ်လို့ ယားနေရပုံ စသဖြင့် စီကာပတ်ကုံး ရေးထားတယ်။ အဲဒါဖတ်ပြီး ကျမက ခုလို ပြန်ရေးလိုက်မိပါတယ်။

ပန်းရနံ့
လွှမ်းပျံ့ပါတဲ့ မြို့လန်ဒန်။
ရာသီပြောင်း … လာပြီဆောင်းဟာမို့
ကြာချည်မှာ ဗျာသီကွေးကာ
ဆွေးရလေဟန်။
အရေပြားရယ်လန်
ပတ်ပြန်ပေါ့အသား။
ဟိုအကို ပိန်ကြောင်ကျားအိုက
ဝဲပေါက်သလိုယား … ။ … ။
(မေဓာဝီ)
***
နောက်များမှ တခြားကဗျာတွေ ပြန်တင်ပါအုံးမယ်။ များနေရင် ဖတ်ရတာ ပျင်းမှာစိုးလို့ ခုတော့ ဒီလောက်ပါပဲ။
စာရေးဖို့ လောလောဆယ် အာရုံမရသေးတာမို့ ရှိတာလေးတွေနဲ့ ဆားချက်တယ် သဘောထားလဲ ရပါတယ်။ ကျမရဲ့ ပေါက်ကရ ကဗျာလေးတွေဖတ်ပြီး တချက်လောက် ပြုံးဖြစ်ရင်ပဲ ၀မ်းသာပါတယ်ရှင် ...။
မေတ္တာဖြင့် ...
မေဓာဝီ
၁၇၊ သြဂုတ်၊ ၂၀၁၀
၇း၀၅ နာရီ

16 comments:

မင်းနေဝေး said...

ကဗျာတွေ လာရီသွားပါတယ်ခင်ဗျာ ....
:D တော်တော်ရီရတာပဲ

:P said...

ဖတ်ရတာ မပျင်းပါဘူး.. ရေးတတ်လိုက်(ကြ)တာ...။

နေ၀သန် said...

ဟားဟာဟား.. ရယ်လိုက်ရတာ..... ကဗျာကို ကဗျာနဲ့ ပြန်ဆော်ထည့်တာ အူကိုနှိပ်နေတာပဲ... ရေးလည်းရေးတတ်ပါ့..... ဟားဟား


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ကိုမင်းထက်အတွက် ကဗျာလေးက အဓိပ္ပါယ်ရှိသကိုးဗျ :D

Crystal said...

တယ်လည်း စာတဲ့ ဆိုတွေပဲကိုး......

ကိုခိုင် said...

ရေးထားတာလေးတွေကောင်းတယ်။
ကျန်းမာပါစေ။

ကိုခိုင်

စုချစ် said...

မမေ... ကဗျာတွေ အားလုံးကြိုက်တယ်...
း-)

သူကြီးမင်း (တုံးဖလား) said...

မေဓာဝီ
တွေးနေပါတဲ့ မေဓာဝီ
ရေးနေပါတဲ့ မေဓာဝီ။

ဝုလ်ဖ်ပြည်မှာ ခုနေပါတဲ့
မေဓာဝီ မြန်ပြည်ဘွားရယ်က
ဟားတိုက်လို့ရီ။


ပျို့ကဗျာကိုလ
တို့စရာလို ငါးပိနှော
ရယ်မောဖို့ ဖန်တီး။

ချက်နည်းမျိုးစုံ
လက်နှီးတို အဖုံဖုံနဲ့
အစုံစုံ သူပုံချက်ပါလို့
ကျက်သမျှ မပျက်ရလေအောင်
မေဓာဝီ အပီစားလို့ရယ်
ဖျားတဲ့ ဖက်တီး။ :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

သက်ဝေ said...

ရေးတတ်လိုက်ကြတာနော်...
ဖတ်ရတာ သွက်နေတာပဲ...
ကိုယ်ကတော့ ကဗျာ မရေးတတ်ဖူး...
ဒါကြောင့် ရေးတတ်တဲ့သူတွေကို သိပ်သဘောကျတယ်...
နောက်လဲ ကဗျာတိုလေးတွေ
ရှိသေးရင် တင်ပေးပါအုံး မေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အရမ်းကိုသဘောကျမိတယ်
တစ်ပြုံးပြုံးနဲ့ကို ဖတ်သွားမိတယ်..
ခုလို ကဗျာလေးတွေ ရေးတတ်ချင်လိုက်တာ.. တကယ်အားကျမိပါတယ်..

SHWE ZIN U said...

မမေဓါဝီ ရေ

အစောကြီး ကထဲက ဖတ်သွားပြီ မအားလို့ အခုမှ အေးဆေး ထပ်လာဖတ်တာ ဖတ်လို့ ကောင်းလိုက်တာ ကဗျာ လေးတွေ ဖတ်ဖတ်ပြီး ရီလိုက်ရတာ

ကျေးဇူးဘဲနော် ကျန်တာလေး လည်း မျှော်နေမယ်
ဆက်တင်ပေးပါအုန်း

ခင်မင်တဲ့
ရွှေစင်ဦး

မိုးဦးစံပယ် said...

တချက်မက....အခါခါပြုံးလိုက်ရတဲ့အတွက် မမေကို ကျေးဇူးအများကြီးတင်ပါတယ်။ မရွှေစင်ပြောသလို ကျန်တာလေးတွေကိုလည်းမျှော်နေပါ့မယ်။

မယ်မိုးဦး

ညလင်းအိမ် said...

ဖတ်လို့ကောင်းတယ်ဗျာ .... တကယ်မိုက်တယ် .... ကဗျာကို အဲလိုရေးတတ်တာ ....

Anonymous said...

ကဗျာတွေကြိုက်တယ် ရေးတတ်ချင်ပါတယ်
ဖတ်ရတာ မပျင်းပေါင်ဗျာ ရေးတာရေးပါ

ခင်မင်စွာဖြင့်
seesein

Mhu Darye said...

အလည်တရောက်မျှ မရောက်ကြာပြီ။
ကဗျာလေးတွေ အတည်ပေါက်ချစ်စရာ.. မမေ။
း)

ဂျစ်တူး ( မုံရွာ ) said...

ကြိုက်တယ်ဗျာ ကဗျာတွေအားလုံးကို-
မဖိတ်ဘဲမသိဘဲလာခဲ့သူပါ.
နောက်များမှာလည်းလာလည်ပါရစေ - - -