Sunday, September 17, 2006

သင့်သွေးဖြင့် အသက်ကယ်ပါ

မနေ့က အသိ ဦးပဇင်းတပါး သွေးလှူချင်လို့ဆိုပြီး ဇီဝိတဒါန သံဃာ့ဆေးရုံ ကိုသွားလို့ လိုက်သွားခဲ့ပါတယ်။
ဆေးရုံရောက်တော့ တာဝန်ရှိသူတွေထံ သွေးလှူဒါန်းချင်ကြောင်းပြောတဲ့အခါ သူတို့က လက်ခံလို့မရဘူးလို့ပြောတယ်။ ဒီဆေးရုံမှာ သွေးသိုလှောင်ရာဌာန မရှိတဲ့အတွက် တနှစ်မှာ နှစ်ကြိမ် (၀ါဆိုလပြည့်နေ့နဲ့ နှစ်ဆန်း တရက်နေ့) သာ သွေးလှူဒါန်းပွဲပြုလုပ်ပြီး လက်ခံကြောင်း ရှင်းပြပါတယ်။
ဒါနဲ့ ဦးပဇင်းလည်း ရန်ကုန်ဆေးရုံကြီးက အမျိုးသားသွေးလှူဘဏ်ကို သွားပါတယ်။
စောစောက ဘာလို့ အဲဒီကို တန်းပြီးမသွားလဲ ဆိုရင် စေတနာရှင်တွေလှူထားတဲ့ သွေးတွေကို လိုအပ်တဲ့လူနာတွေကိုအလကားမပေးဘဲ သွေးလှူဘဏ်က ရောင်းစားတယ်ဆိုတဲ့ သတင်းကြောင့်ပါပဲ။ ဒါကြောင့် သံဃာ့ဆေးရုံကို အရင်သွားခဲ့တာပါ။ ဟိုက လက်မခံတော့မှ .. သွေးလှူဘဏ်ကို ရောက်သွားတယ်။
ဒါပေမဲ့ ..
သွေးလှူဘဏ်မှာလဲ လှူလို့မရခဲ့ပါဘူး။ စနေ နေ့မို့ ရုံးပိတ်ပါသတဲ့။ သွေးလက်မခံဘူးပေါ့လေ။
ဒါနဲ့ပဲ .. အားချင်း အလှူဆိုရင် လက်ခံတယ် မဟုတ်လား .. လို့ စောဒက တက်ကြည့်တော့ အားချင်းအလှူဆိုတာက ၀ါဒ့်ထဲက လူနာတချို့ အရေးပေါ်သွေးလိုအပ်တယ်ဆိုရင် လှူလို့ရတယ် .. တဲ့။ အမှန်တကယ်လိုအပ်ကြောင်း စာရွက်စာတမ်းတွေ ဘာတွေ တင်ပြရမယ် လို့ပြောပါတယ်။ ဒါနဲ့ပဲ .. အဲဒီနေ့အဖို့ ဦးပဇင်းလည်း သွေးမလှူဖြစ်တော့ဘဲ ပြန်လာခဲ့ရတယ်။
***
တကယ်ဆိုရင် ..
ဆေးရုံတွေပေါ်က လူနာများစွာဟာ သွေးပုလင်းပေါင်းများစွာကို အမှန်တကယ်လိုအပ်နေပါတယ်။
လှူတဲ့ သွေးပမာဏနဲ့ လိုတဲ့ သွေးပမာဏကလဲ ကွာခြားလွန်းလှပါတယ်။
လူနာတွေဟာ စနေရယ် တနင်္ဂနွေရယ် .. ရုံးပိတ် ရုံးဖွင့်ရက်တွေရယ် ရွေးနေပြီးမှ သွေးလိုနေတာ မဟုတ်ပါဘူး။ ဒါကြောင့် သွေးလှူဘဏ်ကိုတော့ အလှည့်ကျ ၀န်ထမ်းတွေခန့်ထားပြီး နေ့စဉ် ဖွင့်ထားသင့်ပါတယ်။
လှူချင်တဲ့အချိန်မှာ .. လှူခွင့်ရအောင်လည်း ဆေးရုံတွေက စီမံထားသင့်တယ်။ ဆေးရုံတိုင်းမှာ သွေးသိုလှောင်ရာဌာန ရှိသင့်တယ်။
ခုတော့
ရန်ကုန်မြို့မှာတောင် ဆေးရုံတိုင်းမရှိဘူး .. ရှိတဲ့ဆေးရုံမှာလဲ နေ့တိုင်း အလုပ်မလုပ်ဘူး .. ဆိုတော့ ..
အင်း .. .. ..
‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုပြီး ကြော်ငြာ မနေသင့်တော့ဘူးလား လို့တောင် စဉ်းစားမိပါရဲ့။

4 comments:

Dr. Junior said...

ရှိသင့်တာပေါ့၊ ဒါပေမယ့် စနေ၊ တနင်္ဂနွေ လိုတဲ့သွေးကို အရင်ကလှူထားတာကို သိမ်းထားတာနဲ့ အရင်သုံးပါတယ်၊ စနေ၊ တနင်္ဂနွေ ဆင်းတဲ့သူတွေကို အချိန်ပိုကြေး ပေးနိုင်ဘူးလေ၊ သွေးလှူဘဏ်ကို ဆေးရုံတိုင်းမှာထားဖို့ကြတော့ ရံပုံငွေ၊ စက်ပစ္စည်း၊ ကျွမ်းကျင် ပညာရှင်တွေလိုတယ်လေ၊ ကျန်းမာရေးကဏ္ဍ မှာလိုအပ်နေတာ အများကြီးပါ၊ သူတို့ရဲ့ budget တွေကဘယ်ရောက်သွားလဲ မသိဘူး၊ တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက် လှူဒါန်းကြရင်တော့ ကောင်းလာမှာပါ၊

မေဓာဝီ said...

သွေးလှူဘဏ်က သွေးတွေကိုရောင်းတယ်ဆိုတာရော .. ဟုတ်လား မဟုတ်လား သိချင်ပါတယ်။
နောက်တခု သိချင်တာက .. လှူလိုက်တဲ့ သွေးတွေကို ရောဂါရှိမရှိ သေချာစစ်ဆေးရဲ့လားဆိုတာပါပဲ။
ဦးဇင်းသွေးလှူလို့ လိုက်သွားတဲ့နေ့က ပုံစံစာရွက်တခုမှာ မေးခွန်းတွေကို ဖြည့်ရတယ်။ အဲဒီ မေးခွန်းတွေကို လူတိုင်းက အမှန်အကန်ဖြေကြပါ့မလားနော်။
မေတ္တာဗြူဟာအဖွဲ့မှာ ကျမသွေးလှူခဲ့စဉ်တုန်းက သွေးပုလင်းကြီးထဲကို သွေးမထည့်ခင် အရင်ဆုံး ပင်နယ်ဆလင်ပုလင်း ၄ လုံးနဲ့ သွေးတွေကို ယူပါတယ်။ အဲဒီလိုယူတာက ရောဂါရှိမရှိ စစ်ဖို့အတွက်ပါတဲ့။ ရှိရင် အိမ်ကို အကြောင်းကြားစာပို့ပြီး သွေးပုလင်းကို ဖျက်ဆီးပစ်တယ်လို့ဆိုပါတယ်။ အခုတော့ အဲဒီလို ပုလင်းသပ်သပ်နဲ့ ယူတာ မတွေ့ပါဘူး။ ဒါဆိုရင် အဲဒီသွေးတွေကို ဘယ်လိုများစစ်နေကြပါသလဲ။

ThuHninSee said...

သင့်သွေးဖြင့် အသက်ကယ်ပါ ။
သို့သော် ကျွန်ုပ်တို့အားမှ လာလှူပါ..

Anonymous said...

မမေပြောတဲ့အတိုင်းဆို သွေးကိုစစ်မယူဘူးထင်တယ်။ တီဗွီမှာလွှင့်တိုင်း၊ ဗွီဒီယိုတွေကြည့်ရတိုင်း သွေးလှူချင်ရင်၊ လှူရင် သူတို့က အမြဲအဲ့လို ပုလင်းလေးနဲ့စစ်ယူတယ်မဟုတ်လား၊ ပြီးတော့ ဘာသွေးလဲဆိုတာပါစစ်သေးတယ်လေ၊ မစစ်ပဲယူရင်တော့ အင်း လူနာခမျာ သနားစရာ....

နှင်းဆီပြောတာ ဟုတ်မယ်ထင်တယ် :)