Friday, December 08, 2006

အကြောင်းတရား ၄-ပါး နှင့် ကျမ

ကျမရဲ့ ဘလော့ကို မှန်မှန်ဖတ်ရှုအားပေးနေသူ တဦးက တနေ့တော့ ကျမကို ခုလို ပြောလာပါတယ်။
‘တရက်တလေလဲ မရေးဘဲ နားပါအုံး …နေ့တိုင်းရေးနေတော့ ဖတ်တဲ့သူတွေ အီ ကုန်လိမ့်မယ်’ တဲ့။
အားပေးခံရပုံများနော်။ သူကတော့ဆက်ပြောရှာပါတယ်။ ကျနော်ကတော့ မအီပါဘူး … ဆိုပဲ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ … ဒါဟာလဲ စဉ်းစားစရာတခုအဖြစ် ခေါင်းထဲရောက်လာတော့တာပါပဲ။
အဲ … စဉ်းစားဖြစ်ပြန်ပြီဆိုတော့ … ထုံးစံအတိုင်း ရေးမိပြန်တယ်ပေါ့။ (ဘလော့ခေါင်းစဉ်ကိုက တွေးမိတွေးရာ ရေးမိရေးရာဆိုတော့လဲ …တွေးမိတိုင်းကို ရေးမိနေတော့တာပဲ၊ အပြောခံရတာတောင် နဲသေး)

ကျမကလဲ ကျမပါပဲ …နေ့တဓူဝ (အဲ .. နိစ္စဓူဝ .. ဆိုပါတော့) တောင်တွေးမြောက်တွေး မတွေးရ မနေနိုင်၊ တွေးမိတာလေးတွေကိုလဲ အငြိမ်မနေနိုင်တဲ့လက်က မရေးရမနေနိုင်၊ ရေးမိပြီးပြန်တော့လဲ သူတပါးကို ဖတ်စေချင်ပြန်တာကြောင့် ဘလော့လေးပေါ်တင်မိ၊ တင်မိတော့ မတော်တဆဖြစ်ဖြစ် တမင်တကာဖြစ်ဖြစ် လာလည်ကြတဲ့သူတွေက ဖတ်မိပြီး မေဓာဝီတယောက်ကတော့ အားအားယားယား ရေးလဲရေးနိုင်လွန်းတယ်လို့ ကောက်ချက်ချကြလေမလား…။

ဒါတောင် ကျမက နဲနဲ လျှော့ထားရတာဆိုရင် မျက်လုံးတွေပြူးကုန်ကြပြီး နောက်တခါ လာမဖတ်ဘဲများ နေကြမလားမသိဘူး။ နောက်တာပါ။ (ဒါပေမဲ့ တကယ်ပြောတာ)
အမှန် တကယ်ပြောရရင်တော့ တခါတလေ တရက်ထဲ ၂ ပုဒ်တပြိုင်ထဲ တင်ချင်တာ မကောင်းတတ်လို့ ရက်ရွှေ့လိုက်ရတာတွေရှိပါတယ်။
ဥပမာ - နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျမ မိဘနှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ နဲ့ လူထုဒေါ်အမာရဲ့ မွေးနေ့ အဲဒီ နှစ်ခု တိုက်ဆိုင်နေတဲ့အခါ ကျမကလဲ ကြိုကြိုတင်တင်ရေးထားလို့ နှစ်ပုဒ်လုံးက အဆင်သင့်။
သို့ပေသိ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာလို ပို့စ်မျိုးကို ဦးစားမပေးချင်တာကြောင့် တရက်စောပြီး ၂၈ - ရက်နေ့မှာ တင်လိုက်ပါတယ်။ အမေ လူထုဒေါ်အမာမွေးနေ့ကိုသာ တိတိကျကျ ၂၉ ရက်နေ့မှာ တင်လိုက်တယ်။
အဲဒီလိုမျိုးတွေ တရက်ထဲ ရေးပြီးတိုင်းသာ တင်ရရင် ကျမကို ခုထက်တောင် ထောမနာပြုကြမယ် ထင်ပါရဲ့။

မည်သို့ပင်ဖြစ်စေ …ပေါ့ … ကျမကတော့ ဆင်ခြေအပေးကောင်းတဲ့ ဦးပေါ်ဦးအကြောင်းတွေဖတ်ပြီး (မနှိုင်းကောင်း နှိုင်းကောင်း) ဦးပေါ်ဦးလို ဆင်ခြေပေးချင်တဲ့စိတ်နဲ့ ဒီပို့စ်ကို ရေးလိုက်ရကြောင်းပါ။
***
လူတယောက်ရယ်လို့ဖြစ်လာရင် ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးပါးက ထောက်ပံ့ပေးထားတယ်လို့ ဟိုတစ ဒီတစ ဗဟုသုတအနေနဲ့ ကြားဖူးတာလား ဖတ်ဖူးတာလား သင်ဖူးတာလား တခုခုပေါ့နော်။ ထားပါတော့ … ။
ထိုနည်းတူစွာပါပဲ …. ကျမဘလော့လေးဟာလဲ အကြောင်းတရားလေးပါး ညီညွတ်မျှတမှ ရှင်သန်ခွင့်ရမှာပါလို့ ရှေးဦးစွာပြောချင်ပါရဲ့။
ဘယ်အကြောင်းတရား လေးပါးလဲဆိုတော့ရင် …
၁။ ကျမသည်လဲ ဟိုဟိုဒီဒီ အတွေးတွေတွေးမိအုံးမှ
၂။ တွေးမိတဲ့အတွေးတွေကိုလဲ လက်က ရေးဖြစ်အုံးမှ
၃။ ရေးဖြစ်တဲ့စာတွေ တင်ဖို့ရာအတွက် အင်တာနက်အသုံးပြုခွင့် (ဒါမှမဟုတ်) အင်တာနက် ကွန်နက်ရှင်က ရှိ အုံးမှ
၎။ ကျမတို့ဘလော့တင်တဲ့စာမျက်နှာလေးလဲ ဘန်းမခံရမှ
ဒီအချက် ၄ ခုနဲ့ညီညွတ်မှသာ ကျမဘလော့လေး ရှင်သန်နေမှာဖြစ်ပါတယ်။ ဒီ၎ ချက်ထဲက တချက်ချက် ချို့ယွင်းနေပြီဆိုရင်တော့ ကျမဘလော့လေး မရှင်သန်နိုင်တော့ပါဘူး။

ဒါကြောင့်လဲ ဒီအချက် ၄-ချက်နဲ့ ညီညွတ်တဲ့ ခုလိုအခါသမယမှာ မိုးရွာတုန်း ရေခံ၊ လသာတုန်းဗိုင်းငင်၊ အချိန်ရှိခိုက် လုံ့လစိုက်ဆိုသလို မှတ်မိသမျှ စကားပုံတွေနဲ့အညီ ကျမ ကြိုးကြိုးစားစား ရေးသားတင်ပြ နေခြင်းဖြစ်ပါကြောင်း … ။

ဖတ်ရှုသူအပေါင်းကို လေးစား အားနာစွာဖြင့်

မေဓာဝီ
07.12.06
11:45 pm

8 comments:

Anonymous said...

a kyaung lay par a mye tan kyi nyut par say ... lo..

နိုင်းနိုင်းစနေ said...

တနေ့ကို ၃ ၄ ခါလောက်ဝင်ကြည့်ဖြစ်တဲ့ စနေအတွက်
မမေ ပို့စ်တွေ များများတင်လေ ကောင်းလေပဲ...
ဘလော့ခ်ရေးတယ်ဆိုတာလဲ အချိန်တော်တော်ကုန်တယ်နော် မမေ..
ဖတ်တဲ့လူက ၁၀ မိနစ်နဲ့ ဖတ်လိုက်တာကို ရေးတဲ့လူက ၁ နာရီ ၂ နာရီလောက်
အချိန်ယူပြီး ရေးရတယ်။ စနေကတော့ စိတ်ကူးပေါက်ရင် တနေ့ ၂ ခု ၃ ခုတင်လိုက်
တာပဲ..ဟီး...မတင်ဖြစ်တဲ့နေဆိုရင် အချိန်ယူပြီး ၀င်ကြည့်တတ်တဲ့လူတွေကို အားနာလို့..
များများရေးနိုင် တင်နိုင်ပါစေ မမေ..

Nay Nay Naing said...

ဒီမှာ တစ်နေ့ ပိုစ့်တစ်ခုပဲ တင်တာကို သတိထားမိတာကြာပါပြီ။ မနက်ပိုင်း ကြည့်လို့  ဒီဘလောခ့်မှာ ပိုစ့်အသစ်မတက်သေးရင် တစ်နေ့ လုံး ပိုစ့်အသစ်မတွေ့ မချင်း၊ ထပ်ခါထပ်ခါ လာကြည့်ဖြစ်နေတယ်။ ပိုစ့် အသစ်တက်မှာကို သိနေတယ်။ ပိုစ့်တင်တာ အရမ်းများရင်တော့ မဖတ်မိပဲ ကျော်သွားတာတွေ ရှိနိုင်ပေမယ့် တစ်နေ့ ကို ၃ ၊၄ ၊ ၅ ခုလောက်ပိုစ့်တာဆို မများဘူးထင်မိတယ်။ ရေးချင်သလောက်သာ ရေးပါ။ ကျွန်မ အနေနဲ့ တော့ မမေဓာဝီရေးတဲ့ ပိုစ့်အကုန်လုံးကို တစ်ခေါက်တော့ အနည်းဆုံး ဖတ်မိနေမှာပါ။ မမေဓာဝီ များများရေးတာကို ဒီဘလောခ့်ကို အမြဲလာဖတ်လေ့ရှိတဲ့ သူတိုင်း နှစ်သက်ကြမယ် ထင်ပါတယ်။

Anonymous said...

ya..i also agree..
I like ur writing style...itz very nice!
Keep ur good work and continue posting new & interesting post.
I used to visit ur blog at least one time a day.
Hope to read more post at ur blog Ma May...

မေ said...

မမေ
များများရေးပါ ...
ဖတ်နေပါတယ်။
:)

Thyda said...

I read you blog everyday. I think, you can do as you like in your own blog. Thanks for sharing your knowledge.

Anonymous said...

I always read your blog. Pls do write everyday.

ကလိုစေးထူး said...

အပေါ်ကလူတွေ ပြောတာကို ထောက်ခံပါတယ်ဗျို့..