Thursday, December 14, 2006

အဖေ့ ကဗျာ (၃)

အခုကဗျာလေးကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က အဖေရေးခဲ့တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကဗျာလေးပါ။
ဇာတ်နာမည်နဲ့ ဇာတ်ရဲ့အကြောင်းအရာကို တိုတိုနဲ့လိုရင်း တချက်ချင်း ဖော်ပြရေးဖွဲ့ထားပါတယ်။
ဒီကဗျာကို သီချင်းအဖြစ် အဖေ့မိတ်ဆွေတဦးက ဂီတသံစဉ်သွင်းပေးပြီး ကျမရဲ့ ချစ်လှစွာသောအမကြီးကို သီဆိုစေကာ တချိန်က ရေဒီယိုမှ အသံလွှင့်ခဲ့ဖူးပါတယ်။ ဖတ်ကြည့်ကြပါအုံး။

***
ဇာတ်ကြီးဆယ်ဘွဲ့ ထူးတဲ့ပါရမီ

(တေ-ဇ-သု-နေ-မ၊ ဘူ-စန်-နာ-၀ိ-ဝေ)
တေမိမင်းက တည်ကြည်လှ၊
ခြောက်လှန့်ချော့မရ။
ဇနကရဲ့ ဇွဲလုံ့လ
ပင်လယ်ကူးနိုင်စွ။
သုဝဏ္ဏသာမ သားလိမ္မာ
မိဘလုပ်ကျွေးရှာ။
နတ်ရွာငရဲလမ်း သူလျှောက်လှမ်း
နေမိမင်းအစွမ်း။
တဖက်ကမ်းခတ် ဉာဏ်ပညာ
က၀ိမဟော်သဓာ။
မြဲစွာသီလစောင့်နိုင်အား
ဘူရိဒတ်နဂါး။
စကားသစ္စာအောင်ကြောင်းဖြာ
မင်းစန္ဒကုမ္မာ။
မိစ္ဆာကွယ်ပ ဟောဖော်ပြ
ရသေ့နာရဒ။
ဝိဓူရရဲ့ တရားတော်
ဇမ္ဗူအနှံ့ကျော်။
အလှူတော် တုဘက်ကင်း
ဝေဿန္တရာမင်း။ ။
***
(ဝေဿန္တရာမင်းကို ၀စ်သန်တရာမင်း - ဟုဖတ်ပါရန်)

1 comment:

Anonymous said...

မုန်တိုင်းကျပြီး အင်တာနက်မရတာရက်အတော်ကြာသွားလို့ရော...အလုပ်ရှုပ်ပျားတုပ်နေတာနဲ့ရော..
ခုမှမမေဆီလာဖတ်ဖြစ်တော့တယ်။
မမေ လက်စွမ်းတွေပြနေတယ်..အရမ်းဂွတ်တယ်...ဟနတော့ထုံးစံအတိုင်းအကုန်ကူးထားပြီ။
ခုတလော အရမ်းအလုပ်များလို့ များဆိုကျောင်းပြန်ဖွင်တော့့မှာမို့
အားရင်အားသလိုတော့ လစ်လာပါဦးမယ်..တာ့တာ မမေ