Friday, September 22, 2006

ခါတိုင်းလိုပဲ .. အထီးကျန်ဆဲ ....

ဒီနေ့
မနက်စောစောကတည်းကမိုးအုံ့နေတယ်။
နေကောင်းကောင်းမပွင့်ဘူး။
မိုးသက်လေအေးအေး တသုန်သုန်တိုက်နေတယ်၊
သစ်ရွက်လေးတွေက ညင်ညင်သာသာ လှုပ်ခတ်နေတယ်၊
ကောင်းကင်က ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှိုင်းမှုန်မှုန်
တလောကလုံးကို အအေးဓာတ်လွှမ်းခြုံထားတယ်။
***
ဒီနေ့ဟာ ..
ခါတိုင်းလိုပဲ သာမန်မိုးအုံ့တဲ့နေ့လေးတနေ့ပါပဲ။
ခါတိုင်းလိုပဲ ..လေပြေတွေ တိုက်ခတ်ဆဲ။
ခါတိုင်းလိုပဲ .. သစ်ရွက်တွေ ကြွေနေဆဲ။
ခါတိုင်းလိုပဲ .. ငှက်ကလေးတွေ ပျံနေဆဲ။
ခါတိုင်းလိုပဲ ..မြက်ခင်းတွေ စိမ်းနေဆဲ။
ခါတိုင်းလိုပဲ .. လမ်းမထက်မှာ ကားတွေသွားနေကြဆဲ။
ခါတိုင်းလိုပဲ .. လမ်းဘေးမှာ လူတွေ လျှောက်နေကြဆဲ။
ခါတိုင်းလိုပဲ .. လဖက်ရည်ဆိုင်က အော်သံတွေ တခါတခါလွင့်ပျံလာဆဲ ..။
ခါတိုင်းလိုပဲ .. လူတွေ အော်ဟစ်ရယ်မော နေကြဆဲ။
ခါတိုင်းလိုပဲ ..လေအဝှေ့မှာ ညှော်နံ့တွေ ပျံ့လွင့်လာဆဲ။
ခါတိုင်းလိုပဲ .. ငါလဲ ဒီအခန်းလေးထဲမှာ .. ထိုင်နေဆဲ ..။
ခါတိုင်းလိုပဲ .. ငါ့စိတ်တွေ ..တွေဝေဆဲ ..။
ခါတိုင်းလိုပဲ .. ငါ့ရင်ထဲ .. လွမ်းနေဆဲ ..။
ခါတိုင်းလိုပဲ .. အရာရာဟာ .. ပုံမှန်လည်ပတ်ဆဲ ..။
ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ..မြင်ရတဲ့ မြင်ကွင်းကလည်း ..
ခါတိုင်းလိုပဲ .. မပြောင်းမလဲ တည်ရှိနေဆဲ .. .. .. ။
***
တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေက
သစ်ပင်ပေါ်က သစ်ရွက်တွေကိုဖြတ်သန်းပြီး မြေပြင်ပေါ်ကျတယ်။
သစ်ရွက်တွေကတဆင့်ကျလာတဲ့ မိုးရေစက်တွေကိုကြည့်ရင်း ..
ပါးပြင်ပေါ်ကိုကျလာတဲ့ မျက်ရည်စက်တွေလို့ မြင်ယောင်ခံစားနေမိတယ်။
အေးစက်စွာ ပူနွေးနေမဲ့ မျက်ရည်စက်တွေလား .. .. ။
တိမ်တွေကတော့ .. ခါတိုင်းလိုပဲ တရွေ့ရွေ့နဲ့ အထီးကျန်လို့ပေါ့။
***
အိမ်ခေါင်မိုး မျက်နှာကျက်ကြားမှာ .. မိုးခိုနေတဲ့ ငှက်ကလေးက အထီးကျန်တယ်။
တစက်စက်ကျနေတဲ့ မိုးရေစက်တွေလဲ အထီးကျန်တယ်။
မိုးရေတွေစိုစွတ်နေတဲ့ သစ်ရွက်လေးတွေလဲ အထီးကျန်တယ်။
အုတ်တံတိုင်းဘေးမှာ မတ်မတ်ရပ်နေတဲ့ သစ်ပင်ကြီးလဲ အထီးကျန်တယ်။
လမ်းတဖက်က တက်ခ်စီလေးတစင်းလဲ အထီးကျန်တယ်။
တချက်ချက်မြည်ရင်း ရွေ့လျားနေတဲ့ နာရီအိုလေးလဲ အထီးကျန်တယ်။
ခန်းဆီးကြားက အိမ်မြှောင်လေးတကောင်လဲ အထီးကျန်တယ်။
နံရံထက်က ရွှေခြည်ထိုးပန်းချီကားကြီးလဲ အထီးကျန်တယ်။
ပိတ်ထားတဲ့ တံခါးတချပ်လဲ အထီးကျန်တယ်။
ဖွင့်ထားတဲ့ သီချင်းတပုဒ်လဲ အထီးကျန်တယ်။
စေးကပ်နေတဲ့ အိပ်မက်တွေလဲ အထီးကျန်တယ်။
လုံးပါးပါးနေတဲ့ မျှော်လင့်ချက်တွေလဲ အထီးကျန်တယ်။
ငါနေထိုင်ရာ အခန်းလေးလဲ အထီးကျန်တယ်။
ကြိုးတွေလျော့နေတဲ့ ဂစ်တာလေးလဲ အထီးကျန်တယ်။
မမှတ်ဖြစ်တဲ့ မှတ်စုစာအုပ်လေးလဲ အထီးကျန်တယ်။
အယ်ရာခဏခဏတက်တဲ့ ကွန်ပျူတာလေးလဲ အထီးကျန်တယ်။
ခါးသက်သက် အေးစက်နေတဲ့ ကော်ဖီတခွက်လဲ အထီးကျန်တယ်။
အရောင်မွဲမွဲ ပြက္ခဒိန်လေးတရွက်လဲ အထီးကျန်တယ်။
နားလည်မှုမရှိတဲ့လူတွေကြားထဲမှာ နေထိုင်ရတဲ့ ငါကိုယ်တိုင်လဲ
ခါတိုင်းလိုပဲ ..
အထီးကျန်တယ်။
***
ဒီနေ့ဟာ
သြဂုတ်လရဲ့ အဆုံးသတ်မဲ့နေ့
တနေ့လုံး နေမသာဘဲ မိုးအုံ့တဲ့နေ့
မျှော်လင့်ချက်မဲ့ ခပ်မွဲမွဲလူတယောက်ရဲ့ရင်ထဲမှာတော့ မုတ်သုန်မိုးတွေသည်းတဲ့နေ့
အဓိပ္ပါယ်မဲ့တဲ့ စာတွေကိုရေးရင်း တွေးချင်ရာတွေးနေမိတဲ့ နေ့
သီချင်းတပုဒ်ထဲကို ထပ်တလဲလဲ နားထောင်မိတဲ့ နေ့
လွမ်းတယ်ဆိုတာထက်ကို ပိုပြီးလွမ်းနေမိတဲ့ နေ့
တကယ်တော့ ..
ဒီနေ့ဟာ
ခါတိုင်းလိုပဲ
အထီးကျန်တဲ့ ..နေ့။

(သြဂုတ်လ ၃၁ ရက်နေ့က ရေးခဲ့တဲ့ စာပါ။)

2 comments:

yaung6sal said...

I love the last paragraph. Sometimes, I felt the same but I can't write it down like that. Very Good!

Please Keep Going! I like your blog & your essays. Thanks you so much!

သူကြီးမင်း (တုံးဖလား) said...

မျက်မှန်ကောင်းကောင်းတစ်လက် တပ်လိုက်ရင် အထီးမကျန်တော့ပါဘူး။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)