Thursday, August 12, 2010

ဗောဓိဉာဏ်၏ အင်္ဂါများကို တိုင်တည်၍ …

ဗောဇ္ဈင်ဆိုတာ ဗောဓိဉာဏ်ရဲ့ အင်္ဂါအစိတ်အပိုင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဗောဇ္ဈင်တရားခုနစ်ပါးကို အကြောင်းပြုပြီး မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သုတ္တန်ကို ဗောဇ္ဈင်သုတ်လို့ ခေါ်ပါတယ်။ နာမကျန်းဖြစ်ရာမှာ ဟောကြား ရွတ်ဆိုခဲ့တာကြောင့် ဗောဇ္ဈင်သုတ်ကို ဂိလာနသုတ်လို့လည်း ခေါ်ပါတယ်။ မြတ်စွာဘုရားဟာ ရှင်မဟာကဿပနဲ့ ရှင်မဟာမောဂ္ဂလ္လာန်တို့ မကျန်းမမာ ဖြစ်တော်မူစဉ် ဗောဇ္ဈင်သုတ်ကို ဟောကြားတော်မူခဲ့ပါတယ်။ ရှင်မဟာကဿပနဲ့ ရှင်မဟာ မောဂ္ဂလ္လာန်တို့ဟာ မြတ်စွာဘုရား ဟောကြားတဲ့ ဗောဇ္ဈင်ခုနစ်ပါးတရားတော်ကို အစဉ်အတိုင်း နာကြားရာက စိတ် စေတသိက်တွေ ကြည်လင်လာပြီး စိတ်စေတသိက်တို့ မှီရာ ဟဒယ၀တ္ထုမှာရှိတဲ့ သွေးတို့လည်း ကြည်လင် သန့်ရှင်းလာတာကြောင့် ရောဂါပျောက်ကင်းကာ ပြန်လည် ကျန်းမာလာခဲ့ကြပါတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင် နာမကျန်းဖြစ်ရာမှာလည်း အရှင်စုန္ဒမထေရ်ကို ဗောဇ္ဈင်သုတ်တော် ဟောကြားစေပြီး ရိုသေစွာ နာယူတော်မူပါတယ်။ ဒီလိုနာယူပြီးတဲ့နောက် ရောဂါပျောက်ကင်းပြီး ချမ်းသာခြင်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဗောဇ္ဈင်သုတ်တော်ဟာ နာမကျန်းသူကိုယ်တိုင် ရွတ်ဖတ်လို့ပဲဖြစ်ဖြစ် နာမကျန်းသူကို နာယူစေကာ ကိုယ်က ရွတ်ဖတ်ပေးလို့ပဲဖြစ်ဖြစ် တရိုတသေ ရွတ်ဖတ်ပူဇော်ရင် ဝေဒနာ သက်သာ ပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။ လောကတခွင်တွင် ရှိကြကုန်သော ဂိလာနသတ္တ၀ါအားလုံးအတွက် ဗောဇ္ဈင်သုတ်တော်ကို ရွတ်ဖတ်ပူဇော်လိုက်ပါတယ်။
(မှတ်ချက်။ … ။ ဗောဇ္ဈင်၏ အသံထွက်အမှန်မှာ ဗွတ်ဇင်ဖြစ်ပါတယ်။)
***
ဗောဇ္ဈင်သုတ် မြန်မာပြန်

အို … သူတော်ကောင်းတို့ …
သံသရာ၌ ကျင်လည်ကြကုန်သော သတ္တ၀ါတို့၏ ဒုက္ခခပ်သိမ်းတို့ကို ပျောက်ငြိမ်းစေတတ်ကုန်သော၊ မာရ်စစ်သည် အသင်းအပင်းတို့ကို နှိပ်နင်း ဖျက်ဆီးတတ်ကုန်သော ဗောဇ္ဈင်မည်ကုန်သော ခုနစ်ပါးကုန်သော အကြင်တရားတို့ကို သိကြကုန်သောကြောင့် မြတ်ကုန်သော ဤပုဂ္ဂိုလ်တို့သည် ဘ၀သုံးပါးမှ လွတ်မြောက်ရကုန်သည် ဖြစ်၍ ပဋိသန္ဓေနေခြင်းမရှိသော၊ အိုခြင်းမရှိသော၊ နာခြင်းမရှိသော၊ ဘေးမရှိသော နိဗ္ဗာန်သို့ ရောက်ကြရကုန်ပြီ။ ဤသို့ အစရှိသော အကျိုးဂုဏ်အင် အာနိသင်တို့နှင့် ပြည့်စုံသော၊ ဂုဏ်ပေါင်းများစွာ သိမ်းယူရာဖြစ်သော၊ ရောဂါပျောက်ရေးဝယ် ဆေးသဖွယ်လည်းဖြစ်သော ဤ ဗောဇ္ဈင် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။

သတိဟုဆိုအပ်သော ဗောဇ္ဈင်လည်းကောင်း၊ ဓမ္မ၀ိစယဗောဇ္ဈင်လည်းကောင်း၊ ထိုမှတပါး ၀ီရိယ ဗောဇ္ဈင်လည်းကောင်း၊ ပီတိဗောဇ္ဈင်, ပဿဒ္ဓိဗောဇ္ဈင်တို့လည်းကောင်း၊ ထို့ပြင်တပါးကုန်သော သမာဓိဗောဇ္ဈင်, ဥပေက္ခာဗောဇ္ဈင်တို့လည်းကောင်း၊ ဤသို့ တရားအလုံးစုံ အကုန်သိတော်မူသော မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သည် ရှိသော် သစ္စာလေးပါးကို သိခြင်းငှာလည်းကောင်း၊ နိဗ္ဗာန်အလို့ငှာလည်းကောင်း၊ မဂ်ဉာဏ်အလို့ငှာ လည်းကောင်း ဖြစ်ကုန်၏။ ဤ သစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

အခါတပါး၌ မြတ်စွာဘုရားသည် မောဂ္ဂလ္လာန်မထေရ်ကိုလည်းကောင်း၊ ကဿပမထေရ်ကို လည်းကောင်း မကျန်းမာသည်တို့ကို, ဆင်းရဲခြင်းသို့ ရောက်သည်တို့ကို မြင်တော်မူ၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဟောတော်မူပြီ။ ထိုမထေရ်မြတ်တို့သည်လည်း ထိုဗောဇ္ဈင်ခုနစ်ပါး တရားတော်ကို နှစ်သက်အားရ ခံယူကြကုန်၍ ထိုခဏ၌ ရောဂါမှ ပျောက်ကင်း လွတ်မြောက်ကြရကုန်ပြီ။ ဤသစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

အခါတပါး၌ တရားဘုရင် ဘုရားရှင်သည်လည်း ရောဂါဝေဒနာ ပြင်းထန်စွာ နှိပ်စက်အပ်သည်ဖြစ်၍ စုန္ဒမထေရ်ကို ထိုဗောဇ္ဈင်တရားတော်ကိုပင် ရိုသေလေးစားစွာ ရွတ်ဆိုစေ၍ ၀မ်းမြောက်တော်မူသောကြောင့် တခဏချင်း ထိုရောဂါမှ ထမြောက် ပျောက်ကင်းတော်မူလေပြီ။ ဤသစ္စာစကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့သည် တဖန်ထပ်ကာ ပေါ်မလာသကဲ့သို့၊ မဟေသီ သုံးပါး (ဘုရား, အရှင်မဟာကဿပ, အရှင်မဟာမောဂ္ဂလ္လာန်) တို့၏ ဗောဇ္ဈင်တရားဖြင့် ပယ်ရှားအပ်သော ဝေဒနာ များမှာလည်း နောင်ပေါ်လာခြင်း အလျဉ်းမရှိတော့သည်၏ အဖြစ်သို့ ရောက်ရသည်။ ဤသစ္စာစကားကြောင့် သင့်အား ထာဝစဉ် ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
***
ဤသစ္စာစကားကြောင့် ကျွန်ုပ်၏ ကျေးဇူးရှင်ဖခင်ကြီး ခံစားနေရသော ဝေဒနာများမှ အခါခပ်သိမ်း ပျောက်ငြိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
***
မေဓာဝီ
၁၂၊ သြဂုတ်၊ ၂၀၁၀
၂၀း၁၁ နာရီ
(ဆေးရုံပေါ်တွင် ခွဲစိတ်ကုသ ခံထားရသော အဖေ ... သို့)
ရည်ညွှန်း ။ … ။ ပရိတ်ကြီး ၁၁-သုတ် အသံထွက်ရွတ်ဖတ်နည်း (ဦးမောင်မောင် - ဟံသာဝတီ)

12 comments:

ကိုအောင် said...

မမေဓါဝီရဲ့ ဖခင် အမြန်ဆုံး ကျန်းမာရေး
ကောင်းမွန်လာမှာပါ၊ အရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ၀ိုင်းပြီး ဆုတောင်းပါတယ်။

သူကြီးမင်း (တုံးဖလား) said...

မမေဓာရဲ့ ဖခင်ကျန်းမာပကတိဖြစ်စေရန်အတွက် ဗောဇ္ဈင်သုတ်ကို ကူညီရွတ်ဖတ်ပေးပြီး ဆုတောင်းပေးပါ့မယ်။ မမေဓာလဲ စိတ်ကြည်ကြည်လင်လင်နဲ့ ရွတ်ဖတ်ပြီး ဆုတောင်းပေးပါ။

မမေဓာရဲ့ဖခင်တစ်ယောက် ရောဂါဝေဒနာမှ သက်သာပြီး မိသားစုနှင့်အတူတူကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေနိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခင်မင်လျက်
ကိုကိုမောင်

Anonymous said...

မမေဓါဝီ ရေ

တကယ်ဘဲ စိတ်မကောင်းဖြစ်ရပါတယ် အဝေးရောက် သမီးတယောက် ရဲ့ ပူပန်မှု့ကို ကိုယ်ချင်းလည်း စာပါတယ် အမြန်ဆုံး နေကောင်းကျန်းမာ ဘို့ ဆုတောင်းပေးကြစို့

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

ကြီးမေ
အဝေးရောက်နေတဲ့သမီးတစ်ယောက်ရဲ့
သောက ဖြေရာကတော့ တရားမှတပါး တခြားမရှိပါဘူး စိတ်အေးချမ်းတည်ငြိမ်စွာနဲ့ ဆုတောင်းပေးပါ့မယ် ခံစားနေရသော ဝေဒနာများ ခပ်သိမ်း ပျောက်ငြိမ်း ချမ်းသာပါစေ။
ခင်မင်စွာဖြင့်
seesein

Anonymous said...

getting well your Dad soon

Ryan

:P said...

မမေဓာဝီရဲ့ ဖခင် အမြန်ဆုံးရောဂါသက်သာပျောက်ကင်း ကျန်းမာပါစေ...။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေဓာဝီအဖေ အမြန်ဆုံး နေကောင်းကျန်းမာလာပါစေနော်..
တကယ့်ကို ကိုယ်ချင်းစာမိပါတယ်.. အဝေးက သမီးတစ်ယောက်ရဲ့ ခံစားချက်ကို
ဘာလို့ဆို ကျွန်မအဖေလဲ ဆေးရုံတက်ရတော့လဲ ကိုယ်တိုင်က အဝေးကနေ စိတ်ပူပန်နေရတာကလွဲလို့ ကိုယ်ထိလက်ရောက် ဘာမှ မလုပ်ပေးနိုင်တဲ့ ဘ၀မို့ စိတ်မကောင်းကြီးစွာ ဖြစ်နေရတယ်..
ဗောဇ္ဈင်သုတ်ကို ရွတ်ကြမယ်နော်..

မေဓာဝီ said...

ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်ရှင်။
အဖေ သက်သာတယ်လို့ သတင်းရပါတယ်။

khin oo may said...

အဖေသက်သာနေကောင်းတယ်ဆိုလို့ဝမ်းသာပါတယ်။

Thet Oo said...

မေဓာဝီဖခင့်ကျန်းမာရေးသတင်းကို ကိုအောင် (ပျူနိုင်ငံ) ပြောပြ၍ သိရသည်။ ပြန်လည်သက်သာလာသည်ဟု သိရ၍ ၀မ်းသာပါသည်။ မည်သူမဆို သေချာပေါက်သွားရမည့် ခရီးတခုကိုကြိုတင် ပြင်ဆင်ထားပါက သူ့အချိန်ရောက်လာသည့်အခါ ကြောင့်ကျမှုကင်းစွာဖြင့် ခရီးထွက်ခွာနိုင်ပါလိမ့်မည်။ ဤအကြောင်းအရာများကို ဘာသာရေးလိုက်စားသည့် မေဓာဝီ့ ဖခင်ကြီးလည်း သိရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ မေတ္တာဖြင့် ...

ကလူသစ် said...

မမေဒါဝိန် အဖေ ဘယ်လိုဖြစ်သလဲဗျ။ အမြန်ဆုံးကျမ်းမာပါစေဗျာ။

စုချစ် said...

မမေရေ... အန်ကယ် ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်...
ချစ်ခင်စွာ...
စုချစ်