Friday, August 14, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၆)

ဒီတပတ် အပိုင်း (၆) မှာ တင်မယ့် သံဝေဂ ကဗျာခန်းမှာ စလေဦးပုညရဲ့ သံဝေဂတေးထပ်တွေကို ဖော်ပြပေးပါမယ်။ တေးထပ်တွေ မဖော်ပြခင် ကဗျာ့ဥပဒေ ခန်းမှာပါတဲ့ ကဗျာစာပေကို အဗ္ဘန္တရသရက်နဲ့ နှိုင်းယှဉ်ပြဆို ထားချက်ကို ဦးစွာ ဖော်ပြလိုက်ပါတယ်။
***
အဗ္ဘန္တရသရက်ပမာ စာပေကဗျာ

ဤသို့ ရုဠှီအနွတ္ထ၊ အမည်ထူးရကြောင်းကို၊ ပြခဲ့သည် အချက်ချက်၊ ထိုစီကုံးဘွဲ့ဆိုရိုး အဆက်ဆက်တို့သည်၊ အထက်ဆိုခဲ့ရင်း ကဗျာသာလျှင် အမွန်ပဘ၀ ဖြစ်ရလေကုန်သတည်း။

ဥပမာကား - သြဇဋ္ဌမက ရုပ်ကို အထူးဆောင်သဖြင့်၊ တထောင်ဂုမ္ဘန်၊ စောင့်ဝန်းရံသော၊ အဗ္ဘန္တရ သရက်ပင်မင်းသည်၊ အချင်းအ၀န်း၊ သွန်းသွန်းမြင့် လျက်၊ ဆင့်ဆင့်တက်သော ခက်မငါးသွယ်- ခက်ငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်လျက် စည်ပင်ကြီးမြင့်ရကား-အသီး, အပွင့်, ရွက်ရင့်, ရွက်နုနှင့်၊ ဝေေ၀ဆာဆာ၊ လူရှင်အပေါင်းတို့ သုံးဆောင်မှီခိုရန် ဖြစ်ပေါ်လာသကဲ့သို့ သံသရာ, ပစ္စုပ္ပန် နှစ်တန်သော ဂုဏ်ကျေးဇူးကို၊ အထူးဆောင်ရွက်သော အားဖြင့် များစွာသော ပုဒ်ဗျည်း အက္ခရာ၊ သဒ္ဒါအနက်တို့ဖြင့် ခြံရံသော၊ အဗ္ဘန္တရ သရက်ပင်မင်းအတူ၊ လေးဆူသော က၀ိပုဂ္ဂိုလ်တို့ ဘွဲ့ဆိုစီကုံးသော ကဗျာပင်မင်းသည်၊ ချင်းဝန်းမြင့်လျက်၊ ဆင့်ဆင့်တက်သော၊ ခက်မငါးဖြာ သဏ္ဌာန်၊ ဂန္ဓ, ဗန္ဓ, ဂါထာ, စုဏ္ဏိယ, ဂီတ-ဟူသား ဤငါးပါးလျှင်၊ ထွားထွား ကျိုင်းကျိုင်း၊ ကိုင်းကြီးခက်မထွက်၍၊ ခက်ငယ်အသွင်၊ အဆင်တန်ဆာ၊ အစဉ်လာသော၊ လင်္ကာမျိုးအပေါင်းတို့ဖြင့်၊ ကြီးမြင့်ရကား၊ အသီး, အပွင့်, ရွက်ရင့်, ရွက်နုတို့တပြေး၊-

ဧချင်း, ပျို့, ရတု, ရကန်, အဲ, အန်, လူးတား၊ ထူးခြား အံ့ဖွယ်၊ လွန်ဆန်းကြယ်သော၊ မယ်ဘွဲ့, မောင်ဘွဲ့, တောဘွဲ့, တောင်ဘွဲ့, ဘုန်းတော်ဘွဲ့နှင့် နန်းဘွဲ့, မှာတမ်း, တမ်းချင်း, လွမ်းချင်း, ကာချင်း, သာချင်း, ဒုံးချင်း, ဟန်ချင်း, ရဲတင်း, သံပေါက် အမျိုးမျိုး, မိုးတော, မယ်တော, မောင်တော, သပြေလား, ရေလား, ဘုရားတိုင်, သိကြားတိုင်, အခိုင်ပေါ်ထွန်း၊ မော်ကွန်း, သံပိုင်း, သမိုင်း, ကျောက်စာမျိုး အရပ်ရပ်၊ တေးထပ်, နှစ်ချိုး, သုံးချိုး, လေးချိုး, ပတ်ပျိုး, ဘွဲ့, ကြိုး, ယိုးဒယား, သီချင်းခံ, နတ်သံ, ဟောစာ, ဇာတ်အုပ်အစုစု၊ ၀တ္ထုပုံပြင်, ရာဇ၀င်, မဟာဝင်, အနာဂတ၀င်-

စသော ကဗျာပင်ကြီး၊ ထာဝရစဉ် သုံးဆောင်မှီးခို၍၊ မငြီးနိုင်အောင်၊ ကဗျာသီး, ကဗျာပွင့်၊ နုရင့်စွာလျက်၊ ခါမပျက်ပင်၊ ကဗျာရွက်, ကဗျာဖူး ဖြစ်ပွါး လေကုန်သတည်း။

ဤကား - “ဥပမာယ မိဓေ ကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ” မိလိန္ဒပဥှာနှင့်အညီ ဥပမာ, ဥပမေယျ၊ ထင်ရှားစွာ ပြခြင်းတည်း။

ဤ ဥပမာ ဥမေယျ၌ အဗ္ဘန္တရ သရက်သီးပင် ဖြစ်လင့်ကစား ဥတုဝိပရိတ် ဖြစ်သော အားဖြင့်၊ မထွားမကြီး၊ လေသီးအတီ၊ ရာသီချိန်နုံ့၊ ပိန်ရှုံ့စေ့ညှပ်၊ ပွန်းပြတ်ဒဏ်ထိ၊ ညှာရိပုပ်နာ၊ အခါမမြင့်၊ မရင့်မအောင်၊ နေလောင်မှည့်ဝင်း၊ တွင်းကျင်းလှောင်အုပ်၊ လေမှုတ်စိမ်းကြွေ၊ မြွေကိုက်, ငှက်ပေါက်၊ လောက်ကိုက် ပိုးစား၊ သို့ စသော အသီးများကို သုံးစားမိက၊ သာဝဇ္ဇပင် ဖြစ်ရဦးမည်။

မဖြစ်သည်တိုင်၊ ဂုဏ်ရည်တိုးအောင်၊ ကျိုးမဆောင်ဖြစ်၍၊ ခေါင်ခေါင်လောဘ၊ ပြောကြသဖြင့်၊ သုံးစားခြင်း မပြုသင့်သကဲ့သို့၎င်း။

ဥတုမြေရေ၊ လေနှင့်နေနှင့်၊ အခွင့်ညီညွတ်၊ ပြစ်ကင်းလွတ်သော၊ မွတ်မွတ် ထွားထွား၊ ဆင်းနံ့အားဖြင့်၊ စား၍သီးသီး၊ သုံးမငြီးသား၊ လုံးကြီးရွှေဝါ၊ ရသာနှစ်ပြည့်၊ ပင်ပေါ်မှည့်များကိုသာ မည်သည်နေ့ရက်၊ မပျက်စိမ့်ငှာ၊ သုံးဆောင်ရာ သကဲ့သို့၎င်း။

သဒ္ဒါပျက် အနက်ဆိုး၊ မိုးမအောင်-လေမအောင်၊ နေလောင်သိုးအိုက်၊ ဖိုးမထိုက်သော၊ ပိုးကိုက်လောက်စား၊ သစ်သီးများကဲ့သို့ -

“ကတ္တားကတ္တီ၊ ကမ္မီကမ္မ၊ ကရဏဟိတ်ဖိုလ်၊ လောင်းဆိုစုဒ်ထုတ်၊ ပဒုဒ္ဓါရ၊ ပဒပဝေ၊ မခြေမမြစ်၊ အနှစ်မထင်၊ အလင်္ကာရ၊ ၀ိဘာဂဖြင့်၊ ပဒ၀ါကျ၊ ၀ါကျတ္ထ၌၊ ဒေါသအပြစ်၊ ရှစ်နှင့်ကိုးခု၊ ခြောက်ထွေစုသား”။

ဟူသည်နှင့်အညီ၊ ဒုဝုတ္တဒုဗ္ဘာသီ၊ ဂုဏ်ဆီနှစ်မဲ့၊ စပ်ဆိုဘွဲ့သော၊ ထိုကဲ့သို့ ကဗျာများကို တ၀ါးလေးသစ်မျှ၊ ရေးခြစ်တန့်နား၊ မိမိလည်းမပြန့်ပွါးစေဘဲ၊ တပါးနှစ်မဲ့၊ ရေးခြစ်ခဲ့သည်ကိုလည်း၊ ပြစ်မတဲ့ပင်၊ ထင်မိစေကာ၊ အစဉ်လာသော၊ ပညာရှိတို့၊ မနှစ်မျို့က၊ မပျို့နှလုံး၊ မထုံးမနှောင်၊ အနည်းငယ်မျှ မသုံးဆောင်မိစေဘဲ၊ ရင့်အောင်ဝင်းဖန့်၊ ဆင်းနံ့စုံစီ၊ ဂုဏ်ဆီနှစ်ပြည့်၊ ပင်ပေါ်မှည့်ကဲ့သို့သော၊ နှိုင်းရှည့်အရာရာ၊ သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရနှင့် ပြည့်စုံ၍၊ ဂုဏ်သိဒ္ဓိပြီး၊ ကဗျာသီးများကိုသာ၊ မငြီးမငွေ့၊ တမြေ့မြေ့ပင်၊ လွေ့လွေ့ရမ်းရမ်း၊ ဖိတ်ဖိတ်လျှမ်းမျှ၊ စိတ်ဝမ်းထဲသို့၊ မှီဝဲသုံးဆောင်နိုင်ကြပါစေ ဟူလိုသတည်း။
***
စလေဆရာကြီး ဦးပုညဆို - သံဝေဂတေးထပ်

(၁)
အဇ္ဇေ၀ သုဝေး၀၊ ခုတွေးဆပြန်လှန်။ ယနေ့လား နက်ဖြန်၊ ရက်မှန်မှန် မသိ။ အနိစ္စလက္ခဏာ၊ သန်ဘက်ခါ ဆုံးစမရှိ။ ။ လူ့အသက်ပုံပမာ၊ ပဒုမ္မာနေထိ။ ကုန်မကွာ ကြွေရိလို့၊ ဇာတိပ သန္ဓေ။ ၀ဋ်ဒုက္ခာ သံသာဝဲ၊ တနဲစီ ဖြစ်ပျက်သာပွေ။ ။ နောင်ရိက္ခာ ပါလေအောင်၊ အဋ္ဌင်္ဂေ သီလနှင့်။ တလ လေးရက်ဝယ်၊ မြဲပါတော့မယ်။ ကျန်နှစ်ဆယ့် ခြောက်ရက်ဝယ်၊ ငါးပါးကွယ် သီလနှင့်လေး။

(၂)
နေ့မြင်လို့ ညပျောက်၊ ကြောက်စရာ့ ရုပ်ကောင်။ ဤကာယ ပုပ်ဟောင်ကို၊ မဟုတ်အောင် ကြံဘူး။ မမွေ့လို့ ယနေ့ခွါမယ်၊ ပြည်ဇေယျာကမ်းသို့ ရည်စူး။ ။ သည်ဝဋ်က ကိုယ်လွတ်ရှောင်မယ်၊ ထေရ်ထွဋ်ခေါင် ထံဦး။ ဓမ္မချောင် တောင်ထူး၊ နောင်ကူးလိမ့်ပြောင်ပြောင်။ လေးတရာ ရွှေဆီမွှေးငယ်နှင့်၊ ခင်ခင်လေး ထုံးနေကြသျှောင်။ ။ မုန်းပါပေါ့ မဖုန်းခေါင်ငယ်၊ ကျော့သုံးတောင် သင်ရိတ်လို့၊ ရွှေစိတ်က အနုမြူ၊ စိုးမရွံ့သူ၊ ကြင်မမွေ့လို့ ခင်လေ့လူကို၊ သာဓုမူ ခေါ်ရစ်လို့လေး။

(၃)
ဗဟန်းချောင် ရိပ်သိင်္ဂ၊ နိဗ္ဗိန္ဒပွါးယူ။ ဆိတ်ငြိမ်စွ မှားမကူအောင်၊ တရားယူ ကျင့်သုံး။ ကိလေသ ယုတ်ဓမ္မေကို၊ သမုစ္ဆေ ကင်းဖြတ်အထုံး။ ။ စက်သြဃ ၀ဋ်နှောင်ဟာကို၊ လွတ်အောင်သာ ခွါရုန်း။ အရိယာကျင့်ထုံးဖြင့်၊ ဆင့်ဆင့်သုံး ဘာဝနာ။ ကသိုဏ်းဈာန် ဆင်မြန်း၊ တင်ကမ္မဋ္ဌာန်း ပွါးချင်တော့သာ။ ။ မရှုလစ်-လူ့ဖြစ်ဟာကို၊ ဥပေက္ခာ ပယ်ကန့်လို့။ နယ်အပြန့် ပြည်သီဝံ၊ မြန်းဖို့ စိတ်ညွှန်။ အ၀ိဇ္ဇာ့ တဏှာဝန်ကို၊ မဟာမွန် ပယ်ကြောင်းကွဲ့လေး။

(၄)
မုလေးရုံ တောမှာ၊ ဒေါနလမ်း မြေညီ။ လျှောကျစမ်းရေသင်းချီတယ်၊ ရွှေနှင်းဆီကန်ချောင်း။ လွမ်းမတတ် စကားဝါဂူမှာ၊ နံ့သာဖြူ လေးမောင့် စံကျောင်း။ ။ စပယ်ချပ် သရဖီချောင်မှာ၊ ခွါညိုတောင် ခိုအောင်း။ မွှေးနံ့သာ စုပေါင်း၊ နုညောင်စောင်းထက်မှာ။ ပဒုမ္မာကြာသင်္ကန်း၊ ခါဆင်မြန်း တော်မွေ့ပျော်ရာ။ ။ ပန်းသော်က တံတိုင်းကာတယ်၊ ဇီဇ၀ါမုတ်ခြားလို့၊ တံခါးက ချယားကြိုင်၊ သင်းတဲ့ ဂနိုင်။ ယုဇန မဟာမြိုင်မှာ၊ ကမ္ဘာတိုင် မှီးမယ်ပလေး။

(၅)
ဝတ်ကြောင်ကို လွတ်အောင်ရုန်းပါလို့၊ ထွတ်ခေါင်ဘုန်းစံရာ။ မမွေ့လို့ ယနေ့ခွါမယ်၊ မမေ့ပါတရား။ သင်္ခါရဖြစ်ပျက်ပုံကို၊ နှစ်သက်ပုံ ဝေးတဲ့စိတ်ထား။ ။ တောင်ထူးတဲ့ ချောင်ဦးသာမှာ၊ နောင်ကူးရာမမှား။ ဗြဟ္မစိုရ် ပိုပွါးလို့၊ ကိုယ်တရားကျင့်ညီ။ ဖန်လျှော်တေ ၀တ်လဲနှင့်၊ ကျွတ်ပွဲကို လှမ်းမဲ့ဝသီ။ ။ မောင်ဆင်သ-တဲ့ လှနှင်းဆီငယ်၊ စိတ်တူညီ မယ်လွှတ်ပ။ နောင်ကျွတ်ဖို့ တကိုယ်ရေ၊ မြန်းမယ်ပ-လေ။ ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းခြွေမယ်၊ စက်ခန်းရဝေ စံရစ်ရှာတော့လေး။

(၆)
ဘော်မမှီ ဇော်ဂီလေ့၊ မျှော်ရည်၍ သိက္ခာ။ တော်ကြည်မွေ့ရိပ်သာမှာ၊ အ၀ိဇ္ဇာ မသန်း။ လိုဏ်နန္ဒ ချောင်ကေငူဝယ်၊ တောင်ဝေပူ ဆိတ်ငြိမ်တဲ့လမ်း။ ။ ပုတီးနှင့် အငြီးဖြေမယ်၊ သစ်သီးချွေဆွတ်လှမ်း။ နည်းထွေထွေ ၀ဋ်ခန်းက၊ ကျွတ်တန်းကို ရည်ရွယ်။ မှန်မသွေ ဆံခွေရစ်ပါလို့၊ ဖန်ရေသစ် လဲပါတော့မယ်။ ။ နောင်ကူးဖို့ သောင်ထူးကို ရွယ်တယ်၊ ဖောင်မှူးမယ် ဉာဏ်ဇောနှင့်၊ မှန်နှောတဲ့ သံယောဇဉ်၊ သောကမယှဉ်။ မက်လောဘ မမွေ့ချင်တယ်၊ ယနေ့ပင် မြန်းမယ်ပလေး။
***
ဒီတပတ်တော့ ဒီလောက်ပါပဲ။ ရှေ့တပတ်မှာ ကဗျာ့ဥပဒေသခန်းက “ဒေါသ” အကြောင်းတွေနဲ့ သံဝေဂကဗျာခန်းက အချုပ်တန်းဆရာဖေရဲ့ သံဝေဂ တေးထပ်များကို ဆက်လက်တင်ပေးပါမယ်ရှင်။
***
မေဓာဝီ
၁၄၊ သြဂုတ်၊ ၂၀၀၉
၁၃း၂၈ နာရီ

9 comments:

ကိုလူထွေး said...

ဒီသံဝေဂတေးထပ်ကိုဖတ်ပြီး ဥပုသ်စောင့်ဖြစ်သွားတာ မဟုတ်လား...

နောင်ရိတ်ခါပါရအောင်ဆိုပြီးတော့လေ...

းဝ)

Kogyi Paw said...

ရတနာပုံခေတ်က ရေးခဲ့တဲ့ နိဗ္ဗိန္ဒ, သံဝေဂ ကဗျာတွေထဲမှာ ဟောဒီ ဒွေးချိုးလေးကို အကြိုက်ဆုံးပဲ။

တောခိုချင် စိတ်ရယ်နှင့်
သပိတ်ကို လွယ်
သားရေနွယ်ကွဲ့ ရှာတုန်း။
ချောင်အနီးမှာလ
မောင်ကြီး တစ္ဆေကိုက်မယ်ကွယ်
မင်းလိုက်ခဲ့အုံး။

(ဦးပုည ရေးတာလို့ အမှတ်အသား ပြုကြပါတယ်။)

Ko Paw said...

ဒီနေရာလေးတွေမှာ ကျနော်တို့ သင်ခဲ့ရတာနဲ့ မူကွဲနေတယ်နော်။

မုလေးရုံ တောမှာ၊ ဒေါနလမ်း မြေညီ။ လျှောကျစမ်းရေသင်းချီတယ်၊ ရွှေနှင်းဆီကန်ချောင်း။

ကျနော်တို့ သင်ခဲ့ရတာက “မုလေးရုံတောအစ၊ ဒေါနလမ်းမြေညီ” တဲ့။ ကာရန်ယူပုံက ပိုချောမွေ့တယ်။

မွှေးနံ့သာ စုပေါင်း၊ နုညောင်စောင်းထက်မှာ။ ပဒုမ္မာကြာသင်္ကန်း၊ ခါဆင်မြန်း တော်မွေ့ပျော်ရာ။ ။ ... ဆိုတဲ့ နေရာမှာ... မွှေးနံ့သာစုပေါင်းလို့၊ နုညောင်စောင်းထက်မှာ၊ ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊ ခါဆင်မြန်းတောမွေ့ပျော်ရာ... လို့သင်ခဲ့ရတယ်။

pandora said...

တေးထပ်ကို ကြိုက်သူအဖို့က ကျေးဇူးတင်ပြီးရင် တင်နေရတော့တာပဲ။
အချုပ်တန်းဆရာဖေရဲ့ ကဗျာတွေကိုလည်း စောင့်နေမယ်။

Maydarwii said...

ဟုတ်တယ် ကိုလူထွေးရေ ... ကလိယုဂ်တင်ပြီးတော့ သံဝေဂဖြစ်လို့ သံဝေဂအပိုင်း ဆက်တင်လိုက်တာ။ သံဝေဂရတာနဲ့ပဲ ၀တ်ကြောင်ကို စွန့်ရင် ကောင်းမလား စဉ်းစားနေမိသေးတယ်။ :)

ကိုကြီးပေါ် ပြောတဲ့ ဒွေးချိုးကလေးတော့ ဒီစာအုပ်ထဲ မပါဘူး။ အဲဒါလေး အရင်ကဖတ်ဖူးတယ်။ ပြောပြပေးတာ ကျေးဇူးပါရှင်။

ကိုပေါရေ .. ကိုပေါ ပြောသလိုပဲ ကျမလဲ ဒီတေးထပ်ရိုက်နေရင်း သတိထားမိပါတယ်။ ကျမဖတ်ခဲ့ဖူး သင်ခဲ့ဖူးတာလဲ မုလေးရုံတောအစ .. ပဲ။ မူကွဲတာလားတော့ မသိဘူး။ အခုဟာက စာအုပ်ထဲပါတဲ့အတိုင်း ရိုက်လိုက်တာပါ။

ပန်ရေ ... ရှေ့တပတ် တင်မယ် ... မျှော် ... ။

အားလုံးပဲ လာရောက် ဖတ်ရှုကြတာ ကျေးဇူးတင်ပါတယ်။

Harry said...

‎"မုလေးရုံတောစ" က အမှန်ပါ မမေရေ ...
မုလေးရုံတောမှာ ဆိုရင် တေးထပ်ရဲ့ ပဓနကာရန် ၉-ချက် ရဲ့ ပထမဆုံးကာရန် ပျက်သွားပါလိမ့်မယ်။
ကျနော့်မှာ ရှိတဲ့ မူကွဲ ၂မျိုးလုံးမှာလည်း "မုလေးရုံတောစ" လို့ပဲ ပါပါတယ်။ ဖတ်ရအောင် တခါတည်း ထည့်ပေးလိုက်ပါတယ်။

ရုက္ခမူ‎ (လေးမောင့်စံကျောင်း)‎
မုလေးရုံတောစ၊
ဒေါနလမ်း မြေညီ၊
လျှောကျစမ်း ရေခင်းကြည်ဝယ် (ရေသင်းကြည်တယ်)၊‎
ရွှေနှင်းဆီကန်ချောင်း(ကျောင်း)၊‎
လွမ်းမတတ် စကားဝါဂူ(ငူ)မှာ၊
နံ့သာဖြူလေးမောင့်စံကျောင်း။

စပယ်ချပ် သရဖီချောင်(မှာ)၊
ခွာညိုတောင် ခိုအောင်း၊
ရွှေသဇင် စုပေါင်းတဲ့ ‎(မွှေးနံ့သာစုပေါင်းလို့)၊
နုညောင်စောင်းထက်မှာ၊
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊
ခါဆင်မြန်း တောမွေ့ပျော်(ပျော်မွေ့)ရာ။

‎ပန်းသော်က တံတိုင်း(တန်တိုင်း)ကာသည်၊
ဇီဇဝါ မုခ်(မုတ်)ခြားလို့၊
တံခါးက ခရား(ချရား)ကြိုင်၊
သင်းတဲ့ ဂနိုင်၊
‎ယုဇန မဟာမြိုင်မှာ၊‎

တဝါပိုင် ကြိုးချင်ပေါ့လေး။ ‎
ကပ္ပါ (ကမ္ဘာ)တိုင်မှီးမယ်ပလေး။‎ (မူကွဲ)‎

ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်တဲ့ "ဦးပုည လက်ရွေးစင်စာများ" က မူကို မူရင်းတေးထပ်အနေဖြင့် ရေးထားပါတယ်။
‎() အတွင်းက စာသားတွေက ဦးတင်ထွေးရဲ့ "ဦးပုည၏ စာပန်းကုံးများ" (ဒုတိယတွဲ) က စာသားတွေပါ။

Anonymous said...

မမမေ
လေးမောင့်စံကျောင်းကို ကျနော်ကူးယူလိုက်သည်။
အေးချမ်းပါစေလို့ဆုတောင်းထားခဲ့သည်။

ရနံ့စံအိမ် said...

ဒီဆိုက်က ရှေးကဗျာလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးအထူးတင်မိတယ်၊
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။
ကူးယူခွင့်လည်း ပြုပါဦးနော်

mg lwin said...

အ၇မ်းကိုကောင်းတဲ့ ရသကဗျာ တေးထပ်တွေပါဗျာ အ၇မ်းကိုကြိုက်ပါတယ်