Wednesday, December 13, 2006

မျက်ရည်ကျတဲ့နေ့ ...

မနေ့ညက စာမရေးဖြစ်ဘူး။
ခါတိုင်းညတွေဆို မအိပ်ခင် အနည်းဆုံး စာတပုဒ် ရေးဖြစ်ပေမဲ့ ညကတော့ သီချင်းတပုဒ်ကိုပဲ ထပ်တလဲလဲ ရူးသွပ်စွာ ခံစား နားထောင်နေမိလို့ စာမရေးဖြစ်ခဲ့ပါဘူး။
စာမရေးဖြစ်ပေမဲ့ ညအိပ်ရာဝင်တော့လဲ ခါတိုင်းလို သန်းခေါင်တလွဲ နောက်ကျစမြဲပါပဲ။
ဒီမနက်ကျတော့ ၆ နာရီမထိုးခင် မီးပြတ်သွားလို့ အိပ်ရာကနိုးခဲ့ရတယ်။ အိပ်ရေးသိပ်မ၀သေးပေမဲ့ ပြန်မအိပ်တော့ဘဲ အိပ်ရာထ၊ မနက်ခင်းဝေယျာဝစ္စ လုပ်စရာရှိတာလုပ်ပြီး ဈေးသွားရပါတယ်။

ဈေးကပြန်ရောက်တဲ့ထိ မီးကပြန်မလာသေးဘူး။ ၀ယ်လာတဲ့ ချက်ပြုတ်စရာ တိုလီမုတ်စကလဲ များတာမို့ ဂက်စ်မီးဖိုနဲ့ မချက်ချင်တာနဲ့ မီးသွေးမီးဖိုလေး မီးမွှေးလိုက်တယ်။
မီးသွေးနဲ့ချက်နေကျမဟုတ်တော့ မီးမွှေးရခက်ပါတယ်။ ထင်းရူးဆီတွေကလဲ ခပ်ထိုင်းထိုင်းဖြစ်နေလေတော့ မီးခိုးတွေ တအူအူ ထွက်ပြီး မျက်စိထဲ မီးခိုးတွေဝင်ကုန်ပါရော။ မီးခိုးတွေဝင်တဲ့မျက်စိလဲ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး မျက်ရည်တွေ ကျလာတယ်။ မျက်ရည်တွေကြားကပဲ မီးသွေးမီးဖို မီးတောက်တဲ့အထိ ကြိုးစားပြီး မီးမွှေးခဲ့ရတယ်။

မီးမွှေးပြီး ရေနွေးအိုးတည်ထားရင်း ဟင်းချက်ဖို့ ကြက်သွန်လှီးပြန်တော့ ကြက်သွန်တွေက အသစ်မို့လားမသိဘူး မွှန်ပြီး မျက်စိတွေစပ် မျက်ရည်တွေကျလာပြန်ပါရော။ ဟင်းတခွက်ချက်ဖို့ …. ဒီနေ့ မျက်ရည် နှစ်ကြိမ် ကျခဲ့ရတယ်လို့ ဆိုရမယ်။
မျက်ရည်ဆိုတာ ဒီလိုလဲ ကျတတ်တာပဲ လို့ တွေးမိရင်းနဲ့ … မျက်ရည်ကျတိုင်း ငိုတာ မဟုတ်ဖူးလို့လဲ တဆက်ထဲ စဉ်းစားမိတယ်။

မီးခိုးကြောင့် ဖြစ်ဖြစ် ကြက်သွန်ခိုးကြောင့်ဖြစ်ဖြစ် ကျလာတဲ့မျက်ရည်တွေကို မျက်နှာသစ်လိုက်ပြီး ရေနဲ့ဆေးပစ်လိုက်ရင် သက်သာသွားနိုင်ပေမဲ့ ….
ရင်ထဲမှာ နင့်နင့်သီးသီး ခံစားရလို့ ကျလာတဲ့မျက်ရည်တွေကိုတော့ ဘယ်လိုလုပ်မှ သက်သာနိုင်မှာတဲ့လဲ … ။
***
13.12.06
1:33 pm

8 comments:

Anonymous said...

မျက်ရည်ကျတိုင်း ငိုတာမဟုတ်ဘူး ဆိုပေမယ့် တချို့မျက်ရည်က
နှမြောဖို့ အကောင်းသား မမေ..
မီးသွေးပေါက်မှာ မကြောက်ရင် မီးမွှေးနေတုန်း မီးသွေးပေါ် ဆားနည်းနည်း
ဖြူးထည့်လိုက်ရင် အတောက်မြန်တယ်တဲ့..
ကြက်သွန်လှီးတုန်း ဘေးမှာ ဆားခွက်ဖြစ်ဖြစ်၊ ရေတဇလုံဖြစ်ဖြစ် ထားထားရင်
စပ်ဖျဉ်းဖျဉ်းမဖြစ်ဘူး....မျက်ရည်မကျဘူးတဲ့...
စိတ်ကြောင့်လား တကယ့်လားတော့မသိဘူး...
စနေက အဲလိုလုပ်တိုင်း မျက်ရည်မကျဘူး...ဟီး...

ကလိုစေးထူး said...

ကျနော်ကတော့ နင့်နင့်သီးသီး ခံစားလာရရင် သီချင်းတွေ အကျယ်ကြီး ဖွင့်နားထောင်ပစ်တာတို့.အော်ဆိုပစ်တာတို့ လုပ်တယ်ဗျ.ပြောရအုံးမယ်.. မြန်မာပြည်မှာနေတုန်းက တော်တော်ကြီးကို စိတ်ညစ်လွန်းလာ.ခံစားရလွန်းလာရင် အိမ်နောက်က လယ်ကွင်းထဲကို သွားပီး တယောက်ထဲ သီချင်းတွေ အော်ဆိုပြီး ခဲလုံးတွေကို အဝေးကို ရောက်နိုင်သလောက် ရောက်အောင် ပစ်ထုတ်ပီး စိတ်ဖြေတတ်တယ်.. အမလဲ အဲလို စမ်းကြည့်လေ.. :)

Anonymous said...

ကျမျက်ရေ မကြေညာပဲ
အဖြေရှာတဲ့ နည်းတခုရှိမယ်...
အကြောင်းကြောင့် အကျိုးထင်တာကို
အဆိုးမမြင်ပဲ မေတ္တာထားပါ....
သစ္စာတရားရဲ့ ဖြစ်ပျက်အစဉ်ကို
နှစ်သက်စွာ မြင်တတ်ရင်ဖြင့်
ရင်ဘတ်ထဲက ဒေသနာအသဲမှာ
ဝေဒနာစဲလာမှာ သေချာကြောင်းပါ....

Anonymous said...

မျက်စိလည်လမ်းမှားပြီး ဒီဘလော့ခ်ကိုရောက်လာခဲ့ပါတယ်...
အရေးအသားကောင်းလွန်းလို့
ဈေးသွားရမဲ့အကြောင်းကိုတောင်မေ့ပြီး
အသစ်အဟောင်းတွေကို
နှစ်ထောင်းအားရစွာ ဖတ်ပစ်လိုက်တာ
မနက် သုံးနာရီတောင်ထိုးပါပေါ့...
အိပ်စက်ခွင့်ပေးပါတော့ မမေဓာရေ...
ကျန်တာတွေကိုနောက်မှပဲ ဖတ်ပါရစေတော့
ဘေးရန်ကြောင့်ကျ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေ......

TZA said...

မျက်ရည်ကျတယ်ဆိုလို့ ဟိုးနေ့က ကျနော်ကြက်သွန်လှီးခြင်း အတတ်ပညာကို အစ်မဆီက သင်ယူလိုက်တယ်၊ လှီးရင်းမျက်ရည်ကျတာပေါ့ဗျာ၊ ဘာရမလဲ။ နိုင်းနိုင်း ပြောသလို ဆားခွက်ထားကြည့်ရမယ်။ စိတ်ညစ်ရင်တော့ ကိုသံလွင်လုပ်သလို သီချင်းအားရပါးရ အော်ဆိုတတ်တယ်၊ သီချင်းဆိုတဲ့ အရာ လောကကြီးမှာ မရှိခဲ့ရင် ကျနော် ရူးသွားတာကြာပေါ့။

ဒါနဲ့ မမေဓါကို တခုမေးရအုန်းမယ်၊ ကျနော့ ဘလော့ဂ်မှာ ဒီရက်ပိုင်း တောင်စဉ်ရေမရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတယ်၊ ဒါပေမယ့် ကျနော် အဲ့ဒီ စကားလေး ဘယ်ပုံဘယ်နည်း ပေါ်လာသလဲ မသိဘူး၊ ဘာကို ဆိုလိုတယ် ဆိုတာလောက်ပဲသိတယ်။ အားရင်ရှင်းပြလို့ ရမလားဟင်။

မေဓာဝီ said...

ကိုသန့်ဇင်အောင်ပြောတဲ့ တောင်စဉ်ရေမရ ကို ကျမလဲ စဉ်းစားကြည့်နေတာနဲ့ နည်းနည်းကြာသွားပါတယ်။
တောင်စဉ်ရေမရ ပြောတယ်ဆိုတာ စကားက ဟိုရောက်ဒီရောက် ပြောတာကို ဆိုလိုတယ်လို့ နားလည်ထားခဲ့ဖူးပါတယ်။
ဘယ်ကဆင်းသက်လာသလဲ ဆိုတာတော့ ကျမလဲ သေသေချာချာမသိဘူး။
ဖြစ်နိုင်ချေရှိတာတွေ တွေးမိသလောက်ပြောရရင်တော့
တောင်စဉ်တောင်တန်းတွေကို ရေတွက်လို့မရလောက်အောင် ဟိုမှာ သည်မှာ များပြားသလိုပဲ စကားတွေကလဲ ထွေရာလေးပါး ဟိုရောက် ဒီရောက် ဖြစ်နေတာကို ပြောတာများလေလား …
ဒါမှမဟုတ် တောင်စဉ်တောင်တန်းတွေရှိသော်လည်း ရေစီးဆင်းမလာသလို စကားတွေပြောနေသော်လည်း အလေးအနက်မရှိ တောင်ရောက် မြောက်ရောက် ဖြစ်နေတာကိုပြောတာလေလား ….
တချို့ကလည်း တောင်စဉ်ရေမရပ် လို့ ဆိုကြပြန်တော့ .. တောင်စဉ်တောင်တန်းတွေပေါ်က ရေဟာ မရပ်မနား စီးမိ စီးရာ စီးဆင်းလာသလို … စကားပြောရာမှာ မရပ်မနား ဒလစပ် ပြောမိပြောရာ ပြောနေတာကို ဆိုလိုသလား…
ကျမလဲ သေချာတော့ မသိဘူးရှင့်။

TZA said...

ဟုတ်ကဲ့ပါ မမေဓါ၊ ကျနော်နည်းနည်းတော့ သဘောပေါက် သယောင်ရှိသွားပါပြီ၊ ကျေးဇူးပါနော်။

Anonymous said...

ma may, ma pa dar win sar dar lar?