Saturday, December 16, 2006

တကယ်ချစ်တယ်ဆိုရင် …

တနေ့တနေ့ ကျမ အလုပ်တွေများနေတဲ့ကြားက အချိန်ရရင် ရသလို ကိုယ့်ဘလော့အတွက် ကိုယ် စာရေးတဲ့အခါရေး … တခြားဘလော့တွေသွားဖတ်တဲ့အခါ ဖတ် … တခါတလေတော့လည်း ဖတ်ဖြစ်တဲ့ ဘလော့တွေမှာ ကိုယ့်ထင်မြင်ချက် commentလေးတွေ ချထားခဲ့တတ်ပါတယ်။
ကျမ အမြဲဝင်ဖတ်လေ့ရှိတဲ့ ဘလော့တွေထဲမှာ ကိုသံလွင်ရဲ့ ဘလော့သည်လည်း တခုအပါအ၀င်ပါ။ သူ့ဘလော့ဖတ်ပြီးရင်လည်း အဲဒီလိုပဲ ကွန်မန့်လေးတွေ ရေးခဲ့မိပါတယ်။
ဒီနေ့တော့ ကိုသံလွင်ဘလော့မှာ ဘာပို့စ်များ အသစ်တက်သလဲလို့ ၀င်ကြည့်လိုက်တဲ့အခါ … သူ့ရဲ့ စီဘောက်စ် မှာ “ပြည်ချစ်စစ်သား” ဆိုသူက ခုလို ရေးထားတာကို တွေ့လိုက်ရပါတယ်။

ပြည်ချစ်စစ်သား :ရေးတဲ့လူကိုရော.. ပုံမှန် ကွန်မန့်ရေးနေတဲ့ လူတွေကိုပါ အံ့သြမိပါရဲ့.. အစိုးရကို ဆန့်ကျင်တိုင်း အကောင်းထင်နေကြသကိုး။ အဆင့်အတန်းမဲ့ကြပါပေတယ်”

အဲဒီစာကိုတွေ့ပြီး ကျမ တော်တော်စိတ်မကောင်းဖြစ်မိတဲ့အပြင် ခေါင်းထဲကိုလည်း အတွေးတွေ တသီတတန်းကြီး ရောက်လာလို့ ဒီစာကိုရေးလိုက်မိတာပါ။
***
သူရေးတဲ့စကားလုံးတွေကို ကျမ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်မိတဲ့အခါ …

“အစိုးရကို ဆန့်ကျင်တိုင်း အကောင်းထင်နေကြတယ်” … တဲ့။
ကျမတို့ ဘလော့မှာ စာတွေရေးတယ်ဆိုတာ ကိုယ့်အတွေ့အကြုံ၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ခရီး အပြင် … ကိုယ့်အယူအဆ၊ ကိုယ့်ထင်မြင်ချက် .. စတာတွေကို ရိုးသားစွာ တင်ပြခြင်း သက်သက်ပါပဲ။ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းပြောတာဟာ “အစိုးရကို ဆန့်ကျင်တယ်” လို့ ခေါ်ပါသလား။
ကျမတို့ ဘာကိုအကောင်းထင်ကြတာလဲ …။ အစိုးရကို ဆန့်ကျင်တာကို ကျမတို့ အကောင်းထင်တာ မဟုတ်ပါဘူး။ အမှန်အတိုင်းမြင်တာကို အကောင်းထင်တာပါ။ မြင်တဲ့အတိုင်းပြောနေတာကို ထောက်ခံနေကြတာပါ။ ဘယ်အစိုးရပဲ ရှိရှိ ကျမတို့ မြင်တဲ့အတိုင်း .. ကျမတို့ ခံစားရတဲ့အတိုင်း ပြောနေကြမှာပါပဲ။ ဒါဟာ အံ့သြစရာ ကောင်းနေပါသလား။

“အဆင့်အတန်းမဲ့တယ်” … တဲ့။
သူဟာ အဆင့်အတန်းကို ဘာစံနဲ့တိုင်းတာ သတ်မှတ်သလဲ ကျမစဉ်းစားလို့မရပါဘူး။ ကျမ သိတဲ့ အဆင့်အတန်းကတော့ ရုပ်ဝတ္ထုမဟုတ်ပါဘူး၊ အတ္တ မဟုတ်ပါဘူး။ အဲဒီလို ပြောလာသူရဲ့ အဆင့်အတန်းကိုလဲ ကျမဖြင့် သိချင်လှပါဘိ။

နောက် “ပြည်ချစ်စစ်သား” ဆိုတဲ့ သူ့နာမည်ပါ။
တိုင်းပြည်ကိုချစ်သော စစ်သား … လို့ ကျမ အဓိပ္ပါယ်ဖွင့်လိုက်ပါတယ်။
သူဟာ တိုင်းပြည်ကို တော်တော်ချစ်လို့ ဒီအမည်ပေးထားတာလို့ ကျမယူဆပါတယ်။ စစ်သားဆိုတော့ တပ်မတော်သား တယောက်ပေါ့။ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်က တပ်မတော်သားတယောက် ဖြစ်မှာပါပဲ။ ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်ကို ဘေးရန် အန္တရာယ် အပေါင်းက ကာကွယ် စောင့်ရှောက်ဖို့ မဟုတ်လား။
သူ တိုင်းပြည်ကို ချစ်တယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ သူ့လူကြီးတွေဟာလဲ တိုင်းပြည်ကို တော်တော်ချစ်ကြမှာပါပဲ။ ဘာကြောင့်ဆိုတော့ ကျမတို့ တိုင်းပြည်မှာကလဲ သူတို့ ချစ်လောက်တဲ့ သယံဇာတတွေဟာ မြေပေါ် မြေအောက် ပေါကြွယ်ဝ နေပေသကိုး။ ဒါကြောင့် သူတို့ တိုင်းပြည်ကို ချစ်တယ်ဆိုတာ မပြောလဲပဲ သိပါတယ်… ယုံလည်း ယုံကြည်ပါတယ်။

ချစ်တယ်ဆိုရင် ရယူပိုင်ဆိုင်လိုကြပါတယ်။ ဒါဟာ ဓမ္မတာပါပဲ။ ကျမတို့ ငယ်ငယ်ထဲက ကိုယ်ချစ်တဲ့ အရုပ်လေးဆို လိုချင်တယ်။ သိမ်းထားချင်တယ်။ သူများကို မပေးချင်ဘူး။ သူများလက်ထဲ ရောက်သွားမှာ မလိုလားဘူး။ ထိုနည်းလည်းကောင်းပါပဲ … ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြရင်လဲ ရယူပိုင်ဆိုင်လိုကြတာပဲ မဟုတ်လား။ ဒီတော့ တိုင်းပြည်ကိုချစ်တဲ့သူတွေဟာ တိုင်းပြည်ကို ရယူပိုင်ဆိုင်လိုမှာပေါ့။ ဒါဟာ မဆန်းပါဘူး။

“အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး” ဆိုတဲ့ စကားကို ဘယ်ပညာရှိသုခမိန်က ထွင်သွားခဲ့လဲ မသိပါဘူး။
ကျမဖြင့် ဒီစကားကို နည်းနည်းမှ သဘောမကျပါဘူး။ ဒါဟာ ဖောက်ပြန်တဲ့သူတွေရဲ့ ဆင်ခြေကန်စကားလို့ ပဲ မြင်ပါတယ်။ တကယ်ချစ်တာပါဆိုပြီး သူများမိန်းမ ကြာခိုတဲ့သူကို တရားတယ်လို့ဆိုမလား။ စစ်တိုက်တာပဲ … ဆိုပြီး အပြစ်မဲ့သူတွေကို ပစ်ခတ် သတ်ဖြတ်တာကရော .. တရားပါသလား။

တကယ်တော့ တိုင်းပြည်ကို ချစ်တာထက် ပြည်သူလူထုကို သနားရမှာပါ။
ဒီလောက် သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်မှာနေထိုင်နေကြတဲ့ ၅၅ သန်းကျော်သော ပြည်သူလူထု ဘာဖြစ်နေလဲ ….။ လူထုရဲ့ လိုလားတောင့်တချက်က ဘာလဲ။
ပြည်ချစ်စစ်သားကြီး ခေါင်းအေးအေးထား စဉ်းစားမိရဲ့လား မသိ။

ဒီစာကိုရေးနေရင်းနဲ့ မဟောသဓာရဲ့ “သားတရားစီရင်ခန်း”ကို သွားသတိရမိပါတယ်။ ကလေးရဲ့ အသွေးအသားကို စားလိုတဲ့ ဘီလူးမဟာ ကလေးငိုနေတဲ့ကြားက နာရင်နာပါစေ သူပိုင်ဆိုင်ရရင်ပြီးရော ဆိုပြီး အတင်းလုတော့ ကလေးကို သနားတဲ့ မိခင်ရင်းက ရင်နာစွာနဲ့ အလျှော့ပေးလိုက်ရပါတယ်။

ကျမတို့တိုင်းပြည်ဟာ နာ နေပါပြီ။ လူထုဟာလည်း ငိုနေကြပါပြီ။ ဘီလူးလက်က လွတ်အောင် ဘယ်လို ကြံဆောင်ကြမလဲ …။ မိခင်ရင်းဟာ သူ့သားငယ်ကို သနားသလို လူထုကို သနားသဖြင့် မေတ္တာထားပြီး ကယ်တင်မဲ့သူကိုသာ ကျမတို့(ပြည်သူလူထုဟာ) အလိုရှိပါတယ်။

တိုင်းပြည်ကို တကယ်ချစ်ရင် …ပြည်ချစ်စစ်သားလို့ အမည်တပ်စရာ မလိုပါဘူး။ ချစ်တယ်ဆိုတာ လူသိအောင် ပါးစပ်ကအော်နေ လက်ကရေးနေလို့က အလကားပါပဲ။
တိုင်းပြည်ကို ရယူပိုင်ဆိုင်လိုစိတ် (တဏှာ လောဘစိတ်) နဲ့တော့ မချစ်ပါနဲ့ …. တိုင်းပြည်အပေါ်ကို မေတ္တာထားပါ … လူထုကို သနားပါ … လို့ပဲ ကျမကတော့ ပြောချင်မိပါတယ်။
***
မေဓာဝီ
16.12.06
6:14 pm

15 comments:

Anonymous said...

‘‘ပုထုဇ္ဇနော ဥမ္မတကော‘‘
လူသားမှန်လျှင် နည်းမျိုးစုံနှင့်ရူးကြ၏...
ယင်းတို့အထဲတွင် အရက်စက်
အယုတ်မာဆုံးသောအရူးသည်
အာဏာရူးဖြစ်၏...

Anonymous said...

မမေရေးထားတာကိုအပြည့်အဝထောက်ခံပါတယ်။အခုတစ်လောကျွန်မတို့ပြည်သူတွေအများစုစီးပွားရေးအလုပ်အကိုင်အဆင်မပြေကြတာတွေတချို့တွေထမင်းနပ်မှန်အောင်မစားနိင်တာတွေတချို့ထမင်းအစားထမင်းရေသောက်နေရတာတွေအရင်ကထက်ပိုကြားနေရပါတယ်။ရင်ထဲမှာနင့်နေအောင်ဝမ်းနည်းရပါတယ်။ဒါတွေကိုနှလုံးသားမ(မ)ရှိသောပြည်ချစ်စစ်သားဆိုသူများကမမြင်နှိင်မကြားနိုင်သောဘဝသို့ပါရောက်နေ
ကြပါပြီလား။အဆင်းအတန်းမဲ့သောသူများမှာသူတို့ကိုယ်တိုင်ဖြစ်နေတာကိုဦးနှောက်ပါမရှိ၍မသိကြလေပြီလို့。。。。。。。

I am not sure my mm font would appear in the comment box. So, I tried to write it in English too.

I agree with you, Ma May. Currently, I heard many times that most of our ppl have a lot of troubles in their daily life. Some could not find enough earning for their daily meals. Some have to drink rice liquid (instead of rice) for their meals. Our country is not supposed to be like this situation. I feel so sad for that from the bottom of my heart. Why could those so-called patriotic soldiers not know/see all these matters? It is clear that they do not have heart to hear about our ppl crying. They themselves are lacking integrity, nobody else.

Anonymous said...

Ya.. what is the meaning of Patriotic.

And how will you measure it. I guess every one loves his own country.

So are we.

**************

We wanna see our fertile land full of resources to world class country . We wanna see our people rich and educated. If I am not mistaken, that is people's desire.

Regardless of the who rule it.

***********

Obviously, soldier is for defense, it is his job, the doctor should be in hospital, the student should be at school, the journalist should write articles, the reporter reports true and accurate news, ...more ...etc...... in the same way every one should do the right things.

As long as every one fully understand what he/she should do for the country.
he/she fulfill the country needs...... That's is called Patriotic.

***********

Other wise...... all are in disorder...

**********

I agree with you Ma May , we don't have to judge ourselves how much we love our country.....

Let the other see it and we proved it...

Thanks for sharing your thought.....

Prince

Ka Daung Nyin Thar said...

စစ်သားများ တိုင်းပြည်ကို ချစ်သည်ဆိုလျှင် ပြည်သူနှင့် ပူးပေါင်းပါ။ ကျနော် ဒါပဲ ပြောချင်ပါတယ်။

Ei said...

အင်းခက်ပဲခက်ရချည့် ဘယ့်နှယ့် ဘယ့်နှယ့် ပြောရမှန်းကို မသိတော့ပါဘူး။ ပြည်ချစ်စစ်သားရယ်။ မပြောတတ်တော့ဘူး။ အော် ဒါမျိုးတွေလည်း ဖြစ်တတ်တာကိုး။ လောကပါလနတ်မင်းများ ဘယ်မှာ အိပ်ပျော်နေပါသလဲ။

Anonymous said...

အဲဒီလိုရေးတဲ့လူ နှစ်မျိုးဖြစ်နိုင်ပါတယ်၊ တမျိုးက ဦးဏှောက်အဆေးခံလိုက်ရလို့ နိုင်ငံကိုချစ်ရင် လူကြီးတွေပြောသမျှခေါင်းညိတ်ပါ ဆိုတဲ့လူမျိုး၊ နောက်တမျိုးက နိုင်ငံ့ခေါင်းဆောင်တွေ မကောင်းကြောင်း သိပေမယ့် ကိုယ်ကောင်းစားနေတဲ့အတွက် မသိနားမလည်သူတွေကို ဝင်ပြီး ဦးဏှောက်ဆေးချင်တဲ့ တကိုယ်ကောင်းဆန်တဲ့ ရေတိုပဲကြည့်တဲ့ အတ္တဘောတွေ။ ပထမလူမျိုးကိုတော့ သနားတယ်၊ ဒုတိယ လူမျိုးကို ရွံတယ်။

သက်စံ said...

သိပ်ကောင်းတာဘဲ အစ်မ။ ကျွန်တော်လည်း ထောက်ခံပါတယ်။
ပြီးတော့ အောက်မှာကောမတ်ရေးသွားတာတွေကိုလည်း အပြည့်အဝထောက်ခံပါတယ်။

generation96 said...

အမပြောမှပဲ သူတို့တွေ ဗမာပြည်ကြီးကို တကယ်ချစ်မှန်း ယုံတော့တယ်။ ခုတော့ သဘောပေါက်ပြီ၊ တပ်မတော်ရဲ့ သဘောထားအမှန်ကို…

Anonymous said...

မမေရေ …ကွန့်မင့်လေးရေးဖို့ ကွန်နက်ရှင်းမကောင်းလို့ တော်တော်ကြိုးစားလိုက်ရတယ်၊၊ မမေနည်းတူစိတ်မကောင်းဖြစ်ရပါတယ်၊၊ ဒီလိုရေးဖို့ ဘယ်လိုစိတ်ကူးနှင့်ရေးတယ်ဆိုတာ အဲဒီ “ပြည်ချစ်သား”ဆိုတဲ့ လူကိုနားလည်ပေးလို့ မရပါဖူး၊၊ကိုယ့်ဝမ်းနာ၊ ကိုယ်သာသိတယ် ဆိုတဲ့ စကားမျိုး မကြားဖူးလို့နေမှာပါ၊၊ ကျွန်မတို့ ပြည်သူတွေ ဘယ်လောက်ထိ ဒုက်ခရောက် နေတယ် ဆိုတာ မသိဖူးနဲ့တူတယ်၊၊မသိချင်ယောင်ဆောင်တာလဲ ဖြစ်နိုင်တာပဲလေနော်၊၊ သူတို့ လူစုက အဆင်ပြေနေကြတာကိုး၊၊

မေဓာဝီ said...

ကျမနဲ့ထပ်တူခံစားပြီး ကွန်မန့်ရေးပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

I agree with U, May dar wii...
But a lot of ppl are related with army... We love but how can we let " Than Shwe " to go jail like " Khin Nyunt"???

ကလိုစေးထူး said...

ကျနော်က တခုခု တုံ့ပြန်ရေးမလို့ ကြံစည် စောင့်ကြည့်တုန်းပဲ ရှိသေးတယ်.. အမက လက်ဦးသွားတာကိုး.. လွှတ်ထားလိုက်ပါ အမရာ.. ဒေါသသံတွေ ပါနေတယ်.. ဘယ်သူ ဘာဆိုတာ အားလုံးက သိနေကြပါတယ်.. သူတို့ချစ်တဲ့ အချစ်နဲ့ ကျနော်တို့က တိုင်းပြည်ပေါ် ချစ်တဲ့ အချစ် ဘယ်တူနိုင်ပါ့မလဲ... တူစရာ အကြောင်းလဲ မရှိပါဘူး.. ဒီလိုပဲ ခံယူလိုက်တာ ကောင်းပါတယ်.. ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတာပေါ့ဗျာ.. ဟုတ်ဘူးလား..

Anonymous said...

Since I happened to read such comment in ur blog, I have been feeling undigested in my mind. Yes, u all r right. We all love our country in different ways. If someone loves his country and its people, he need to show it in practical way. And it is also important to see things as they are. (I cannot make comment in Myanmar. Pls tell me how to if you know. I also install Zawgyi MyR Keyboard in my computer.)

Anonymous said...

twe le twe ye par pay dal, yay le yay ye par pay dal, hman le hman par pay dal, lo pe, hmat chat cha par ya say.. ma yay tat pay me, ma may ne , ta tha baw thar the shi nay de, kya naw

Anonymous said...

အဲ့ဒီကောင်တွေနဲ့ရန်ဖြစ်ဖူးတယ်
တောက်ညင်ကပ်လို့ ဒီကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်...
လွန်တာရှိရင် ၀န္ဒာမိပါ.....

ကျီးမိုက်က ဒေါင်းယောင်ဆောင်။ ။
အကြွင်းအကျန် စားရရုံနဲ့
အားပါးတရ သခင်ကျေနပ်အောင်
လှည့်ပတ်လို့ဟောင်။ ။
ခွေးလေလွင့် ဖြစ်တာတောင်
အသိခေါင် အခြေမဲ့။ ။
ဒင်းနှမ အမျိုးပါအောင်
အရိုးမပါ အတံမျိုးနဲ့
ထိုးလိုက်ချင်ရဲ့ ။ ။