Saturday, May 05, 2007

ဘလော့အသစ် မိတ်ဆက်

သင်္ကြန်တွင်းတုန်းက ရေးခဲ့တဲ့ ပို့စ်တခု မှာ ကျမဘလော့အတွက် ထူးခြားတဲ့အစီအစဉ်တခု ပြုလုပ်မယ်လို့ ရေးခဲ့ပါတယ်။ အဲဒါက တခြားတော့မဟုတ်ပါဘူး။ ဘလော့အသစ်တခု လုပ်မယ့်အစီအစဉ်ပါ။
ဘလော့အသစ်ကို ပြုလုပ်ဖို့ စတင်စိတ်ကူးမိခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စာလေး တစောင်ကြောင့်ပါပဲ။

Sun, Mar 25, 2007 at 10:58 AM

nyimalay maydarwii

you remember ur posting abt nyilay not been ordained in his life . That are the words that changed my view on dhamma . I found the way to release myself from all suffering and I started practising vipassana 1 yr ago . I am still at the beginning of journey but dhamma already relieve a lot of my sorrow . I started sharing some basics in padonma . I got a few friends with similar interest . Thanx again for your letter

စာရေးလိုက်သူကတော့ ကျမသူငယ်ချင်း ဗန်ပါယာ၆ ရဲ့ အကိုပါ။
ကျမသူငယ်ချင်း ကွယ်လွန်ပြီးနောက် ပလန်းနက်ဖိုရမ်မှာ သူနဲ့ပတ်သက်ပြီး အမှတ်တရတွေ ရေးခဲ့ဖြစ်တယ်။ သူဟာ ကွယ်လွန်သည်ထိ ပဉ္ဖင်းမတက်သွားခဲ့ရကြောင်း ကျမသူ့ကို ခဏခဏ တိုက်တွန်းကြောင်း၊ စသဖြင့် ရေးခဲ့မိပါတယ်။ ပလန်းနက်ဖိုရမ်က အဲဒီပို့စ်ကို အကို ဖတ်မိသွားရာက … ဒီစာလေး ကျမဆီ ရောက်လာတာပါပဲ။

အဲဒီစာလေးရပြီးနောက် အကိုနဲ့ကျမ အွန်လိုင်းမှာ ပြောကြရင်း ဖိုရမ်တွေမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ငြင်းခုန်ကြတဲ့ ကိစ္စရောက်သွားပါတယ်။ အင်တာနက် သုံးခါစက ဖိုရမ်တွေကို စွဲလမ်းခဲ့ပေမယ့် နောက်ပိုင်း ကျမရှောင်ခဲ့မိတယ်။ ဆွေးနွေးရာက ငြင်းခုန်ကြပြီး အမြင်မတူသူချင်း ရန်စပွားစေလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်း မဖြစ်မနေ ကိစ္စမျိုး (ပလန်းနက်က ယူသန်နေးရှား-ကဲ့သို့) ဆိုရင်တော့ ကျမ ၀င်ပါခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ဘယ်ဖိုရမ်မှ မဖတ်ဖြစ်တော့ဘဲ ကျမဘလော့နဲ့ ကျမ အလုပ်များ နေခဲ့မိတယ်။ ဘယ်သူတွေ ဘယ်အကြောင်းအရာကို ဘယ်လိုတွေ ပြောဆို ဆွေးနွေး နေကြတယ်ဆိုတာ ကျမ မသိတော့ဘူး။ မျက်ခြေပြတ် သွားခဲ့တာကြာပြီပေါ့။

ဒါပေမဲ့လည်း ကျမစိတ်ထဲ အမြဲတမ်းရှိနေတာက လူတိုင်း အဘိဓမ္မာအခြေခံကို သိသင့်တယ်လို့ ယူဆတယ်။ သိလည်း သိစေချင်တယ်။ ဘာသာရေးကို ဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ ငြင်းခုန်တာပဲဖြစ်ဖြစ် စည်းလွတ် ဘောင်လွတ် မဖြစ်အောင် အဘိဓမ္မာတော့ တတ်မှဖြစ်မယ်လို့ ကျမ ထင်ပါတယ်။ ကျမအဖေဟာ ကျမတို့ငယ်ငယ်ကတည်းက အဘိဓမ္မာအခြေခံကို သင်ကြားပေးခဲ့ပြီး ခုချိန်ထိအောင် ပြင်ပမှာ သင်တန်းတွေ ပို့ချနေဆဲပါ။ ကျမနဲ့ ခင်တဲ့ လူငယ်တချို့က အဖေ့ဆီမှာ သင်တန်းတက်ချင်တယ်၊ အချိန်သပ်သပ် မပေးနိုင်ဘူး၊ အဝေးရောက် သင်တန်းမျိုး စီစဉ်ပေးနိုင်ရင် ကောင်းမှာပဲလို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ လုပ်မပေးနိုင်ခဲ့ပါဘူး။

အခု ကျမဘလော့မှာ စာတွေရေးနေရင်းနဲ့ စိတ်ကူးပေါ်လာတာက အဘိဓမ္မာဘလော့တခု လုပ်ရင်ကောင်းမလား ဆိုတာပါ။ အဲဒီစိတ်ကူးကို အကိုနဲ့ စကားပြောရင်း ကျမ ပြောပြမိတယ်။ အကိုကလည်း အဲဒီလို ဖြစ်စေချင်တာကြောင့် ၀မ်းပမ်းတသာ အားပေးပါတယ်။ ဒါနဲ့ပဲ အဖေ့ကို ပူဆာရပြန်ပါတယ်။ ဒီကိစ္စက အဖေပါမှ ဖြစ်မှာကိုး။

မေလ ၅-ရက် (ဒီကနေ့) က စပြီး အဖေ့ရဲ့ အဘိဓမ္မာ သင်တန်းလည်း ပြန်စပါပြီ။ အဖေက ရွှေတိဂုံဘုရား ခြေတော်ရင်းက ရှင်သာမဏေ ဓမ္မဗိမာန်မှာ စနေ၊ တနင်္ဂနွေ ၂ ရက် သင်တန်းပို့ချပါတယ်။ အဖေ့သင်တန်းအတွက် လိုအပ်တဲ့ သင်ကြားရေး အထောက်အကူပြု စာရွက်စာတမ်းတွေကို နှစ်တိုင်း ကျမပဲ လုပ်ပေးရပါတယ်။ ဒီနှစ်အတွက် စာရွက်တွေပြင်ဆင်ရင်း ဒီစာတွေကို ဘလော့မှာတင်မယ်လို့ ကျမက အဖေ့ကို ပြောတော့ အဖေက လွယ်လွယ်ကူကူတော့ သဘောမတူပါဘူး။

ဘာကြောင့်လဲဆိုတော့ အဖေက ဒီစာတွေကို စာအုပ်ထုတ်ဖို့ အစီအစဉ်ရှိပါတယ်။ စာအုပ်မထုတ်ခင် ပြန့်သွားပြီး သူများယူသွားမှာ စိုးတဲ့အတွက် စာအုပ်ထုတ်ပြီးမှပဲ တင်ပါ လို့ ကျမကို ပြောတယ်။ ဒါကို ကျမလည်း နားလည်ပါတယ်။ အဖေက အဲဒီလိုမျိုး တခါခံခဲ့ရဖူးတယ်။ အဖေထုတ်မယ့်စာအုပ် (ပရိတ်ကြီး ၁၁-သုတ် အသံထွက်ရွတ်ဖတ်နည်း) ကို စိစစ်ရေးတင်တော့ အဲဒီက လူကြီးမင်းတယောက်ဟာ အဖေ့အိုင်ဒီယာကို ရသွားပြီး အဖေမထုတ်ခင် ကြိုထုတ်လိုက်တယ်။ နောက်ပိုင်းလည်း အဖေလုပ်သလို ရှိသမျှဘုရားစာတွေကို အသံထွက်တွေ လိုက်လုပ်ကြတော့တာ ကနေ့အထိပါပဲ။

ဒီတော့ကာ အဖေက နည်းနည်း စိုးရိမ်ပါတယ်။ ဒါပေမဲ့ ကျမက ကော်ပီရိုက်ရှိပါတယ် အဖေရယ်လို့ (ဟုတ်သည်ရှိ မဟုတ်သည်ရှိ အဖေ့ကိုနှစ်သိမ့်ပြီး)ပြောလိုက်တော့မှ အဖေလည်း သဘောတူ သွားပါတယ်။ ဒီလိုနဲ့ ကျမ ဗုဒ္ဓ၏ အဘိဓမ္မာ ဆိုတဲ့ ဘလော့တခု ဖန်တီးဖြစ်ခဲ့ပါတယ်။

ကျမဟာ နည်းပညာပိုင်းတွေ ကျွမ်းကျင်တတ်မြောက်သူ တယောက် မဟုတ်ပါဘူး။ ဟိုလူဒီလူ ပြောတာလေးတွေနဲ့ လျှောက်ပြီး စမ်းတ၀ါးဝါး လုပ်နေရတာမို့ ကျမရဲ့ ဘလော့ဟာ အဆင်တန်ဆာ မပါဘဲ ရိုးရှင်းစွာသာ ပြုလုပ်ထားပါတယ်။ အကယ်၍ စာတွေဖတ်မရရင် ကျမကိုပြောပါ။ ကျမ သိနားလည်သူများကို မေးပြီး ပြန်ပြင်ပေးပါမယ်။

အဓိကပြောချင်တာကတော့ … ဗုဒ္ဓ၏ အဘိဓမ္မာ က စာတွေကို စီစဉ် ရေးသားသူဟာ ကျမအဖေ ဖြစ်ပြီး ကျမက စာရိုက်ပေးရုံ တင်ပေးရုံသက်သက်သာ ဖြစ်ပါတယ်။ ရေးသားချက်များနဲ့ ပတ်သက်ပြီး သိချင်တာတွေ၊ မရှင်းတာတွေကို ကွန်မန့်ထဲမှာ မေးမြန်းနိုင်ပြီး အဖေက ပြန်လည် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း ကျမပြောချင်တာကတော့ ဒီအဘိဓမ္မာဘလော့ဟာ သိလိုသူများနဲ့ မသိသေးသူများ အတွက်သာ ဖြစ်ပါတယ်။ အဖိုးတန်တဲ့ အဘိဓမ္မာ ဘာသာရပ်ကို မျှဝေပေးချင်တဲ့ ဆန္ဒ နဲ့ ကျမ ကြိုးစား လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါဟာ ကျမအနေနဲ့ သာသနာ့ဝန်ကို တစိတ်တဒေသ ကိုယ်တတ်နိုင်တဲ့ဘက်က ထမ်းဆောင်ခြင်းမျှပါပဲ။

ဗုဒ္ဓအဘိဓမ္မာ ဘလော့ဟာ ကျမသူငယ်ချင်းကို အကြောင်းပြုပြီး ဖြစ်လာတာမို့ ဒီကုသိုလ် အဖို့ဘာဂကို သူနဲ့တကွ ၃၁-ဘုံသားအားလုံးကို အမျှပေးဝေပါတယ်။

စစ်မှန်သော ငြိမ်းချမ်းမှုကို ရကြပါစေ/ ရရပါလို၏ … ။
***
မေဓာဝီ
5th May, 2007
10:30 am
(အကိုရေ .. အကို့စာကို ခွင့်ပြုချက်မတောင်းဘဲ တင်လိုက်မိတဲ့အတွက် ခွင့်လွှတ်စေချင်ပါတယ်။)

9 comments:

Anonymous said...

သာဓုဗျာ… သာဓု၊ သာဓု။

tint said...

well
burmese font does not work
between you and me , there is no need to get permission .
you are allowed to use any of my prattles if useful to you .
Thanks for Dhamma blog . I will help as much as I can. This is my duty to latt .

Anonymous said...

မမေရေ.. သာဓု သာဓု သာဓု .. ကျွန်မအမြဲဝင်ဖတ်မယ့် ဆိုဒ်တခုတိုးသွားပြီပေါ့ ။ မေးမြန်းရတာ လွယ်အောင် c-box ဆိုတာလေး ထားစေချင်ပါတယ် ။ www.cbox.ws မှာ ရယူနိုင်ပါတယ် ရှင် ။

Thet Oo said...

ကောင်းတယ်ဗျို့။ ကျနော်လည်း အဘိဓမ္မာလေ့လာခဲ့ဘူးပါတယ်။ ငယ်စဉ်ကပါ။ ကျနော့်အတွေ့အကြုံအရပြော ရရင် ဗုဒ္ဓရဲ့တရားတော်တွေဟာ အသက်အရွယ်၊ ဉာဏ်ပညာ၊ အတွေးအခေါ်တွေပေါ်မှာ မူတည်ပြီး ကြိုက်နှစ်သက်မှု ကွာခြားပါလိမ့်မယ်။ အသက်အရွယ်ရလာတာနဲ့အမျှ မိမိအတွေ့အကြုံတွေကို ဆင်ခြင်သုံးသပ်နိုင်ပြီး ဉာဏ်ပညာကလည်း ထက်မြက်မယ်ဆိုရင် တရားတော်တွေကို နှစ်သက်မှုအား ပိုကောင်း ပိုခိုင်မာပါလိမ့်မယ်။ ငယ်ငယ်ကတော့သင်ထားတာပဲ။ ဒါပေမယ့် သိထားတာက တခြား လုပ်နေတာတွေက တခြားဖြစ်နေခဲ့ပါတယ်။ သိထားတာနဲ့ လုပ်နေတာ တထပ်ထဲဖြစ်သွားပြီဆိုရင်တော့
အကောင်းဆုံးပေါ့ခင်ဗျာ။ မမေဒါဝီတို့ သားအဖရဲ့ အဘိဓမ္မာဘလော့ဂ်ကို ၀င်ဖတ်ရင်း ကျနော်မေ့နေတာ လေးတွေ ပြန်နွေးလို့ရပါပြီ။ ။
အထူးကျေးဇူးတင်လျှက်
ကိုသက် thetoodk@gmail.com

Anonymous said...

မမေရေ ကောင်းတယ်ဗျ၊ အားပေးတယ် ကုသိုလ်ရတာပေါ့။ သာဓု ခေါ်ပါတယ်။

ဟုတ်တယ် မမေရ မဂျစ်ပြောသလို cbox လေးတခုတော့ ထားစေချင်တယ်။ ဒါမှလဲ ကော်မက်ဖွင့်တာ မလွယ်တဲ့ (ကြာတဲ့) သူတွေအတွက် ပိုအဆင်ပြေမလားလို့။
အရင်ဆုံး အကောင့်ဖွင့်ပါ။ ပြီးရင် ကိုယ့် blog template ရဲ့ page elements မှာ element အသစ်ယူပြီး code ကို copy ကူးထည့်ယုံပါပဲ။

Anonymous said...

dear maydarwii,

greeting from burma today (http://burmatoday.net). we will be create the burmese blogger page and we would like to post your great articles in our pages.

pls, e-mail to us (postoffice@burmatodaymedia.com)

we are waiting for your valuable response and have a nice day.

Anonymous said...

ဘလော့အသစ်ကို အားပေး ကြိုဆိုကြတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းသာမိပါတယ်။ ဂျစ်တူးနဲ့ ညလေးပြောသလို cbox ထည့်လိုက်ပါပြီ။ လိုအပ်တာတွေရှိလည်း ပြောကြပါအုံး။
တခုရှိတာက … အဘိဓမ္မာဘလော့ကို ကျမဘလော့လိုမျိုး နေ့တိုင်း ပို့စ်အသစ် တင်မှာ မဟုတ်ပါဘူး။ တပတ်ကို ၂ ရက် (ဥပမာ - စနေ တနင်္ဂနွေ) သာ တင်သွားမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Anonymous said...

If u dont mind, let me know your father. Is he Dr Min Tin Mon? Just wondering. Nothing special.

Regards,

Anonymous said...

ဘိုကြီးရှင့်
ကျမအဖေက ဒေါက်တာမင်းတင်မွန် မဟုတ်ပါဘူး။
ဦးမောင်မောင် (ဟံသာဝတီ)ဖြစ်ပါတယ်။
ရွှေတိဂုံဘုရား မြောက်ဖက်မုခ်အနီး ရှင်သာမဏေဓမ္မဗိမာန်မှာ စနေ၊ တနင်္ဂနွေ (မနက် ၈ နာရီမှ နေ့လည် ၁၁ နာရီခွဲထိ ) အဘိဓမ္မာသင်တန်း ပို့ချပေးနေပါတယ်။