Thursday, November 09, 2006

မြန်မာဘလော့ခ်များ၏ အနာဂတ် နှင့် လွတ်လပ်စွာရေးသားခွင့်

မနေ့ကမေးလ်ဘောက်စ်ထဲကို အွန်လိုင်းစာစောင်တခုက သတင်း ၂ ပုဒ်ရောက်လာပါတယ်။ တခုကတော့ မြန်မာဘလော့ခ်များအကြောင်း နဲ့ နောက်တပုဒ်က မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမဲ့ သတင်းပါ။
မြန်မာဘလော့ခ်များအကြောင်းမှာ လင်းလက်ကြယ်စင်ရဲ့ ဘလော့ခ်နဲ့ ထူးမြတ်ရဲ့ ဘလော့ခ်ကို ရည်ညွှန်းရေးသားထားပြီး မြန်မာဘလော့ခ် Directory ရဲ့လင့်ခ်ကိုပါ ပေးထားတာတွေ့ရတယ်။
ကျန်ခဲ့တဲ့ ရက်သတ္တတပတ်ကျော်လောက်ကလဲ Flower News ဂျာနယ်မှာ ညီလင်းဆက်ရဲ့ ဘလော့ခ်မှာပါတဲ့ အချက်အလက်တွေကို ကိုးကားပြီး ညီလင်းဆက်ဘလော့ခ်ရဲ့ လိပ်စာကိုပါ ဖော်ပြထားတယ်။
ဒီလို မြန်မာဘလော့ခ်တွေကို ရည်ညွှန်းရေးသားထားကြတဲ့ သတင်းတွေကြောင့်ပဲလားတော့မသိ၊ တချို့လဲ ဘလော့ခ်တွေ ပိတ်ခံရမှာ ပူပန်ကြတယ်။ ဘလော့ခ်တွေမှာ ကိုယ်ရေးချင်တာရေးကြတာ အကြောင်းမဟုတ်ဖူး၊ ကိုယ့်ကြောင့် အများဒုက္ခရောက်နိုင်တယ် .. စသဖြင့် ရေးထားတာတွေဖတ်ရတယ်။
ဒီလိုသာဖြင့်.. ကျမတို့တွေ ကိုယ်ရေးချင်တာ ရေးခွင့်မရှိတော့ဘူးလား … လို့ ကျမ စဉ်းစားနေမိတယ်။
***
ကျမတို့နိုင်ငံမှာ လွတ်လပ်စွာရေးသားခွင့် မရှိခဲ့တာကြာပါပြီ။ ခုချိန်ထိပဲဆိုပါတော့။
စာအုပ်တအုပ်ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးဆိုတဲ့အဖွဲ့က စိစစ်ပြီးမှ ထုတ်ဝေခွင့်ရှိတယ်။ သူတို့လက်မခံနိုင်တဲ့ စာတလုံး၊ တကြောင်း၊ တပိုဒ်၊ တပုဒ်လုံး ဖြစ်စေ ပယ်ဖျက်ခွင့်ရှိတယ်။ ဒီလို ကိုယ်ရေးချင်တာ ရေးလို့မရတာများလာတော့ ဘယ်လိုဖြစ်လာသလဲဆိုရင် အတွေးကောင်းတခု တွေးမိရင်တောင် စိစစ်ရေးနဲ့မှ လွတ်ပါ့မလားဆိုပြီး ချမရေးဖြစ်ခဲ့တာတွေ ဖြစ်လာတယ်။ ရေးဖြစ်ခဲ့သည့် တိုင်အောင် ဘယ်မှ မပို့ဖြစ်ဘူး။ ပို့ဖြစ်ခဲ့သည့်တိုင် ပါမလာဘူး။ ပါလာခဲ့သည့်တိုင် (အရင်ခေတ်ကဆိုရင်)ငွေမင်နဲ့ ပိတ်ခံရတယ်၊ အခုခေတ်မှာတော့ လူသိအောင် မပိတ်တော့ပါဘူး။ တခါထဲ ဖြုတ်ပစ်ရပါတယ်။ ဖြုတ်မှန်းမသိအောင်လဲ စာကို အဆင်ပြေအောင်ပြန်စီရတယ်။ ဒါမျိုးတွေ ခဏခဏ ကြုံရတော့ ဦးနှောက်က လွတ်လပ်စွာတွေးမိရင်တောင် လက်က လွတ်လပ်စွာရေးဖို့ တွန့်မိတယ်။
နောက်ပိုင်း တဖြည်းဖြည်းနဲ့ စာနယ်ဇင်းတွေကို လက်ရှောင်မိတော့တယ်။
ဒီလိုနဲ့ အင်တာနက် သုံးစွဲလို့ရလာတော့ .. ဖိုရမ်တွေမှာ ရေးရတာ ပျော်မွေ့လာပြန်တယ်။
ဒါပေမဲ့လည်း ဖိုရမ်တွေမှာက စာပေစိစစ်ရေးအဖွဲ့လိုပဲ ဆင်ဆာအဖွဲ့ ရှိလေတော့ ပထမဆုံး ပုဂံဖိုရမ်မှာ ရေးတဲ့ပို့စ်တခု ဆင်ဆာထိပါတယ်။ ပုဂံကိုကျောခိုင်းပြီး ပုဂံထက် လွတ်လပ်သယောင်ရှိတဲ့ ပလန်းနက်ဖိုရမ်မှာ ရေးဖြစ်ပြန်တယ်။ ပလန်းနက်ဖိုရမ်သည်လဲ ထိုနည်းလည်းကောင်းပါပဲ၊
ခင်ချင်တယ် .. ခင်ကြမယ်နော် .. ကျမက ဘယ်သူ.. ကျနော် က ဘယ်ဝါ .. စတဲ့ ပို့စ်တွေကလွဲလို့ ကောင်းကောင်းမွန်မွန်ဆွေးနွေးကြတဲ့ ပို့စ်တွေဆိုရင် ဆင်ဆာထိတာ များပါတယ်။
ဒီတော့ အဲဒီမှာလွတ်ချင်ရင် ကိုယ့်လက်ကို ကိုယ်ထိန်းပြီးရေးရပြန်ပါတယ်။
တခါ .. အမှတ်မရှိတဲ့ကျမဟာ .. ပလန်းနက်ထက် သဘောထားကြီးပုံရတဲ့ နေးတစ်မြန်မာဖိုရမ်ကို ရောက်သွားပြန်တယ်။
အဲဒီမှာလဲ ဆင်ဆာအဖွဲ့ရှိတာပါပဲ။ သို့သော် သိပ်မတင်းကျပ်ဘူးထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမ ဆင်ဆင်ခြင်ခြင်ရေးခဲ့ပါတယ်။ ဒါပေမဲ့ .. ကျမဟာ စည်းကမ်းဆိုရင် ဖောက်ဖျက်တတ်သူ၊ အမိန့်ဆိုရင် မနာခံတတ်သူဖြစ်လေတော့ အက်ဒ်မင်လူကြီးမင်းတဦးရဲ့ သတိပေးတားမြစ်ခြင်း ခံခဲ့ရပြန်ပါတယ်။ (ရှက်စရာကောင်းလိုက်ပုံများ)
ဒီလိုနဲ့ နေးတစ်ကိုလဲ ကျောခိုင်းခဲ့ရပြန်တယ်။ လုံးဝဥဿုံကြီးတော့ မဟုတ်ပါဘူး။ ကျမကို လိုလားသူ အနည်းအကျဉ်းရှိနေသေးတာကြောင့် တခါတရံတော့ (အမှတ်မရှိ-အရှက်မရှိစွာ)ခြေဦးလှည့်မိပါသေးတယ်။
***
နောက်တော့ ညီလင်းဆက် ကောင်းမှုကြောင့် ဘလော့ခ်ဆိုတာနဲ့ရင်းနှီးခွင့်ရပြီး ကိုယ်ပိုင်ဘလော့ခ် လုပ်ခွင့်လဲရရော .. ကျမတော်တော် ၀မ်းသာမိပါတယ်။ ကျမ ဘလော့ခ် ကျမရေးချင်တာ ရေးလို့ရပြီပေါ့။ ဆင်ဆာအဖွဲ့မရှိ၊ အက်ဒ်မင်မရှိ၊ မော်ဒရေတာမရှိ၊ ကျမဘလော့ခ်မှာ ကျမသာ အရှင်၊ ကျမသာ ဘုရင်ပေါ့။ ဘယ်လောက်ကောင်းလိုက်သလဲ။ ဘယ်သူမှ မော်ဖူးစရာမလို၊ ဦးညွှတ်စရာမလို၊ ဘယ်သူ့မှ အားနာစရာမလို။
ဒီလိုနဲ့ ပိတ်နေတဲ့ ဦးနှောက်ကအတွေးတွေလဲ ဖွင့်ပစ်လိုက်တဲ့အခါ တွန့်နေတဲ့လက်ကလဲ စာတွေတော်တော် ရေးဖြစ်လာပါတယ်။
ကျမ နှလုံးသားရဲ့ ခံစားချက် .. ကျမ ဦးနှောက်ရဲ့ ခံယူချက် .. ဒါတွေကို ကျမ လွတ်လပ်စွာရေးသားရတဲ့အတွက် ၀မ်းသာမိပါတယ်။
မြန်မာဘလော့ခ်တွေလိုက်ဖတ်ပြီး ကိုယ်နဲ့ ခံစားချက်၊ ခံယူချက်တူသူ .. မတူသူ ..တွေကိုလဲ သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် .. လူတိုင်းဟာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတာပဲ။
ဘယ်သူ့ကိုမှ မကောင်းမမြင်မိပါဘူး။ ဖတ်လို့ကောင်းရင် နောက်ထပ်ခဏခဏ သွားလည်မိတယ်။ မကြိုက်ရင် နောက်တခါ သွားမကြည့်တော့ဘူး။
ဒီလိုမြန်မာဘလော့ဂါတွေ ရေးချင်တာလျှောက်ရေးနေမှုကြောင့် မြန်မာပြည်မှာ ဘလော့ခ်တွေ ဘန်းခံရမယ်ဆိုရင် … ဘယ်လိုလုပ်မလဲ .. ကျမ တွေးကြည့်မိတယ်။
ကျမတို့ဟာ ဒီလို ပိတ်ဆို့မှုတွေနဲ့ နေသားကျနေတာကြာပါပြီ။ ပိတ်ရင်လဲ ပိတ်ပေါ့။ ဘယ်တတ်နိုင်မလဲ။ ပိတ်မှာစိုးလို့ မလုပ်ရဘူးဆိုတာ … မှန်ပါသလား။ ပိတ်မှာစိုးလို့ ကိုယ့်ခံစားချက် .. ကိုယ့်ခံယူချက်တွေကို မြိုသိပ်ထားရမလား။
***
ဒါနဲ့ ကျမမေးခွန်းထုတ်ကြည့်မိတယ် … ။ ကိုယ်တိုင်ပဲ ပြန်ဖြေကြည့်ပါတယ်။ (ဖြေမယ့်သူမရှိလို့ပါ)
***
မေး။ ။ ဘာဖြစ်လို့ ပိတ်တာလဲ
ဖြေ။ ။ မကြိုက်လို့ပိတ်တာပေါ့ …
မေး။ ။ ဘာကြောင့် မကြိုက်တာလဲ
ဖြေ။ ။ မှန်တာတွေရေးလို့ပေါ့ …
မေး။ ။ မှန်တာရေးရင် မကြိုက်ကြဘူးလား ..
ဖြေ။ ။ မှန်တာလုပ်တဲ့ သူကတော့ မှန်တာရေးရင် ကြိုက်ပါတယ် .. အမှားလုပ်တဲ့သူဆိုရင်တော့ ဘယ်ကြိုက်မလဲ ..
မေး။ ။ ဒါဆိုရင် .. မှန်တာကို မှန်တယ်လို့ မပြောရဘူးလား။
ဖြေ။ ။ ပြောချင်ရင်ပြောလို့ရပါတယ်။ မကြောက်ရင်ပေါ့။
မေး။ ။ အမှန်ပြောတာဟာ အပြစ်ကျူးလွန်တာလား။
ဖြေ။ ။ မှားယွင်းမှုတွေနဲ့ ပြည့်နေတဲ့လောကကြီးမှာ အမှန်ပြောသူတယောက်ဟာ အပြစ်ကျူးလွန်မိသလိုပဲပေါ့။
မေး။ ။ ဒီလိုဆို ပိတ်ခံရရင် ဘာဖြစ်နိုင်မလဲ။
ဖြေ။ ။ ပိတ်ခံရတယ်ဆိုကတည်းက ကိုယ်ရေးတာ မှန်တယ်လို့ ယူဆလို့ရပါတယ်။ ကိုယ့်ကို အသိအမှတ်ပြုတယ်ဆိုပြီး ကြံဖန် ဂုဏ်ယူလို့တောင် ရသေးတယ်။
မေး။ ။ ဒါဆို ပိတ်ခံရရင် ဆက်မရေးတော့ဘူးပေါ့။
ဖြေ။ ။ ဆန္ဒရှိရင် နည်းလမ်းရှိပါတယ်။ အဓိက က .. ဆန္ဒရှိဖို့ပါပဲ။
***
ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေကဏ္ဍ ဒီတွင်ပြီးပါပြီ။
***
ဒီလိုနဲ့ ရပ်မနေနိုင်တဲ့ အတွေးနဲ့ အငြိမ်မနေနိုင်တဲ့လက်က ကဗျာတပုဒ် ထွက်လာပါတယ်။
***
ခံစားချက်တူ၊ ခံယူချက်ညီ
သွားမည်ရှေ့သို့၊ အောက်မကျို့တမ်း
ဖောက်စို့လမ်းသစ်၊ ဖြတ်သန်းပစ်ဖို့
ငါတို့ ခရီး၊ နီးနီးဝေးဝေး
အေးအေးပူပူ၊ အတူတူပေါ့
ခေါင်းကိုမော့၍၊ ရှေ့သို့သာချီ
ညီကြပါစေ …
အို … အဆွေတို့ …
သင်တို့ဆုံးဖြတ်၊ အနာဂတ်မှာ
တို့တတွေဟာ
ကြောက်ရွံ့ကာ ခံနေမည်လော???
နောက်တွန့်ကာ ကျန်နေမည်လော???
မကြောက်မရွံ့၊ နောက်မတွန့်ဘဲ
ရဲဝံ့စွန့်စား၊ အမှန်တရားအတွက်
လက်တွဲညီညီ ချီကြမည်လော???

***
(မေဓာဝီ)
၈.၁၁.၀၆

15 comments:

Anonymous said...

မမေဓာရေ၊ ဆုံးဖြတ်ရခက်တဲ့  အကြောင်းအရာပါဘဲ။ ကျွန်တော်ဆို စိတ်မပြတ်တော့ ရေးမိလိုက်၊ များသွားရင် ပြန်ဖျက်လိုက်နဲ့  တစ်ယောက်ထဲကို အလုပ်ရှုပ်နေတော့တာဘဲ။ တစ်ခါတစ်ခါတော့လဲ ငါတို့ ဒီလို တွန့်တွန့် တွန့်တွန့် လုပ်နေလို့  ဇာတ်ကြောင်း ရှည်နေတာဘဲ လို့လဲ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်။ ဒါပေမယ့်လဲ ငဲ့စရာတွေက များလွန်းတယ်ဗျာ။

ကိုချို

နိုင်းနိုင်းစနေ said...

မမေရေးတာတွေဟာ အမှန်တွေပဲ မမေ။
မမေရဲ့အရေးအသား၊ အတွေးကောင်းတွေကြောင့် စနေ
တရက်ကို ၃.၄ ခါလောက် လာလာကြည့်ဖြစ်တယ်။
စပရိန်လိုပေါ့...လူတွေဟာ ဖိဖန်များရင် ပိုတွန်းကန်တတ်
တယ်ဆိုတာကို သူတို့မေ့နေကြတယ် ထင်တယ်။ အထူးသဖြင့်
အသစ်အဆန်းဆိုရင် ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်ရမှ ကျေနပ်
တတ်တဲ့ အခုခေတ် လူငယ်တွေပေါ့။ မလုပ်နဲ့၊ မသွားနဲ့ ဆိုမှ ပိုလုပ်
ချင်ကြတယ်။ စနေရေးဖူးတဲ့ ပဲပင်ပေါက်လို့ပေါ့။ လေးတဲ့အရာနဲ့ ဖိခံ
ရတဲ့ အပင်ဟာ ပိုသန်တယ်ဆိုတာ။
ဆက်တွေးပါ...ဆက်ရေးပါမမေ။ လူတိုင်းမှာ ရှိတဲ့ မတူညီတဲ့ အတွေး
တွေကို မျှဝေပါလို့။ ကျေးဇူး။

Anonymous said...

မမေဓာဝီ၊
လေးစားပြီးရင်း လေးစားပါပဲဗျာ။

Anonymous said...

မှန်လိုက်လေ့

Thyda said...

Good post!

Yes, you are right. please keep going. I like most of your posts.

Anonymous said...

Ma May,

Ya.. you are absolutely right.
Freedom to speak , freedom to inspire, freedom to write......
These are the basic essence of progress.I guess, without these how can we upgrade ourselves.

As saying goes " ideas move the world" .

Prince

Anonymous said...

ကွန်မန့်ရေးမယ်လို့ ကြည့်လိုက်တော့ ကျနော်ပြောချင်တဲ့ အကြောင်းအရာတွေက အပေါ်က မိတ်ဆွေတွေက ပြောပြီးနှင့်နေပြီ.. ချီးမွမ်းစရာ စကားတောင် ရှာမတွေ့တော့ဘူး.. ကဲ.. ပြစ်မှုကို ပျော်ပျော်ကြီး ကျူးလွန်ကြတာပေါ့ဗျာ.. ပြောမယ့်သာ ပြောရတယ် ကျနော်တို့က အပြင်ကလူတွေ.. အထဲကလူတွေက ပိုစိတ်ညစ်ကြရမှာ.. ဟိုပိတ် ဒီပိတ်..

သက်စံ said...

မမေပြောသလိုဘဲပေါ့။ ဘလောဂ် ဆိုတဲ့ဟာကို ဒါကြောင့်လူတွေကြိုက်ကြတာ။ ကောင်းမှ….ကောင်း……..

Anonymous said...

မမေ ရေ အားလုံး မှန်နေတယ်

မမေ ရေ ဒီမှာရေးချင်းလို့ တင်နေတာ ကော်နက်စုပ်ကကောင်းကိုမကောင်းဘူး

မေလေး

Anonymous said...

အခွင့်အရေးပေးပါလျက်နဲ့ မရေးရင်ကိုယ့်ကိုကိုယ် အပြစ်တင်ဖို့ပဲရှိတယ်။
အာချောင်တယ်ပဲဆိုဆို ကျနော်ကတော့ စိတ်ထဲရှိတဲ့အတွေးတွေထုတ်မရေးရင် အစာမကြေဘူး။ ဒါပေမယ့် မြန်မာနိုင်ငံကြီး ပိုကောင်းသွားဖို့ရာ ဘလော့မှာပေါက်ကွဲနေခြင်းထက် ပိုပြီးထိရောက်တဲ့၊ လက်တွေ့ကျတဲ့ နည်းလမ်းတွေ ရှိဖို့မျှော်လင့်တယ်။ ဂုတ်ပေါ်ခွစီးခံနေရတာကိုက လူဖြစ်ရှူံးနေပြီ၊ ဒါကိုမှဂုတ်ပေါ်က မိစ္ဆာကိုပြန်ဆဲခွင့်တောင် မရှိရင်တိရစ္ဆာန်တကောင်ထက် ဘာများထူးသေးလဲ။

Anonymous said...

မမေ နောက်ဆုံးစာပိုဒ်ကိုဖြေမယ်
ငါတို့တွေသည်
လူပင်ငယ်သော်ငြားလည်း
ကြောက်ရွံ့ကာ ခံမည်မဟုတ်
နောက်တွန့်ကာ ကျန်ခဲ့မည်မဟုတ်
မကြောက်မရွံ့ နောက်မတွန့်သင့်
သတ္ထိခဲများ သွေးမကြောင်လင့်
အမှန်တရားတွက် စွန့်စားရဲစွာ
ချီတက်ကြမည် ရှေ့သို့ညီ....

Anonymous said...

ပိတ်တော့လဘြာစြေ်လြ။ တနည်းမဟုတ်တန်ညးနဲ့ ရေးမှပေါ့။ လွတ်လပ်တြ့ နည်းလမ်းတွေ တတ်နိုငတဲ့သူတွေက ၀ိုင်းကူရမှာပေါ့။

kay said...

မမေဓါဝီ(ကိုယ့်ထက်ငယ်မယ်တော့ထင်ပါတယ်..)ဆီ..ပြန်လာနှူတ်ဆက်တာပါ..
စာအဟောင်းတွေဆီရောက်သွားရင်း..သဘောကျမိတဲ့ပို့တခုအောက်မှာပဲနှူတ်ဆက်လိုက်ပါတယ်..မျက်စိဖွင့်ကြောက်ရဲတဲ့ပြည်တွင်းဘလော့ဂါတယောက်ကိုလေးစားပါတယ်..ဖတ်စရာတွေအများကြီးရှိနေသေးတယ်..လာခဲ့ပါဦးမယ်..

Anonymous said...

စာရေးသူ လုံးဝမှန်၏

khin oo may said...

:cool: