Saturday, August 08, 2009

ဖ်င္အက်ႌေလး တထည်

ပျင်းရိဖွယ် ရှည်လျားလှသော နွေရာသီတခု၏ နံနက်ခင်းသည် သူ့ဘ၀ထဲသို့ ဖျင်အင်္ကျီလေး ရောက်လာခြင်း၏ နိဒါန်းဟု ဆိုရပေမည်။ ထိုနေ့ နံနက်က အညာမှ ဆွေမျိုးတစု သူတို့အိမ်ကို အလည်အပတ် ရောက်လာကြသည်။ ပဲကလေး နှမ်းကလေး၊ အညာအစားအစာများနှင့်အတူ ဖျင်စလေး နှစ်စ အမေ့ကို လက်ဆောင်ပေးသည်။ ချည်ထည် အ၀တ်အစားများ နှစ်ခြိုက်တတ်သော သူ့အား အမေက ဒီဖျင်စလေး နှစ်စ ပြန်လည်ပေးခဲ့လေသည်။ မီးခိုး အပြာ အညို အဖြူ အကွက် သေးသေးလေးများ ရောယှက် ယက်လုပ်ထားသော အနံသေး ဖျင်ကြမ်းစ လေးကို ကြည့်ပြီး သူသဘောကျခဲ့မိ၏။

ဖျင်စလေးကို ဘယ်လို အင်္ကျီချုပ်ရမလဲဟု သူစဉ်းစားနေမိသည်။ နောက်ဆုံး အမေတို့ ချုပ်နေကျ အပ်ချုပ်သည်ကြီးဆီကို သွား၍ ဖျင်စလေး နှစ်စကို အဆင်ပြေသလို ကြည့်ချုပ်ပေးပါ ဟု အပ်ခဲ့လိုက်သည်။

အပ်ချုပ်သည်ကြီးဆီ အပ်လိုက်ပြီး နောက်ပိုင်း ဖျင်စလေးက သူ့ထံသို့ အင်္ကျီအဖြစ်ဖြင့် တော်တော်နှင့် ရောက်မလာခဲ့။ သူလဲ ကြာလာတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပြန်လေသည်။ ဒီလိုနှင့် နွေကျောင်းပိတ်ရက်ရှည် ကုန်ဆုံးပြီး မိုးရာသီ အပြောင်း ကျောင်းတွေပြန်ဖွင့်သည့် ညနေခင်းတခုမှာ အပ်ချုပ်သည်ကြီးထံမှ ဖျင်အင်္ကျီလေး ချုပ်ပြီးပြီဟု ဖုန်းလာသည်။

အပ်ချုပ်သည်ကြီးက ဖျင်ကြမ်းစကလေးနှစ်စကို နှစ်နံစပ်၍ အပေါ်ထပ် ၀တ်သော ကုတ်အင်္ကျီပုံစံ ချုပ်ပေးထား၏။ ကော်လာချိုးပုံ၊ အိတ်ထည့်ပုံ၊ ကြယ်သီးနှင့် ကြယ်သီးပေါက် ဖောက်ပုံတွေက သေသပ်ကျနသည်။ လက်ဆောင်အဖြစ် အလကားရသော ဖျင်စကလေး၏ ချုပ်ခက ထိုခေတ်နှင့်ဆို သိပ်မနည်းလှ။ ဖျင်ကြမ်းစကို ဈေးကြီးပေး ချုပ်ရကောင်းလားဟု အိမ်သား တချို့က စကားတင်း ဆိုကြသည်။ တကယ်တော့လဲ ငွေကြေးအားဖြင့် အဖိုးအခများစွာ မပေးရသည့် တိုင် မိမိနှစ်သက်လျှင် အဖိုးတန်သည်ပင် မဟုတ်လား။ တစုံတရာ၏ တန်ဖိုးသည် ငွေကြေးဖြင့် ပိုင်းဖြတ်၍ မရစကောင်း၊ တန်ဖိုးထားသူ ပေါ်၌သာ မူတည်သည်ဟု သူကတော့ ယူဆထားပါ၏။

ဤသို့ဖြင့် အကြမ်းခံပြီး မြန်မာပြည်၏ ရာသီဥတုတိုင်းနှင့် သင့်တော်သည့် ဖျင်ကြမ်းအင်္ကျီလေးက ချုပ်ရိုးချုပ်သား ကောင်းမွန် သေသပ်သော လက်ရာဖြင့် သူ့လက်ထဲသို့ ရောက်လာလေသည်။
***
ဖျင်အင်္ကျီလေးကို မိုးဖွဲဖွဲရွာနေသည့် နံနက်ခင်း တခုမှာ ရင်ဖုံးအင်္ကျီ အဖြူရောင် ကျောင်းဝတ်စုံ၏ အပေါ်မှ ထပ်၍ ၀တ်ဆင်သွားဖြစ်သည်။ သိုးမွှေး၊ ယုန်မွှေး၊ ထရိုင်ဆဲလ် စသော အဖိုးတန် အရောင်စုံ အသွေးစုံ အနွေးထည်များကြားတွင် ထိုဖျင်ကြမ်းအင်္ကျီလေးက လှပ ထည်ဝါမှု မရှိလှ။ သို့ပေမဲ့ အကြမ်းခံ၊ အလျှော်ခံ၊ အညစ်အပေခံ၊ ပြည်တွင်းဖြစ် ထိုချည်ကြမ်းကလေးကို သူမက်မောစွာ နေ့စဉ် ရက်ဆက် ၀တ်ဆင်ခဲ့ပါ၏။

ဖျင်အင်္ကျီလေး စ၀တ်သောနေ့သည် သူငယ်ချင်း အသစ်တယောက် ရသောနေ့ လည်း ဖြစ်ခဲ့သည်။ ထိုသူက ရဲထွတ်။ ရဲထွတ်က အတန်းထဲမှာ စာသိပ်မတော်လှ။ အသားညိုညို၊ မျက်နှာရှုတည်တည်၊ လူကောင်သေးသေး၊ ဆံပင်က ကတုံး ဆံတောက်။ အပေါင်းအသင်းလဲ သိပ်မရှိ၊ သူ့လိုပင် ဒီနှစ်မှ ပြောင်းလာသော ကျောင်းသားတဦးဖြစ်၏။

“နင်မနေ့က ကျောင်းတက်လား …”
“အေး တက်တယ်လေ ဘာလို့လဲ နင်မတက်ဘူးလား”
“အေး … ငါ့ကို မြန်မာစာ စာအုပ် ခဏငှားစမ်းပါဟာ … မနေ့က ငါ ကျောင်းမတက်လို့”
“မြင့်မြင့်သန်းတို့ဆီက ငှားပါလား … ငါလဲ စာသိပ်မစုံဘူးဟ”
“အာ … သူတို့ဆီက မငှားချင်ဘူး … ကြီးကြီးကျယ်ကျယ်နိုင်လွန်းလို့ … စာမစုံလဲ ကိစ္စ မရှိဘူး မနေ့က တနေ့စာ ရရင်တော်ပြီ”

သူငယ်ချင်းများများ မရှိသောသူနှင့် ရဲထွတ် ခင်မင်ရင်းနှီးခဲ့သည်။ ဒီနောက်ပိုင်း ရက်ပိုင်းတွေသည် သူ့ဘ၀အတွက် မမေ့နိုင်စရာ နေ့ရက်များ ဖြစ်သည်။ သူ၏ ဒိုင်ယာရီ စာမျက်နှာများပေါ်တွင် မင်နီဖြင့် ရေးမှတ်ခဲ့ရသော နေ့ရက်များလည်း ဖြစ်သည်။ ထိုရက်တွေမှာ ကျောင်းသူ ကျောင်းသားတွေသည် စာသင်ကြားမှုကို စိတ်ပါဝင်စားခြင်း အလျဉ်းမရှိကြ။ တစုံတရာကို ဆွေးနွေးကြ၊ ပြောဆိုကြ၊ တိုင်ပင်ကြ၊ တခါတလေ ငြင်းခုန်ကြ။ မည်သို့ပင် ဖြစ်စေ အားလုံးတူညီနေသည့် အချက် ကတော့ သူတို့အားလုံး တက်ကြွနေကြသည်။ ရင်ထဲမှာ မျှော်လင့်ချက် အားမာန်တွေ ပြည့်လွှမ်းနေကြသည်။ ဆရာ၊ ဆရာမတွေသည်ပင် သူတို့ကို အားပေး အားမြှောက် မပြောသာဘဲ အန္တရာယ် ဖြစ်မှာစိုး၍ အနည်းငယ် တားမြစ် သယောင် ပြုကြသည့်တိုင် စိတ်ထဲက ကြိတ်၍ ထောက်ခံနေကြသည်။

တရက်တော့ စာသင်ချိန် တချိန်အပြောင်း ခေါင်းလောင်းထိုးစဉ်မှာ ကျောင်းသား တစု သူတို့ စာသင်ခန်းအပြင်ကို ရောက်လာကြသည်။ လက်မှာ အနီရောင် လက်ပတ်တွေနှင့်။ တချို့က ခေါင်းမှာ ပုဝါနီတွေ ချည်ထားသည်။ သူတို့က စာသင်ခန်း ပြတင်းပေါက်အပြင်မှာ ရပ်ကာ စကားအနည်းငယ် ပြောသည်။ သူတို့ စကားတွေကို နားထောင်ရင်း ကြက်သီးများ ထမိသည်၊ ရင်တွေ တထိတ်ထိတ် ခုန်လာသည်၊ ခန္ဓာကိုယ်မှာ လည်ပတ် နေသော သွေးတွေ ပူနွေးလာသည်။ ကျောင်းသူတချို့က မျက်ရည်ကျကြသည်။ တချို့က ထိုင်ရာမှ ထကြပြီး လိုက်သွားကြသည်။ တချို့က လက်ကိုင်ပုဝါတွေ မုန့်တွေပေးသည်။ နောက်ပြီး တော့ ပိုက်ဆံတွေ။

သူတို့ကို ကြောင်ငေးကြည့်နေစဉ် ရဲထွတ်က သူ့ရှေ့၌လာရပ်ပြီး
“ငါ လိုက်သွားလိုက်ဦးမယ်” ဟု ပြောသည်။ အမြဲ မှုန်တေတေ နေတတ်သော သူ့မျက်နှာက ဒီတခါတော့ သွေးကြွနေသည်လား မပြောတတ်။ အပြင်မှာ မိုးတွေ ဖွဲရာမှ တစတစ သည်းလို့ လာနေပြီ။
“ဟဲ့ နေဦး …”
ရဲထွတ်က ဘာလဲဟူသောမျက်နှာဖြင့် ခပ်လောလော စိတ်မရှည်ဟန်ကြည့်သည်။ “ရော့”
ကုလားထိုင်နောက်မှီမှာ ချိတ်ထားသည့် ဖျင်အင်္ကျီလေးကို ဖြုတ်ပြီး ပေးလိုက် သည်။
“အပြင်မှာ မိုးရွာနေတယ်၊ နင့်မှာထီးမပါဘူးမဟုတ်လား၊ ဒီအင်္ကျီယူသွား”
ရဲထွတ်က မငြင်း၊ အင်္ကျီလေးကို ခေါင်းမှာအုပ်ပြီး ခပ်သုတ်သုတ် ပြေးရင်း ထွက်သွားသော ကျောင်းသားစုနောက် လိုက်သွားလေတော့သည်။ တော်ရုံတန်ရုံ မိုးလောက်တော့ ထိုဖျင်အင်္ကျီလေးက အကာအကွယ် ပေးနိုင်မည်ဟု သူ ယုံကြည်ခဲ့ပါသည်။

ဒီနောက်ပိုင်းမှာတော့ ဖျင်အင်္ကျီလေးနှင့်အတူ ရဲထွတ်ကို ပြန်မတွေ့ရတော့ချေ။ သို့ဖြင့် … ကျောင်းမသွားရတော့သည့် နေ့ရက်များမှာ ဟိုနေရာ ဒီနေရာက ဟောပြောပွဲတွေ လိုက်နားထောင် လက်ခုပ်တီး၊ တစုတဝေးထဲ အစားမစားဘဲ တိုက်ပွဲဝင်နေသူများကို သွားအားပေး၊ သတင်းတွေ နားထောင်၊ စိတ်က တက်လိုက် ကျလိုက် … မငြိမ်သက်။ စိတ်မကောင်းစရာ … ဒေါသဖြစ်စရာ သတင်းတွေ ကြားရသည်က နားနှင့်မဆန့်။

သူ … ဘာလုပ်ရမလဲ။ စဉ်းစားရင်း တွေဝေနေမိ၏။ တရက်တော့ သူ့ဆီ ဖုန်းလာသည်။ သူငယ်ချင်း တယောက်ထံမှ။

“ငါတို့ အဲဒီလို စီစဉ်ထားတယ်၊ နင်ရော ဘယ်လိုသဘောရလဲ၊ ဘယ်သူမှတော့ မသိစေနဲ့ဟ၊ တကယ်လို့ နင်လိုက်ချင်ရင် ++++++++++++ ”
“ … … … ”
***
စိတ်လှုပ်ရှားလွန်း၍ လူက ကတုန်ကယင် ဖြစ်နေသလို။ လူကြီးတွေရှေ့မှာ ဟန်မပျက်အောင် နေရင်း ညတညကို ကုန်လွန်ခဲ့ရသည်။ နောက်တနေ့နံနက် လူကြီးတွေ မနိုးခင် အသာလေးထ၊ မျက်နှာသစ်၊ အ၀တ်အစားလဲပြီး ညက အသင့်ပြင်ထားသော လွယ်အိတ်ကို ယူလိုက်သည်။ လွယ်အိတ်ထဲမှာက သေသေသပ်သပ် ပြားနေအောင် ခေါက်ထားသော အင်္ကျီလုံချည် တစုံ၊ ပိုက်ဆံ အနည်းငယ်ပါသော သားရေအိတ် အပြားလေးတခု၊ မွှေးပွ လက်ကိုင်ပုဝါလေး တထည်။

လွယ်အိတ်ကြိုးကို ခေါက်တုံ့ချည်ထုံးပြီး စလွယ်သိုင်းအပြီးမှာတော့ ထွက်ခွါရန် အသင့်ဖြစ်ပြီ။ နောက်ဖေးတံခါးကို အသာဖွင့်ထွက်ပြီး အိမ်ဘေးလမ်းကြား ဘက်ကို သွားလိုက်သည်။ အိမ်ရှေ့ဝင်း တံခါးမှ ထွက်လျှင် အိမ်ကလူတွေ သိနိုင်တာမို့ လမ်းကြားထဲကနေ ခြံစည်းရိုး သံဆူးကြိုးကို လူတယောက် ထွက်သာအောင် ဟလိုက်ပြီး လေးဘက် ထောက် တွားသွား ထွက်ရင်း တဘက်ခြံထဲကို ၀င်လိုက်၏။ ထိုခြံက လူအများနေတာမို့ ၀င်းတံခါးမရှိ၊ ခပ်သုတ်သုတ် လျှောက်ရင်း အပြင်လမ်းမပေါ် ရောက်သွားစဉ်မှာ စိတ်ပေါ့ပါး လွတ်လပ်သွားသလို ခံစားလိုက်ရသည်။ တကယ်တမ်း သွားရမည့် လမ်းက အိမ်ရှေ့က ပြန်ဖြတ်ရဦးမည်။

သွားစရာ တခြားလမ်းကို မတွေးမိဘဲ အိမ်ရှေ့မှ ဖြတ်ရမည့် လမ်းကို ရွေးခဲ့ခြင်းက သူ့အတွက် ကံကောင်းသည်လား ကံဆိုးသည်လား … သူခုချိန်ထိ ဝေခွဲမရခဲ့ပါ။ ဘာကြောင့်ဆိုတော့ အိမ်ရှေ့မှ ပြန်အဖြတ်မှာ အိမ်က ကောင်မလေးတယောက် သူ့အား မြင်သွား၍ ဖြစ်သည်။

“ဟိုမှာ ဟိုမှာ … ထွက်သွားပြီ…”
လမ်းလျှောက်နှုန်းကို မြှင့်လိုက်သည်။ စကားသံဝဲ၀ဲဖြင့် ပြောသော ထိုမိန်းကလေး အသံက နောက်မှာ ကျန်ခဲ့လေ၏။ လမ်းမကြီးအတိုင်း မသွားဘဲ လမ်းကျဉ်းတခု ကို ရွေးလိုက်သည်။ ထိုလမ်းထဲမှာ ဖြတ်လမ်းလေးတခု ရှိသည်၊ ထိုဖြတ်လမ်းမှ နေပြီး တဘက် လမ်းမကြီးဘက် ပေါက်အောင် သွားမည် … စသဖြင့် တွေးရင်း လမ်းကျဉ်းထဲသို့ ခပ်သုတ်သုတ် လျှောက်လိုက်၏။

ရှေ့တူရူမှ လာသော စက်ဘီးကို ရှောင်ရင်း လမ်းတဘက်သို့ ဖြတ်ကူးသည်။ လမ်းကျဉ်းကလေးက ကားအသွားအလာနည်းသလို လူလည်း ပြတ်လှသည်။ အပြေးတပိုင်း လျှောက်နေရင်းက ထိုလမ်း၏ ညာဘက်ခြမ်းက ဖြတ်လမ်းသွယ် လေးထဲ ချိုးဝင်လိုက်၏။ လမ်းသွယ်လေးဆုံးလျှင် လမ်းမကြီးဆီ ရောက်ပြီ။

သို့သော် …
လမ်းသွယ်လေး၏ အလယ်တည့်တည့် လောက်ဆီမှာ ၀ါးကပ်များဖြင့် ကာရံ ပိတ်ပင်ထားလေသည်။ ထိုစဉ်က လုံခြုံရေးအရ လမ်းတွေကို ထိုကဲ့သို့ ပိတ်ထားလေ့ရှိသည်။ အဲဒါမှ ဒုက္ခ။ ၀ါးကပ်ကြားက တိုးပြီး သွား၍ ရလိုရငြား ကြိုးစားကြည့်ပေမဲ့ အချည်းနှီးပင်။ မည်သို့မှ မတတ်နိုင်သည့်အဆုံး နောက်ပြန် လှည့်ရလေတော့သည်။

လမ်းသွယ်လေးမဆုံးခင်မှာ အရိပ်တခု လမ်းထဲဝင်လာသည်ကို ဖျတ်ခနဲ မြင်လိုက်ရ၍ ချုံပုတ်လေးနားကပ်ကာ ခိုလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ ထိုအရိပ်က သူရှိရာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေ၏။

“လာစမ်း”
အမကြီး၏ ဒေါသသံ၊ ပြီးတော့ လက်ကောက်ဝတ်ကို အတင်းညှစ်၍ ဆောင့်ဆွဲပြီး ခေါ်သွားသည့်နောက် မရုန်းသာ မငြင်းသာဘဲ ယက်ကန်ယက်ကန် ပါသွားလေ တော့သည်။ အိမ်ရောက်တော့ အမေက တုတ်တချောင်းနှင့် အသင့်စောင့်နေ သည်။
“နင့်ကိုယ်နင် ဘာထင်နေလဲ … နှမ်းတလုံးနဲ့ ဆီမဖြစ်ဘူး ဟဲ့ …”
အိမ်နောက်ဖေး မန်ကျည်းပင်ကြီးအောက်မှာ အမေရိုက်သည့် တုတ်ချက်များကို မျက်ရည်မကျဘဲ ပေခံရင်း သူ့နှလုံးသားတွေ တဆစ်ဆစ် နာကျင်ခဲ့ရပါသည်။
***
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့သလို အခြေအနေတွေလဲ တစတစ ပြောင်းလဲ ခဲ့သည်။ အရာရာ ပုံမှန်ပြန်၍ လည်ပတ်နေကြပေမဲ့ ပုံမှန်ပြန်မဖြစ်သည့် ဘ၀တွေက တပုံတပင်။ သူ့ထံ ဖုန်းဆက်သွယ်သော သူငယ်ချင်းနှင့် ရဲထွတ်တို့ သတင်းလဲ အစအနပင်မရ။ သူတို့ ဘယ်ရောက်နေကြပါလိမ့် ကြုံတိုင်း လက်လှမ်းမီသလောက်တော့ စုံစမ်းနေမိဆဲ။ ရုပ်မြင်သံကြားသတင်းထဲမှာ အမိမြေကို ပြန်လည်ခိုလှုံလာသည့် သတင်းတွေ လာတိုင်း သူတို့ပါလာလိမ့်နိုး ရှာမိသေးသည်။

တရက်တော့ သူ့ဆရာတယောက်ထံမှ ဖုန်းလာသည်။
“သမီး … အားရင်အိမ်လာခဲ့အုံး”
ဆရာ့အိမ်က မြို့သစ်ရပ်ကွက် တခုမှာဖြစ်သည်။ သူရောက်သွားတော့ ဆရာက လူစိမ်းတယောက် နှင့် ရေနွေးကြမ်း သောက်ရင်း စကားပြောနေကြသည်။ ဆရာက သူနှင့်မိတ်ဆက်ပေးရင်း ခပ်တိုတိုပင် ပြော၏။

“သမီးသူငယ်ချင်း ရဲထွတ်အကြောင်း ပြောမလို့”
“ဟယ် … ရဲထွတ်နဲ့ တွေ့ခဲ့လား … သူအဆင်ပြေလား၊ ခု ဘယ်မှာလဲ … ပြန်လာပြီလားဟင်”

အားတက်သရော ဆက်တိုက်မေးသော သူ့ကို ထိုလူက တွေတွေကြည့် နေသည်။ ဘာမှမပြော။ ဆရာကပဲ …
“စိတ်မကောင်းတော့ မဖြစ်နဲ့ သမီး၊ ရဲထွတ် ဆုံးသွားပြီ”
“…………”
သူ မှင်သက်သွားသည်။ ထိုလူစိမ်း ဆက်ပြောနေသံတွေကို သူ မကြား၊ ဘာကိုမှလဲ မမြင်မိတော့။

ဘ၀တွေက ဘာလို့ မတည်မြဲကြတာလဲ …
ဘ၀တွေက ဘာလို့ အာမခံချက် မရှိကြတာလဲ …
တိုတောင်းလိုက်တဲ့ ဘ၀တွေရယ် … ။

ရိုးပြတ်တွေ ထိုးထိုးထောင်ထောင် ဖြစ်နေသော ပက်ကြားအက် လယ်ကွင်းကို ဖြတ်၍ လေပူတချက် ဝှေ့ကာတိုက်သည်။ ကောက်မော့လိုက်မိသော ရေနွေးကြမ်း ပူပူက လည်ချောင်းထဲသို့ ပူလောင်ခါးသက်စွာ စီးဆင်းသွား၏။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် … ကာလသုံးပါးဟာ ယုံကြည် မျှော်လင့်စရာလဲ မကောင်းပါလား။

“ဒါ … ရဲထွတ် ကျန်ခဲ့တာလေးပါ၊ သူအမြဲပြောတယ် ပိုင်ရှင်ကို ပြန်ပေးရဦးမယ် … တဲ့”

အပြာရောင်ဂျင်းကျောပိုးအိတ် ခပ်နွမ်းနွမ်းထဲမှ စက္ကူဖြင့် ပတ်ထားသော တစုံတခုကို ယူကာ သူ့ရှေ့မှာချသည်။ ပတ်ထားသည့် စက္ကူကို ဖြည်လိုက်တော့ …
“ဟင်”
အင်္ကျီလေးတထည် …
ဟုတ်သည်။ သူ၏ ဖျင်ကြမ်းအင်္ကျီကလေး …. …. …. ။
***
ထိုအချိန်မှစ၍ ဖျင်ကြမ်းအင်္ကျီလေးကို သူမ၀တ်ဖြစ်တော့။ ဒီအင်္ကျီလေးကို မြင်တိုင်း ဆင်းရဲဒုက္ခတွေကြားမှာ အသက်ပေးသွားကြသည့် လူမသိ သူမသိ ဘ၀တွေအတွက် ၀မ်းနည်းမိသည်။ နှမျောမိသည်။ ဘာမှမစွမ်းဆောင်နိုင်သော သူ့ဘ၀သူတော့ ရှက်ရွံ့မိပါသည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဖျင်အင်္ကျီလေးက အ၀တ် ဘီရို၏ တနေရာမှာ ငြိမ်သက်စွာ ရှိနေခဲ့သည်။ များမြောင်လှသော လူမှုကိစ္စတွေကြားမှာ ရုန်းကန် ရှင်သန်ရင်း ဖျင်အင်္ကျီလေးကို မေ့မေ့လျော့လျော့လဲရှိနေခဲ့သည်။ သွေးကြောင် လှသော သူက ဖျင်အင်္ကျီလေးကို ကြည့်ရမှာ စိတ်မလုံလဲ။ မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်၏ နေ့တနေ့မှာတော့ ဘီရိုထဲက ဒီအင်္ကျီလေးကို ပြန်ထုတ်၍ ၀တ်ခဲ့မိသည်။ ကျဆုံးသွားသော သူငယ်ချင်း၏ ၀ိညာဉ်တွေ ကပ်ငြိနေဆဲလား၊ သွေးတွေ ပူနွေးကာ သူစိတ်ဓာတ် တွေ တက်ကြွလာခဲ့၏။

ဒီနောက်မှာတော့ ဒိုင်ယာရီထဲ ကမ္ပည်းထိုးခဲ့ရသည့် မမေ့နိုင်သော စက်တင်ဘာ နေ့စွဲများ။ ခါးသီးသော နေ့ရက်များ။ ဆိုးရွားသော ဖြစ်စဉ်များ … ဆက်တိုက် ကြုံတွေ့ရပြီးနောက် အားလုံးကို ခွဲခွါရမည့် အချိန်သို့ရောက်လာခဲ့လေသည်။

အ၀တ်အစားအိတ်ပြင်တော့ အမေက လာကြည့်ရင်း
“ဟဲ့ ဒီအင်္ကျီအဟောင်းကြီး ယူသွားမလို့လား” ဟုမေးသည်။
“ဟောင်းပေမဲ့ ကောင်းပါသေးတယ် အမေ”
***
ဒီနိုင်ငံ၏ ရာသီက ဖျင်အင်္ကျီဖြင့် မခံသာ။ ခိုက်ခိုက်တုန်အောင် ချမ်းအေးသော ဆောင်းဥတု နေ့ရက်များ၊ ကြမ်းတမ်းစွာ တိုက်ခတ်သော ရေခဲတမျှ အေးစက်သည့် လေရိုင်းများ၊ စိုစွတ် ချမ်းအေးသော မိုးစက် မိုးပေါက်များ၏ ဒဏ်ကို ပြည်တွင်းဖြစ် ချည်ကြမ်း ဖျင်အင်္ကျီလေးဖြင့် ခုခံကာကွယ်နိုင်ပါ့မလား။

မည်သို့ပင်ဖြစ်စေ ရောက်ရှိနေသော ဒေသနှင့် လျော်ညီသည့် အနွေးထည် အထပ်ထပ်ကို ကျပ်တည်းစွာ ၀တ်ဆင်ရင်း ဖျင်အင်္ကျီကလေးအား ပြန်လည် ၀တ်ဆင်နိုင်မည့် နေ့ရက်များကို မျှော်လင့်နေမိ ပါတော့သည်။
***
မေဓာဝီ
၈၊ သြဂုတ်၊ ၂၀၀၉
၆း၄၅ နာရီ

12 comments:

ရွက်လွင့်ခြင်း said...

တကယ်ဖြစ်ခဲ့တာလား မမေဓါဝီ
ဖတ်ရင်းနဲ့ တောင် အတိက်ကို ပြန်သတိရစေတယ်
ဒီလိုနဲ့  ကြွေလွှင့် သွားတဲ့ အာဇာနည်တွေ အများကြီးပါပဲ

ကိုလူထွေး said...

စိတ်မကောင်းဘူး...

ဒီနေ့
ဒီအချိန်ရောက်တိုင်း
ဒီအကြောင်းတွေ ခေါင်းထဲပြန်ပြန်ပေါ်လာရတယ်...

ဒီမိုမရေစီမရမချင်း
ဒီလူတစုမပြုတ်မချင်း
ဒီလိုအဖြစ်တွေကို တို့တွေ ပြန်ပြန်ကြုံနေရဦးမှာပဲ...

ဒီတော့
ဒီလိုပဲ ဆက်နေမလား
ဒီကနေ ရုန်းထွက်မလား...

ကိုလူထွေးဆိုရင်လဲ အဲဒီအင်္ကျီလေးနဲ့ သူ့ရဲ့ ဆက်စပ်မှုတွေကို ပြန်ပြန်တွေးမိရင် အမြဲတမ်း ရင်နင့်နေမိမှာပဲ...

မေ့သမီး said...

အမရေ ဒီအကျီ င်္လေးကအာဇာနည်တယောက်ဝတ်ခဲ့တဲ့ အကျီ င်္လေးဆိုလည်းမမှားဘူးပေါ့နော်။ လေးစားပါတယ်။

Kay said...

မမေ.. တကယ့်အဖြစ်လား..၀တ္တုလားလို့..မမေးတော့ပါဘူး နော်..။

ရာဝဏ္ဍ said...

မမေဓါဝီ

ကျနော်စာတွေလာဖတ်သွားပါတယ်..အစစ အဆင်ပြေနိုင်ပါစေဗျာ...
sheffield က

အိမ်ချမ်း said...

မမေ......
ကွန့်မင့်ရေးတာ ၂ခါရှိပြီ။ မပေါ်တာလား မရတာလားမသိ။

အဟောင်းတွေ အသစ်ဖြစ်တယ်မမေရယ်... လို့ အစချီပြီး အရှည်ကြီးရေးထားတာ.. ပေါ်ဘူးရယ်

ရွှေဂျမ်း said...

အဲဒီလို မျိုးဆက်အလိုက် ပေးဆပ်ခဲ့ရတာတွေလည်း များလှပြီ။ ဒီပို့စ်ကို ဖတ်ပြီး မျက်ရည်တောင်ဝဲလာတယ်။ တကယ့်အဖြစ်အပျက်ပဲဖြစ်ဖြစ် ၀တ္ထုပဲဖြစ်ဖြစ် မျက်စိထဲမှာ မြင်ယောင်ကြည့်လို့ရပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ၀မ်းနည်းရပေမယ့် မမေ့သင့်စရာ မမေ့နိုင်စရာတွေကို ပြန်သတိပေးသလိုမို့ ရေးတဲ့ မမေကို ကျေးဇူးတင်ပါတယ်။

htike said...

အမ
ညီမက အမရဲ.စာဖတ်ပုရိတ်သတ်ပါ
စာဖတ်ပြီး ရင်နှင့်အမျှ ခံစားရလို.
အဲဒီတုန်းက ညီမအသက်က ၁၁ နှစ်ပဲရှိပါသေးတယ်
ဒါပေမယ်. အာဇာနည်အဖေကြောင့် လမ်းလျှောက် ဒို.အရေးအော်ခွင့်ရခဲ့တယ်
ညီမတို.ကျောင်းက ကျောင်းသူကျောင်းသားတွေ အများကြီးနဲ.အတူ
အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ခွင့်ရခဲ့တယ်
အုတ်တစ်ချပ်ချင်း သဲတစ်ပွင့်ချင်း ပေါင်းစည်းလို.
ကြီးမားခိုင်ခံ့တဲ့ အဆောက်အဦးကြီးတွေ ဖြစ်လာတာမို.
ဒီအုတ်တစ်ချပ်နဲ. ဘာမှဖြစ်သွားမှာမဟုတ်ပါဖူး
ဒီသဲတစ်ပွင့်နဲ.ဘာမှဖြစ်သွားမှာမဟုတ်ပါဖူး
ဆိုတဲ့ ပြောစကားတွေဟာ မမှန်ဖူးလို.
ညီမမြင်တယ် အမသူငယ်ချင်းနှင့်အတူ
၈၈က ကျဆုံးသွားသောအာဇာနည်များအား အလေးပြုလျက်

လင်းဒီပ said...

စိတ်မကောင်းစွာ ဖတ်သွားပါတယ်...။

ကိုကိုမောင်(ပန်းရနံ့) said...

အင်း အခုမှ ဖတ်ဖူးတာဆိုတော့လဲ အသစ်စက်စက်ပါဘဲလေ။ ခံစားမှုက အထွတ်အထိပ်ရယ်ပါ။ စိတ်မကောင်းဘူး။ အားလုံး ငြိမ်းချမ်းပြီး တွဲလက်တွေ ညီနေကြတာကိုဘဲ မြင်ချင်လှပါပြီ။ အော်.. ကံကြမ္မာတရားတွေက မညှာမတာပြုရက်အားလိုက်ပါဘိ။

Anonymous said...

တိုင်းပြည်နဲ့လူမျိုးအတွက်အသက်စွန့်သွားတဲ့
အာဇာနည်၊သူရဲကောင်းများကို
အသက်နဲ့ထပ်တူ..လေးစား၊ဂုဏ်ပြုလျှက်ပါ..
ကောင်းရာသုဂတိလားကြပါစေ...။

Anonymous said...

my teacher ... thanks for a very touching story ... would like to read many more, please ...