Sunday, September 10, 2006

essay 2

အခန်းကျဉ်းလေးထဲမှာ …

မရောက်တာကြာပြီဖြစ်သော ..
ဒီနေရာသို့ ပြန်လည်ခြေချမိသည်။
မဖွင့်တာကြာပြီဖြစ်သော ..
ဒီအခန်းလေးရဲ့ တံခါးလက်ကိုင်ဘုလေးကို လှည့်၍ဖွင့်လိုက်၏။
အခန်းလေးရဲ့ အ၀င်ပေါက် သစ်သားတံခါးလေးက ကျွိခနဲမြည်ပြီး ပွင့်သွားသည်။
ဘာမှပြောင်းလဲမှုမရှိသော အခန်းလေးက သူ့ရင်ခွင်ထဲ တိုးဝင်လာသူကို ငြိမ်းချမ်းစွာ ကြိုဆိုလျက်ရှိ၏။
နံရံမှ မီးခလုတ်ဝါကျင့်ကျင့်လေးကို ဖွင့်လိုက်တော့ မျက်နှာကြက်မှာ တွဲလောင်းကျနေသည့် နှစ်ပေ မီးချောင်းလေးက တဖျတ်ဖျတ် မျက်တောင်ခတ်ကာ မှိန်ပျပျ အလင်းရောင်ကိုပေးသည်။
အိပ်ရာဖုံးလေး လွှမ်းထားတဲ့ တယောက်အိပ်ကုတင်လေးလည်း အိပ်သူမဲ့နေတာကြာခဲ့လေပြီ။ ကုတင်ခေါင်းရင်း အုတ်နံရံထက်၌ နှင်းဆီကုန်းဘိုးဘွားရိပ်သာပြက္ခဒိန်လေးက လွန်ခဲ့တဲ့ နှစ်ဟောင်းတခုမှာ ရပ်တံ့လို့နေသည်။
ပြက္ခဒိန်ကိုချိတ်ထားသော သံချောင်းလေးမှာတော့ မစိပ်တာကြာပြီဖြစ်တဲ့ စိပ်ပုတီးကုံးလေးက တွဲလွဲကျနေ၏။ ပုတီးလေးတောင် မှိုတွေတက်နေပါပေါ့လား။
***
ပကာသနကင်းသည့် ဒီအခန်းငယ်လေးထဲမှာ .. ကွန်ပျူတာမရှိ၊ အင်တာနက်မရှိ၊ ရေဒီယို ကက်ဆက်လေး တခုတောင် ရှိမနေပါ။
ကုတင်ဘေးက ကြွက်လျှောက်တန်းမှာ ရေသန့်ဘူးဟောင်းတခု၊ ဖယောင်းတိုင်တင်စိုက်ထားတဲ့ နို့ဆီခွက်ဟောင်းတခု၊ အစိုပြန်နေသော လျက်ဆားဗူးတခု၊ သုံးလက်စ ဆပ်ပြာခွက်ဟောင်းတခုသာ ရှိနေသည်။
ကုတင်၏တခြားတဖက် စာအုပ်စင်ထက်မှာတော့ သူ၏ အမြတ်နိုးဆုံး စာအုပ်များ။ ဖတ်ပြီးသားစာအုပ် .. မဖတ်ရသေးသောစာအုပ်နဲ့ .. ဖတ်လက်စ စာအုပ်တွေ။ ဖုန်တက်စပြုနေတဲ့ စာအုပ်တွေထဲမှာ လစဉ်ထုတ် မဂ္ဂဇင်းဟောင်းတချို့၊ ဘာသာရေးစာအုပ်တချို့ .. နဲ့ ..
လူထုဒေါ်အမာရေးသည့် ‘အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး’၊ လူထုဦးလှ၏ ‘ကျွန်တော်လှေသူကြီး’၊ သိန်းဖေမြင့်၏ ‘တိုက်ပွဲဝင်စာများ’၊ နေ၀င်းမြင့်၏ ‘ပုစဉ်းရင်ကွဲ’ .. ဖတ်ပြီး အထပ်ထပ် ဖတ်ဖြစ်နေသော စာအုပ်လေးများ။ ခုတော့ ဖုံတွေကပ်လို့ ဖတ်သူငတ်နေပြီ။
နောက်ပြီး ..
ကုတင်ခြေရင်း သစ်သားနံရံကို မှီပြီး ထောင်ထားတဲ့ ဂစ်တာအိုလေး ..။
ဖုန်အလိမ်းလိမ်းနှင့် ... ကြိုးတွေလဲလျော့နေလောက်ပြီထင့်။
***
အခန်းခေါင်းရင်းက ပြတင်းကို ဖွင့်လိုက်တဲ့အခါ ပြင်ပလေအေးက နူးညံ့စွာ အခန်းကျဉ်းလေးထဲသို့ ၀င်ရောက်လာသည်။ ပြတင်းပေါက်အပြင်မှာ သနပ်ခါးပန်းပင်ကလေးက စိုတစိမ်းစိမ်း ယိမ်းတနွဲ့နွဲ့။ ထိုအပင် ကြိုအကြားမှာတော့ အလုပ်များနေသော ငှက်ကလေးတွေက ကျီကျီကျာကျာ။
အခန်းလေးဟာ သူနဲ့ တသားတည်းဖြစ်လို့သွားလေပြီ။
ကုတင်ထက်က အိပ်ရာဖုံးလေးကို ဆွဲခွါရင်း မွေ့ရာပါးပါးလေးပေါ်မှာ ဖြေးညင်းစွာ လှဲလျောင်းလိုက်၏။ မျက်နှာကြက်မှာ အိမ်ဖွဲ့နေသော ပင့်ကူတချို့က တလှုပ်လှုပ်တရွရွ၊ သူ မရှိပေမဲ့ သက်ရှိသတ္တ၀ါ ဒီပင့်ကူတွေ ရှိနေသေးသားပဲ။ အခန်းလေးက အထီးကျန်မနေပါဘူး။
သူ့အတွေးကို သိလို့လား .. သူ့ကို ကရုဏာသက်လို့ပဲလားတော့မသိ၊ အိမ်မြှောင်တကောင်က တကျွတ်ကျွတ်စုတ်ထိုးပြန်၏။
တကယ်တမ်း အထီးကျန်နေတာ သူဖြစ်ပြီး ဒီအချိန်မှာ .. သူ့ဘ၀ကို သူကိုယ်တိုင် ကရုဏာသက်စွာ စုတ်သပ် သင့်နေပြီလား .. သူစဉ်းစားမိလေသည်။
***
သူကား .. အခန်းလေးကို စွန့်ပစ်ထားခဲ့သူ။
တိုးတက်နေသော .. ရုပ်ဝတုပစ္စည်းတွေနောက်ကို လိုက်ရင်း .. နည်းပညာတွေရဲ့ သားကောင် ဖြစ်မှန်းမသိဖြစ်ကာ သူ့ကို နွေးထွေးမှုတွေ ပေးခဲ့သည့် ဒီအခန်းငယ်လေးကို ပစ်ပယ်ထားမိတာ ကြာများ တောင်ကြာခဲ့ပေါ့။
တချိန်က .. သူဟာ ..
ဒီအခန်းလေးထဲမှာ .. စာတွေဖတ်ခဲ့ .. စာတွေရေးခဲ့သည်။
ဒီအခန်းလေးထဲမှာ .. တညလုံးမအိပ်ဘဲ အတွေးနယ်ချဲ့ခဲ့ဖူးသည်။
ဒီအခန်းလေးထဲမှာ .. ဂစ်တာအိုလေးကိုတီးရင်း .. သီချင်းလေးတွေ ဆိုညည်းခဲ့ဖူးသည်။
ဒီအခန်းလေးထဲမှာ .. ၀မ်းသာတဲ့အခါ .. တယောက်ထဲ ပျော်ရွှင်ကြည်နူးခဲ့ဖူးသည်။
ဒီအခန်းလေးထဲမှာ .. ၀မ်းနည်းတဲ့အခါ ..ခေါင်းအုံးလေးပေါ် မျက်ရည်တွေစိုရွှဲခဲ့ရဖူးသည်။
ဒီအခန်းလေးထဲမှာ .. သူ တယောက်ထဲ.. သို့သော် .. သူ အထီးမကျန်ပါ။ သူ့ကိုအားအင်တွေပေးနိုင်သော .. စာအုပ်လေးများ ..
သူရင်ဖွင့်လိုရာ ဖွင့်နိုင်သော စာရွက်လေးများ ..
သူ အပမ်းပြေအောင် သံစဉ်လေးတွေဖန်တီးပေးနိုင်သော ဂစ်တာကလေးနှင့်
သူ့ကို စကားတီတီတာတာ ပြောတတ်သည့် ပြတင်းပေါက်မှ ငှက်ကလေးများ .. သူ့အနားမှာ ရှိနေခဲ့သည်ပဲ။
***
အခန်းလေးနှင့် ခွဲခွာခဲ့ပြီးနောက် ..
ထိန်ထိန်ငြီးနေသော မီးရောင်အောက်မှာ .. ကွန်ပျူတာနှင့် အင်တာနက်နှင့် စီဒီပလေယာနှင့် တီဗီ အောက်စက်နှင့်၊ ချွေးထွက်စရာ မလိုသော လေအေးပေးစက်အခန်းထဲမှာ လက်ညှိုးညွှန်စေခိုင်းရမည့်သူများ နှင့် ကြာတော့ .. သူ .. အတိတ်မေ့လို့နေလေပြီ။
ရသာစုံ ချိုချဉ်သြဇာ အဖြာဖြာကို စားသုံးရင်း .. နူးညံ့အိစက်သည့် ရေမြှုပ်မွေ့ရာထူထူထက်မှာ အိပ်စက်ရင်း .. အခန်းကျဉ်းလေးကို တဖြည်းဖြည်းမေ့လျော့သွားတော့၏။
နောက်ဆုံးပေါ်ရုပ်ဝတ္ထုတွေဝိုင်းရံလျက် .. အခြွေအရံများစွာရှိနေသော်ငြား .. သူ့အနားမှာ ဘယ်သူမှမရှိ ဆိုတာကို သတိပြုလိုက်မိသည့် တနေ့မှာတော့ အိပ်မက်က လန့်နိုးခဲ့သူလို ယောင်ချာချာနှင့် ..
ဘယ်မှာလဲ သူ့ကို နားလည်ပေးမည့်သူတွေ ..
ဘယ်မှာလဲ သူ့ဘက်မှာ ရပ်တည်ပေးမည့်သူတွေ ..
ဘယ်မှာလဲ သူ့လုပ်ရပ်အတွက် အကျိုးအမြတ်ရလဒ်တွေ ..
ကုန်လွန်သွားခဲ့သည့်အချိန်တွေကို သူနှမြောစွာပြန်တမ်းတမိသော်လည်း .. အချည်းနှီးပင်။
သူ့ဘ၀ကို ဘယ်သူကများ ဖန်တီးပေးနိုင်မှာလဲ။
တိုးတက်နေသော ရုပ်ဝတ္ထုတွေက သူ့ကိုကူညီနိုင်ဦးမှာလား။
ဟန်ဆောင်ပြုံးပြ နှုတ်ဆက်ကြသော လူတွေက .. သူ့ကိုဘာတွေ ဆောင်ရွက်ပေးနိုင်ဦးမှာလဲ။
အဆုံးထိ ထိုးကျနေသော သူ၏စိတ်ဓာတ်တွေကို အစာကျွေးရန် လိုအပ်နေလေပြီ။
***
ဒီလိုနှင့် ခွဲခွာခဲ့သော အခန်းကျဉ်းလေးသို့ ပြန်ရောက်ခဲ့ရသည်။
ဘာမှမရှိသော အခန်းကျဉ်းလေးက သူ့ကိုအေးစက်စိမ်းကားစွာ မဆက်ဆံပါ။
အခန်းထဲမှ နှစ်ပေမီးချောင်းမှိန်ပျပျလေးက သူ့အတွက် လုံလောက်သော အလင်းရောင် ဖြန့်ဝေပေးပါလိမ့်မည်။
အခန်းထဲမှ စာအုပ်လေးများက သူ့အတွက် လိုအပ်သော စိတ်ဓာတ်အာဟာရကို ဖြည့်ဆည်း ပေးပါလိမ့်မည်။
အခန်းထဲမှ ဂစ်တာအိုလေးက သူ့အတွက် နှစ်သက်စဖွယ် ဂီတသံစဉ်လေးများကို ဖန်တီးပေး ပါလိမ့်မည်။
အခန်းထဲမှ စိပ်ပုတီးကုံးလေးက သူ့ကို တည်ငြိမ် ရင့်ကျက်မှုတွေ တိုးပွားအောင် စွမ်းဆောင်ပေး ပါလိမ့်မည်။
အခန်းထဲမှ ပင့်ကူလေးများသည်လည်းကောင်း .. အိမ်မြှောင်လေးများသည်လည်းကောင်း ..ပြတင်းဝမှ ငှက်ငယ်လေးများသည်လည်းကောင်း .. သူ့အား နားလည်မှုတစုံတရာပေးစွမ်းနိုင်လိမ့်မည် ဟု သူ ယုံကြည်လျက်ရှိပါ၏။
***
ခွဲခွာခဲ့သော အခန်းကျဉ်းလေးအား
လွမ်းဆွတ်ခြင်းများစွာဖြင့် . . .

မေဓာဝီ
၅.၆.၀၆
၀၁း၄၀ နာရီ

1 comment:

yangonthar said...

နှစ်လတာရှည်နေခဲ့ဖူးတဲ့ နေရာတွေ အသုံးပြုခဲ့ဖူးတဲ့ အရာ ဝတ္တုလေးတွေဟာ ကျွန်တော်တို့ ကို ကျေးဇူးတစ်ခုစီတော့ ပေးတတ်မြဲပါ သတိရတမ်းတခြင်းတွေကို လည်း ဖြစ်စေမြဲပါ ... ကျွန်တော လည်း အဲလို ခံစား မှုမျိုးကို အမြဲခံစားရတယ် .... တစ်ခါတစ်ရံ ကိုယ် မနေချင်တဲ့နေရာမှာ နေခဲ့ရပေးမယ် အဲဒီ နေရာလေးမှာနေရင်း ဘဝရဲ့ သေးငယ် တဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်ဖြစ် ... အတွေးလေး တစ်ခုပဲဖြစ်ဖြစ် ...ရရှိခဲ့တာပါပဲအစ်မရယ် ကျွန် တော်လည်း တစ်ခါတစ်ရံတော့ တမ်းတမိပါရဲ့  ပြောင်းလဲမှု တိုးတက်မှုတွေ ကြားထဲမှာ နေသားတကျရှိနေပေမယ့် မွေး ရပ်မြေကို ဘယ်လိုမှ မမေ့နိုင်တဲ့ ခံစား ချက်မျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ... နောက် ဒီအက်ဆေးလေးက ဟန်ဆောင်မှု ကင်းကင်းနဲ့ ကျွန်တော်တို့ ကို အကျိုးပြုခဲ့တဲ့ နေရာ ပစ္စည်းလေးတွေကို ပြန်ပြောင်းသတိရ စေပါတယ် အတွေးလေးတွေ နဲ့ ပေါ့ အစ်မရယ် ....
ကျေးဇူး အစ်မမေ
ကျန်းမာ ပျော်ရွှင်ပါစေနော်း)))))