Monday, December 11, 2006

အမှောင်ကွယ်ပျောက် အလင်းရောက်လျှင် …

တမြန်မနေ့လောက်က မဂ္ဂဇင်းနဲ့ ဂျာနယ် တစောင်မှာ operation ပိုင်း တာဝန်ယူလုပ်ပေးနေတဲ့ လူငယ်လေး တယောက် ကျမတို့ဆီကို လမ်းကြုံလို့ ၀င်လာပါတယ်။ သူနဲ့ စကားစမြည်ပြောရင်း သူတို့ဂျာနယ် အခြေအနေ မေးကြည့်မိတယ်။ အဲဒီဂျာနယ်က အလှအပ ဖက်ရှင် ကဏ္ဍတွေကို ဦးစားပေးတဲ့ ပေါ့ပ် ဂျာနယ်တစောင်ပါ။ စထုတ်ကတည်းက ခုချိန်ထိ ရှုံးတာ သိန်း ၄၀၀လောက်ရှိနေပြီ လို့ သူက ညည်းတွားရင်းပြောတယ်။ အဲဒါလည်း ထုတ်လုပ်သူက အားမလျှော့သေးဘူး ဆက်ထုတ်နေတုန်းပါပဲ .. တဲ့။

အခုအချိန်မှာ ပေါ့ပ် ဂျာနယ်တွေ သိပ်မပေါက်တော့ဘူး။ သတင်းဂျာနယ်တွေရဲ့ ခေတ်ဖြစ်နေပြီ၊ ဂျာနယ်ဈေးကွက် ထဲမှာ အားကစားဂျာနယ် နဲ့ သတင်း ဂျာနယ်တွေသာ နေရာယူ ထားကြတာ ... စသဖြင့် သူနဲ့ကျမ ပြောမိကြ ပါတယ်။
သူပြန်သွားတော့ ကျမတယောက်ထဲ တွေးနေမိတယ်။
သတင်းဂျာနယ်တွေကို လူတွေ ဘာဖြစ်လို့ ဖတ်ကြတာလဲ။
***
ကျမတို့တွေဟာ သတင်း သိပ်ငတ်မွတ် ပါတယ်။ ကမ္ဘာ့နေရာ အနံှ့အပြားက သတင်းတွေ၊ မြန်မာပြည် အရပ်ရပ်က သတင်းတွေ သိပ်သိချင်ကြတယ်။ မှန်ကန်တဲ့ သတင်း၊ တိကျတဲ့ သတင်း၊ အကျိုးရှိတဲ့ သတင်းတွေ သိပ် တောင့်တမိ ကြပါတယ်။

ကျမတို့ တိုင်းပြည်မှာ ထုတ်ဝေနေတဲ့ သတင်းစာ ဆိုတာကလဲ လူထု နှစ်သက် လိုလား တောင့်တတဲ့ သတင်းတွေ မက်မောလောက်အောင် မပါလေတော့ အပတ်စဉ်ထုတ် ဂျာနယ်က သတင်းတွေကိုပဲ တခုတ်တရ အာသာပြေ ဖတ်ကြရတော့ တာပေါ့။ ဒါကြောင့်လဲ သတင်းဂျာနယ်တွေဟာ ပေါ့ပ် ဂျာနယ်တွေထက် လူတွေရဲ့ စိတ်ဝင်စားမှု ပိုရတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဒီဂျာနယ်က သတင်းတွေဆိုတာလဲ စိစစ်ပြီးမှ ဖော်ပြခွင့်ရကြတဲ့ သတင်းတွေပါပဲ။ လွတ်ရာ လွတ်ကြောင်း လေးတွေသာ ရေးသားရဲ ဖော်ပြရဲကြပါတယ်။ ဟိုတလောက အာရှရဲ့ ဟီးရိုးတွေ သတင်းကို ဖော်ပြတဲ့ ဂျာနယ်တစောင်မှာ မြန်မာနိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်လုံးရဲ့ နာမည်မထည့်ရဲဘဲ ဗိုလ်ချုပ်အောင်ဆန်း နာမည်သာ ဖော်ပြခဲ့တယ်။ ဒါဟာ ရေးသူ (သို့) အယ်ဒီတာက စိစစ်ရေး ကပ်ကြေးစာလွတ်အောင် ဖော်ပြတာလဲ ဖြစ်ကောင်း ဖြစ်နိုင်သလို စိစစ်ရေးက ဖြတ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့တိုင်းပြည်ရဲ့ မီဒီယာလောကမှာ ခုချိန်ထိ သတင်း လွတ်လပ်ခွင့် မရှိသေးဘူး ဆိုတာတော့ ဒီသတင်းကိုကြည့်ရင် သိသာ နေတာပါပဲ။
***
သတင်းနဲ့ ပတ်သက်ပြီး ရေးနေရင်းနဲ့ ‘ကြေညာ’ ဆိုတဲ့ စာလုံးလေးကိုပါ ထည့်ပြောချင်လို့ ကြားဖြတ် ပြောပါရစေအုံး။ သတင်းကြေညာတယ် ဆိုရင် ကြေညာလို့ သုံးကြတယ်။ ဘာကြောင့်လဲ။ ကြေညာဆိုတာ အကြေ+အညာ နှစ်ခုပေါင်းထားတဲ့ စကားလုံးပါ။ အားလုံးသိတဲ့အတိုင်း အကြေ ဆိုတာ အောက်အရပ်၊ အညာ ဆိုတာ အထက်အရပ် ဆိုတော့ ... ထက်အောက် ၀န်းကျင် ပျံ့နှံ့အောင် ပြုလုပ်တာဟာ ကြေညာတာပေါ့။ ဒါကြောင့် သတင်းဆိုတာ ကြေညာရမယ်။ ပျံ့နှံ့အောင် ပြုလုပ်ရမယ်။ အမှောင်ချ ထားလို့ မရဘူး။ ဖုံးဖိထားလို့ မရဘူး။

တချို့က ကြော်ငြာနဲ့ ကြေညာ မှားပြီးသုံးလေ့ရှိကြတယ်။ ကြော်ငြာက...ကြော်ကြားအောင် ငြာသံပေးတာ ဆိုတဲ့ သဘောပါ။ အရင်ခေတ်က စာနယ်ဇင်းတို့ ရေဒီယို ရုပ်သံတို့ မရှိတဲ့အတွက် (ဥပမာ-အငြိမ့်ပွဲ ဇာတ်ပွဲ ပြသမယ်ဆိုရင်) ဗျို့ဟစ်ပြီး မောင်းခတ် ကြော်ငြာကြရပါတယ်။

ကြော်ငြာနဲ့ ကြေညာကိစ္စကို ဒီတွင်ရပ်ပြီး သတင်းအကြောင်း ပြန်ဆက်ပါအုံးမယ်။
သတင်းကို အင်္ဂလိပ်လို NEWS လို့ပြောတာ တိုတိုတုတ်တုတ်နဲ့ ထိမိလှတယ်။ ဘာကြောင့် ဆိုတော့ NEWS ဆိုတာဟာ North, East, South, West ရဲ့ acronym မဟုတ်လား။ ဒီတော့ NEWS ဟာ အရှေ့ အနောက် တောင် မြောက် အရပ် လေးမျက်နှာက အဖြစ်အပျက်တွေကို ဖော်ပြခြင်း။ မြန်မာ မှာတော့ အကြေ အညာ ထက်အောက်ဝန်းကျင်က အဖြစ်အပျက် တွေကို ဖော်ပြခြင်းသည် သတင်း။

ကျမနဲ့ ရင်းနှီးတဲ့ ဂျာနယ်လစ် တယောက်က ပြောဖူးပါတယ်။ သတင်းဆိုတာ စတုဒိသာ တဲ့။ အဲဒီစကား ကျမ တော်တော် သဘောကျတယ်။ စတု ဆိုတာ ၄၊ ဒိသာ ဆိုတာ အရပ် … ဆိုတော့ကာ စတုဒိသာ ဆိုတာ အရပ် လေးမျက်နှာပေါ့။၊ အင်္ဂလိပ်လို news,မြန်မာလို သတင်း, ပါဠိလိုတော့ စတုဒိသာ ပေါ့။ ဟုတ်တော့လဲ ဟုတ်နေတာပဲ။

စတုဒိသာ (စတုဒီသာ)ကျွေးတယ်ဆိုရင် လာသမျှလူ အလကားကျွေးတယ် လို့သာ ယေဘုယျ သိထားကြ ပါတယ်။ အရပ် လေးမျက်နှာက လာသမျှလူ အဖြူအမည်း မခွဲခြားဘဲ လှူဒါန်းတာဟာ စတုဒိသာ အလှူပေါ့။ နောက်ပိုင်းတော့ စတုဒိသာကို အရပ်လေးမျက်နှာလို့ မမှတ်ကြတော့ဘဲ အလှူလုပ်တာကိုပဲ စတုဒိသာ ခေါ်သလိုလို တွင်သွားပါတယ်။ တကယ်တမ်း သူပြောသလိုဆိုရင် သတင်းဆိုတာ စတုဒိသာ ပါပဲ။

အဲဒီလို အရပ် လေးမျက်နှာက သတင်းတွေကို ကျမတို့တွေ မှန်မှန် ကန်ကန် သိလိုကြတယ်။ အခု ကျမတို့မှာ အင်တာနက် ဆိုတာကြီး အသုံးပြုခွင့်ရတဲ့အတွက် သတင်းတွေ အရင်ထက် ပိုသိလာတယ်။ ကျမတို့ လက်ရှိ သတင်းစာ ထဲက သတင်းတွေနဲ့ မတူတဲ့ သတင်းတွေကို ဖတ်ရ မြင်ရတဲ့ အခါမှာ … သတင်း မှန်ကန်ခြင်းရဲ့ အရသာ၊ သတင်း လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို တစတစ သိလာ ခံစားတတ် လာခဲ့ပါတယ်။ ကိုယ်သိလာ သလို သူတပါး ကိုလည်း သိစေချင် လာခဲ့တယ်။ ဒါကြောင့် သတင်းကို စတုဒိသာ အလှူလုပ်သလို လုပ်ကြရရင် မကောင်းဘူးလားလို့ စဉ်းစားမိတယ်။

တချို့ကတော့ ဒီလို သတင်းမှန်တွေ ဖော်ပြတာကိုပဲ အမနာပ ပြောလား ပြောကြပါရဲ့။ သူတို့ နားမလည်လို့ ပြောကြတာ …ပြောပါစေ။ နောက်တော့ အမှန်ကိုသိသွားကြမှာပါ။ အမှန် တရားဟာ လတ်တလော မှာတော့ ခါးသီးသယောင်ယောင်ပေါ့။

ပြောရမယ် ဆိုရင်တော့ … ကျမတို့ဟာ မှောင်ချထားထဲ အခန်းလေး တခုထဲ နေနေကြရတဲ့ လူတွေလိုပါပဲ။ ဒီအခန်းလေး ထဲက လူတွေ ပြောသမျှပဲကြား,ရေးသမျှပဲဖတ် နေခဲ့ရတယ်။ အမှန်နဲ့ အမှား ဆိုတာလဲ မှောင်နေတော့ ရုတ်တရက် ဘယ်ခွဲခြားနိုင်အုံးမလဲ။ အမှောင်ထဲမှာ ယဉ်နေတဲ့ မျက်စိဟာ အမှောင်ထဲမှာလဲ ၀ိုးတ၀ါးတော့ မြင်သယောင်ယောင် ဖြစ်နေတာပါပဲ။ နေသားကျနေပြီဆိုတော့လေ…။

အခန်းပြင်မှာ အလင်းရောင်အောက်က လူတွေ ရှိနေပါတယ်။ ကျမတို့ အခန်းလေးရဲ့ တံခါးပေါက်ကို ပွင့်သွားအောင် အပြင်ကလူ တချို့က ကြိုးစားပမ်းစား ဆွဲဖွင့်ပေးနေကြပါရဲ့။ အခန်းထဲက ကျမတို့လို လူတချို့ကလဲ ဖယောင်းတိုင် မီးလေးတွေနဲ့ တံခါးပေါက်ရှိရာကို စမ်းတ၀ါးဝါး သွားလို့ပေါ့။ တံခါးပေါက်နား ရောက်နှင့် နေသူ တချို့ကလဲ ပွင့်လိုပွင့်ငြား အားစိုက် တွန်းဖွင့်နေကြဆဲပါ။ တွန်းဖွင့်ရင်း တချို့လဲ ခြေကုန် လက်ပမ်း ကျလိုကျ …။ တချို့ ဘ၀တွေ ဆုံးပါးသွား … ။
တချို့ကတော့ ကိုယ်နဲ့ မဆိုင်သလို မျက်စိ စုံမှိတ်ပြီး ချောင်မှာထိုင်၊ တချို့ကလဲ ဒီတံခါးကြီး ခိုင်သထက် ခိုင်အောင် ကြိုးစား …. ….. ။

ဒီလိုနဲ့ ရုတ်တရက် တံခါးပွင့်သွားလို့ အလင်းနဲ့ တွေ့လိုက်ရမယ် ဆိုရင် … မျက်စိ ကျိန်းပြီး လောလောဆယ်တော့ ဘာမှ မမြင် သလိုလိုတောင် ဖြစ်ချင်ဖြစ်အုံးမှာပါ။ အကူးအပြောင်း ဆိုတာ ခဏတော့ အသားမကျ မှုလေးတွေ ရှိစမြဲ မဟုတ်လား။ နောက်တော့လဲ အမှန်တရားရဲ့ အရသာ အလင်းရောင်ရဲ့ အကျိုး ကျေးဇူးကို တဖြည်းဖြည်း သိသွား လက်ခံသွားကြ မှာပါလို့ ကျမ ကတော့ ယုံကြည်မိ ပါတယ်။
***
ကျမတို့ အခန်းလေးရဲ့ ပိတ်ထားတဲ့ တံခါးကြီး ပွင့်မဲ့နေ့ … ကျမတို့ အားလုံး လုံလောက်တဲ့ အလင်းရောင် ရရှိမဲ့ နေ့ကို မျှော်လင့် စောင့်စားရင်း ….။
***
မေဓာဝီ
10.12.06
11:45 pm

24 comments:

Ei said...

မမေရယ် တော်လိုက်တာဗျာ။ ဒီနေ့ ဒီစာလေးကို ဘယ်နှစ်ခေါက်ဖတ်မိမှန်းတောင် မသိဘူး ကြိုက်လိုက်တာ။ တချို့တွေက ချောင်မှာထိုင် တချို့က တံခါးကြီးကို ခိုင်သထက် ခိုင်အောင်လုပ် ဟုတ်လိုက်တာ။ အိရောဘယ်လူစားထဲမှာ ပါသလဲ လို့ အပြေးအလွှားတွေးမိသွားတယ်။ သေချာကြည့်မှ အဖြစ်က တော်တော်ဆိုးနေတယ်။ ချောင်ထဲမှာ အိပ်ပါပျော်နေတယ်။ ဟီး ဟီး ရှက်မိပါတယ်။ ခုဒီစာလေး ဖတ်မိမှ အိပ်ယာက နိုးသွားတယ်။ ဒါပေမယ့် တံခါးပွင့်အောင် လုပ်ဖို့ ကူဖို့က သတ္တိကလည်း လုံလုံလောက်လောက် မရှိ ကိုယ်ရေးကိုယ်တာတွေနဲ့ ပဲ လုံးခြာလိုက်ပြီး တကိုယ်ကောင်းဆန်တဲ့ စာရင်းထဲပါပေမယ့်။ တံခါးပွင့်ဖို့ ကြိုးစားပေးနေသူတွေကို (အသုံးမကျတဲ့ကိုယ်နဲ့ယှဉ်ပြီး) လေးလေးစားစား ဦးညွှတ်လိုက်ပါတယ်။

Ei said...

တံခါးပွင့်ဖို့ ကြိုးစားပေးနေသူတွေကို (အသုံးမကျတဲ့ကိုယ်နဲ့ယှဉ်ပြီး) လေးလေးစားစား ဦးညွှတ်လိုက်ပါတယ်။

Anonymous said...

Many thanks for explaining some Myanmar words I thought I knew but I didn't ..
More impressively on your decent encouragement to the NEWS

Anonymous said...

တော်လိုက်တာ မမေရယ်..သတင်း ရဲ့ အဓိပယ်ကို ခုလိုသိရတဲ့အတွက် ကျေးဇူးပါ...
မသိသလိုနဲ့ ချောင်ထဲမှာ ထိုင်နေတဲ့အထဲ စနေလဲ ပါပါတယ်...
အခန်းအပြင်မှာ အလင်းရောင်ရှိမယ်အထင်နဲ့ ဆွဲဖွင့်လိုက်တဲ့ တံခါးရဲ့ ဟိုဖက်တခြမ်းမှာ
အမှောင်တွေ ထပ်မကျပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ ကျေးဇူးပါ မမေ

Anonymous said...

very excellent!

ကလိုစေးထူး said...

ဒီစာကို ဖတ်ပြီးတော့ သေချာ စဉ်းစားကြည့်မိတယ်..ကျနော်ရော ဘယ်လိုလူပါလိမ့်လို့..ချောင်ထဲမှာပဲ ငြိမ်ကုပ်နေမိသလား.. ဒါမှမဟုတ်.. ဆွဲဖွင့်ဖို့ ကြိုးစားနေရဲ့လားဆိုတာကိုပါ။ ဒီစာကို ရေးတဲ့ အမရဲ့ အတွေးစိတ်ကူးကတော့ ကောင်းလှပါတယ်ဗျာ။ ကွန်မန့်ရေးတဲ့လူတွေကလဲ တော်ပါပေ့။

သက်စံ said...

နိုင်ငံသားဂျာနယ်လစ်ဇင် ဆိုတဲ့ ခေတ်သစ်ဂျာနယ်လစ်ဇင် ဝေါဟာရက အနာဂတ်မီဒီယာကို အသေအချာပြောင်းလဲပစ်လိမ့်မယ်ဗျ။ စိတ်ဝင်စားဖို့သိပ်ကောင်းတယ်။
အရင်က သတင်းဖတ်တဲ့သာမာန်လူတွေက သတင်းကို ကိုယ်တိုင်တီးဖြတ်နိုင် ဖြန့်ဝေနိုင်တဲ့ ဂျာနယ်လစ်တွေဖြစ်လာတော့.....သတင်းစီးဆင်းမှုက အစိုးရတွေဖြစ်စေချင်တဲ့ အတိုင်း တသမတ်ထဲမစီးဆင်းတော့ဘူးတဲ့။ KGYG EI က အသုံးမကျဘူးဆိုပြီး နှိမ့်ချရေးလို့ ပါ။ အစ်ကိုကိုယ်တိုင် မှန်ကန်တဲ့သတင်းကို အမည်မသိဖြန့်ချီလို့ရတယ်ဗျ။ အင်တာနက်သုံးနိုင်နေတာဗျာ။ မြန်မာပြည်မှာရှိတဲ့ မသုံးနိုင်တဲ့လူဦးရေ သန်း၅၀အတွက်ဗျာ အစ်ကိုသေချာလုပ်နိုင်ပါတယ်။ နိုင်ငံရေးလုပ်ဖို့မြှောက်ပေးတာမဟုတ်ဖူးနော်။ ထက်ရေးရင် မရည်ရွယ်ဘဲ စကားလုံးကြီးကြီးတွေနဲ့ လေထွားရာရောက်မှာမို့ ထုံးစံအတိုင်း ဝီကီမှာဘဲ Citizen Journalism ကိုလေ့လာဖို့တိုက်တွန်းပါရစေဗျာ။
မီဒီယာနဲ့ပတ်သတ်လို့ ကျွန်တော်ယုံကြည်ထားတာက မနေ့ကအကြောင်းအရာတွေမသိခဲ့လို့ဘာမှတော့သိပ်မဖြစ်ဘူးဗျ လက်ရှိဖြစ်နေတာတွေကိုမျက်ခြေပျက်ရင်တော့ ကျွန်တော်တို့တွေထက်ပြီးအလိမ်ခံနေရဦးမှာဘဲ။ ဥပမာ သန်းရွှေသမီးကိစ္စဆိုပါတော့။ YouTube ဗီဒီယို မီဒီယာသုံးပြီး ဖြန့်လိုက်တာ ပြည်တွင်းကရောပြည်ပရောက်မြန်မာတွေပါ ဒေါသတွေအချောင်းချောင်းထွက်ပါရောလား။ သူတို့စားနေတာ မသိဘူးမဟုတ်ဖူးသိကြတယ်။ ဒါပေမယ့် ဒီလောက်တောင်စားနေပါလားဆိုတာ သာမာန်အ၇ပ်သားဘယ်သိမှာလဲ။ ကိုယ်တွေ့မျက်စိနဲ့မြင်ရတော့မှ သူတို့ဒီလောက်တောင်ဆိုးရွားနေပါလားလို့သိရတာလေ။ ပြည်တွင်းမှာဆိုရင်တော့ မမေဓါဝီပြောသလိုဒါမျိုးဘယ်ကြည့်လို့ရပမလဲ။ အဲဒီတော့ဗျာ မီဒီယာကြားခံကို ကောင်းကောင်းအသုံးချ သင့်ပြီလို့ထင်ပါတယ်။ Anonymous Citizen Journalist တွေအများအပြားထွက်ပေါ်လာပါစေ။ KGYG EI နာမည်ဝှက်တစ်ခုနဲ့ ကိုယ့်ဝန်းကျင်မှာ အနှိမ်ခံ အစော်ကားခံနေရတဲ့လူတွေအစား များများဘလောဂ်နိုင်ပါစေ။ မမေဓါဝီရေ အစ်မပို့စ်မှာ ကောမတ်ဘလောဂ်လုပ်သွားတာ စိတ်ရှိနဲ့နော်။ တစ်ခုဂုဏ်ယူစရာကောင်းတာက အခုလက်ရှိအစ်မတို့ ကျွန်တော်တို့မြန်မာဘလောဂ်အများစု (နာမည်အားလုံးမရေးနိုင်ပေမယ့် အယောက် ၅ဝကျော်မယ်ထင်တယ်) မီဒီယာခေတ်ပြောင်းတစ်ခုမှာ မရည်ရွယ်ဘဲ ပါဝင်ရေးသားမိနေတယ်ဗျာ။ နောက် ၂နှစ်လောက် ဆိုရင်ဗျာ အဲဒီရေစီးကြောင်းအရမ်းအားကောင်းနေမှာတွေးပြီးပျော်တယ်ဗျာ။ ဂျာနယ်တွေလိုပေါ့ များလေကောင်းလေဘဲ။

TZA said...

ကောင်း၏၊ ကြိုက်၏။

မိုနိုပိုလီကို သွားပြီး သတိရတယ်၊ အပြင်ကို ရောက်နေတဲ့ လူတွေက စထွက်မှတ်ကို ကျော်ပြီး အကျိုးအမြတ် ရတဲ့ လူတွေ၊ တပတ် မပြည့်နိုင်ပဲ စမ်းတဝါးဝါး လျှောက်နေတဲ့ သူတွေက ပန်းတိုင်ကို သိပါရက်နဲ့ အံစာတုံး ကိုပဲ အားကိုး နေရတဲ့သူတွေ၊ ကံမကောင်းရင် နောက်ကို ၄၃၇၈၂၄၃၅ ကွက်ပြန်ဆုတ်ပါ ဆိုတာနဲ့ တိုးရော၊ ဒိထက်ဆိုးရင် စထွက်မှတ် ဘေးတဖက်တချက်က ထောင့်တထောင့်မှာ သွားထိုင်ပြီး ကိုယ့်အလှည့် အကျော်ခံလိုက်ရလို့ သူများဆော့တာ ငေးကြည့်နေရရော။

ဒါနဲ့ ကြေညာ ဆိုတဲ့ အပိုဒ်မှာ ရယ်မိတယ်၊ ဟဲဟဲ၊ ကျနော်မှားတဲ့ အခေါက်ပေါင်းက မနည်းတော့ဘူး။

ကိုစိန်မျောက်မျောက်ရေ citizen journalist ဆိုတာ အခုမှ ကြားဖူးပါတယ်။ ကျေးဇူးတင်ပါတယ်။ ပြောပြပေးတာ။ အတွေးအခေါ် ဗဟုသုတက ကြွားလို့ ကြွားတာ မဟုတ်ဘူး။ တကယ်ကို ပူးဝါးဗျ။ အိက။ တအားကြွားတယ်တော့မထင်နဲ့။ ဒါပေမယ့်ဒီလိုဖတ်လိုက်ရတော့ နည်းနည်းတောင် သဘောကျ သွားတယ်။ ဒါပေမယ့်ဗျာ အသိအမြင် ဗဟုသုတလေးကလည်း ကြွယ်ဝဦးမှ ကိုယ်သိတာလေးကို လှလှပပလေး present လုပ်တတ်ဦးမှဗျ။ ဒီတော့ ကိုယ်လုပ်တတ်တာလုပ်တဲ့အနေနဲ့ သူများအဆင်သင့် လုပ်ထားတဲ့ ပေးထားတဲ့ သတင်းပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် အားလုံးသိသင့်တဲ့ ကိစ္စမျိုးတွေကို လက်လှမ်းမီသလောက် ဖြန့်ဝေပေးမှာပါဗျာ။ မမေရဲ့ ဒီpost လေးကိုလည်း ကြိုက်လွန်းလို့ သူငယ်ချင်းတွေကို လာဖတ်ကြပါဦးလို့ လက်တို့လိုက်ရသေးတယ်။ အဲဒိလောက်ပဲ အဖြစ်ရှိတယ်ဗျ။ စကားမစပ် အိက မိန်းကလေးနော်။ အစ်ကိုလို့ခေါ်တော့ ဘာမှတော့ မဖြစ်ပါဘူး။ နည်းနည်းတော့ ရယ်ချင်သွားတယ်။ KGYG ဆိုတာ အချစ်နာမည်ကို ရှေ့က ဦးထိပ်ထား,ထားတာဗျ။ ဗျ ဗျ ပြောတာ အကျင့်ပါနေလို့။

မေဓာဝီ said...

ကွန်မန့်တွေအားလုံးအတွက် ကျေးဇူးအထူးပါ။
အိက ချောင်ထဲမှာ အိပ်ပျော်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်ဖို့မလိုပါဘူး။
အခု မမေရဲ့စာကိုဖတ်ပြီး အိပ်ရာက နိုးသွားတယ်ဆိုတာပဲ ၀မ်းသာလှပါပြီ။
ကိုယ် ဘယ်နေရာရောက်ပြီး ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိနေဖို့က ပထမဦးဆုံးအရေးကြီးပါတယ်။ နောက်တချက်ကတော့ အလင်းနဲ့အမှောင်ကို ခွဲခြားသိမြင်နိုင်တဲ့ “အသိဥာဏ်” ရှိဖို့…။
နောက်ဆုံးတချက်ကတော့ ဒီလိုသိပြီဆိုရင် အမှောင်ကလွတ်မြောက်အောင် ကိုယ်တတ်အားသရွေ့ ကြိုးစားဖို့ပါပဲ။
တယောက်တချက် လက်လေးတွေနဲ့ ညီညွတ်စွာ တွန်းဖွင့်ကြမယ်ဆိုရင် ဘယ်လိုခိုင်မာတဲ့ သံမဏ်တံခါးတောင် မပွင့်ဘဲ နေနိုင်မှာလဲ …နော်။
စနေပြောသလို အခန်းပြင်မှာ အလင်းရောင်မရှိဘဲ မှောင်နေခဲ့ရင်လဲ အလင်းရောင်ရှိတဲ့အရပ်ဆီရောက်အောင် ဆက်လက် ကြိုးစားကြရအုံးမှာပေါ့။
လိုချင်တာ … အလင်းရောင် … ရချင်တာ …. အမှန်တရား ဆိုတော့ မရမချင်း စိတ်ဓာတ်မကျစတမ်း ဆက်သွားနေရုံပါပဲ။
ကိုယ့်ခေတ်မှာ မမီခဲ့ရင်တောင် ကိုယ့်ရဲ့ နောင်လာနောက်သားတွေ အလင်းရောင်ရစေဖို့ရာ ကိုယ့်လက်တဖက်နဲ့ တတပ်တအားပါဝင် ဆောင်ရွက်နိုင်ကြမယ်ဆိုရင် မကောင်းဘူးလား…နော်။
ကိုစိန်မျောက်မျောက်ကိုလဲ မျောက် ၇ ကောင်မှာ တင်ထားတဲ့ စာအုပ်တွေအတွက်ရော … ကွန်မန့်အတွက်ပါ အထူးကျေးဇူးတင်ပါတယ်ရှင်။

သက်စံ said...

ကျေးဇူးမတင်ပါနဲ့ဗျာ။ အဟုတ်ပြောတာ။
သူများဝက်ဘ်ဆိုဒ်မှာတွေ့လို့ တင်သာတင်ထားတာပါ။ ကျွန်တော်လည်း အသေးစိတ်မဖတ်ရသေးဘူး အမရေ...စာအုပ်ပါအကြောင်းအရာတွေတောင် အဲဒီဆိုဒ်ကနေ ကော်ပီပေ့စ်လုပ်ထားတာ။ ဟိုတစ်ခါ အမကိုပေးတဲ့ဝက်ဘ်ဆိုဒ်ကလေ။
ကျွန်တော်လည်း အားရင်တော့ ဖတ်မယ်ကြံထားတယ်။ပတ်ကျိသွားသလိုပေါ့။ သိုးဆောင်းသိပ်မရဘူးဗျ။

Anonymous said...

ဘာဘဲဖြစ်ဖြစ်ဗျာ ဒီလိုဘဲတစ်ယောက်နဲ့တစ်ယောက်ခွန်အားပေးကြ၊ မျှဝေကြရင် အသိတရားတွေအမြင်တွေရရှိလာလိမ့်မယ်လို့ယုံကြည်သဗျား။
ကြားဘူးတယ်မဟုတ်လား "The more we share, the more we have.".ဆိုတဲ့စကား။ ဘလော့ဂါရပ်ဝန်းလေး စိုပြေစေချင်တယ်ဗျာ။
ကိုယ်ကသူများဆီကရယူလိုက် သူများကိုကိုယ့်မှာရှိတာလေးမျှဝေလိုက်....သိတ်ကောင်း။
သူများအိမ်ပေါ်တက် ...ကိုယ့်စားအိမ်သောက်အိမ်လိုသဘောထားပြီး ထမင်းဝင်စားလိုက်ရသလိုလို..
အိမ်ဦးခန်းမှာ တီဗွီထိုင်ကြည့်သွား သီချင်းလေးနားထောင်သွား...
အဲ..ကိုယ့်လိုဘဲတခြားသူတွေနဲ့တွေ့ရင် ခေါင်းချင်းဆိုင် သတင်းလေး အတင်းလေးဖွလိုက်...
ဗဟုသုတစကားဝိုင်းလေးဖွဲ့လိုက်...
အဲသလိုမျိုးခံစားရတယ်ဗျာ။...

boedawgyi said...

ဂွတ်ပ!!

generation96 said...

အရမ်းအရမ်းကောင်းဗျာ။ အမ ပြောသလိုပါပဲ။ ပွင့်သွားရင်လည်း မျက်စိတော့ ကျိန်းအုံးမှာပါ။ တချို့ကလည်း ငါသေတောင် ပွင့်မှာမဟုတ်ဆိုပြီး နောင်လာနောက်သားတွေ အတွက် စိတ်မ၀င်စားတဲ့သူတွေ အများကြီးဗျာ။ သူတို့လေးတွေကို အမ ဆုံးမပေးပါဦး။ မမေဓါက ပြောတတ်ဆိုတတ်တယ်။

Ka Daung Nyin Thar said...

ဒီလို သတင်းတွေ ဖြန့်ချိဖို့ ပြည်သူကို အလင်းတွေပေးဖို့ ပြည်တွင်းနဲ့ ပြည်ပက ဗမာတွေ ပေါင်းလုပ်ကြဖို့ လိုပါတယ်။ ကိုယ်ကလဲ အပြင်က တံခါးကို ဆွဲဖွင့်တယ်.. အတွင်းကလဲ အတင်း တွန်းဖွင့်မယ်ဆိုရင် ဒီတံခါးဟာ မပွင့် နိုင်စရာ အကြောင်း မရှိပါ..

ကျနော်တို့ အကောင်းဆုံးကို ကြိုးစားပြီး အဆိုးဆုံးကို မျှော်လင့်ကြရပါမယ်။ ပန်းတိုင်ဆိုတာ ထိုင်နေလို့တော့ မရောက်ပါဘူး မမေဓါ..

ကဒေါင်းညင်သာ

NA said...

i met ur blog today and want to say i like it. i wanna add one comment that the word "news" means new events, current events, not north, east, south, east. it's meaning and words in some european languages also means new events.
with regards,
nyein aye

Anonymous said...

ကိုငြိမ်းအေးကို ကျေးဇူးတင်ပါတယ်ရှင်။
ကျမက အရပ်ထဲက အပြော၊ ငယ်ငယ်လေးထဲက မှတ်လာခဲ့တဲ့ အသိကို အမှန်ထင်ပြီး ရေးခဲ့မိတယ်။
အခု ကိုငြိမ်းအေးပြောမှ သေချာအောင် Wikipedia မှာ ကြည့်တော့ ခုလို တွေ့ရပါတယ်။

Etymology
"News" developed as a special use of the plural form of "new" in the 14th century. In Middle English, the equivalent word was 'newes', based on the French 'nouvelles'.
It is not, as is often claimed, an acronym for "north, east, west, south".

ခုလို အမှန်ပြန်ပြင်ပေးတဲ့အတွက် ကျေးဇူးအထူးပါ။