Wednesday, August 26, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၇)

ဒီတပတ် အပိုင်း (၇) မှာ အချုပ်တန်းဆရာဖေ ရေးဖွဲ့သီကုံးတဲ့ သံဝေဂတေးထပ်များကို ဆက်လက်ဖော်ပြပါမယ်။ တေးထပ်များကို မဖော်ပြခင် ကဗျာ့ဥပဒေခန်းမှာပါတဲ့ အလင်္ကာဒေါသ ၃-မျိုး အကျဉ်းကို ဦးစွာ ဖော်ပြလိုက်ပါတယ်။
***
အလင်္ကာဒေါသ ၃-မျိုး အကျဉ်း

အဗ္ဘန္တရသရက် ဥပမာတင်ပြချက်နှင့်အညီ အထက်စီစဉ်ခဲ့ရင်း က၀ိလက္ခဏာ မာတိကာတို့တွင် -
ပဒ, ၀ါကျ၊ ၀ါကျတ္ထ၌၊ ဒေါသပြစ်ရောက်၊ ရှစ်, ကိုး, ခြောက်များကို၊ ကြောက်ရွံ့ ရှောင်ဖယ်ကြရမည် ဟူသည်ကား -

၁။ ပဒဒေါသ ၈-ပါး
(က) ၀ိရုဒ္ဓတ္ထန္တရဒေါသ
(ခ) အဓျတ္ထဒေါသ
(ဂ) ကိလိဋ္ဌဒေါသ
(ဃ) ၀ိရောဓိဒေါသ
(င) နေယျဒေါသ
(စ) ၀ိသေသနာပေက္ခဒေါသ
(ဆ) ဟီနတ္ထကဒေါသ
(ဇ) အနတ္ထကဒေါသ
ဟူ၍ ပဒဒေါသ ရှစ်ပါးတည်း။

၂။ ၀ါကျဒေါသ ၉-ပါး
(က) ဧကတ္ထဒေါသ
(ခ) ဘဂ္ဂရီတိကဒေါသ
(ဂ) ဗျာကိဏ္ဏဒေါသ
(ဃ) ဂါမ္မဒေါသ
(င) ယတိဟီနဒေါသ
(စ) ကမစ္စုတဒေါသ
(ဆ) အတိဝုတ္တဒေါသ
(ဇ) အပေတတ္ထဒေါသ
(ဈ) သဗန္ဓဗရုသဒေါသ
ဟူ၍ ၀ါကျဒေါသ ကိုးပါးတည်း။

၃။ ၀ါကျတ္ထဒေါသ ၆-ပါး
(က) အပက္ကမဒေါသ
(ခ) သြစိတြဟီနဒေါသ
(ဂ) ဘဂ္ဂရီတိဒေါသ
(ဃ) သ-သံသယဒေါသ
(င) ဂါမ္မဒေါသ
(စ) ဒုဋ္ဌာလင်္ကတိဒေါသ
ဟူ၍ ၀ါကျတ္ထဒေါသ ခြောက်ပါးတည်း။

(ဒေါသတခုချင်းစီအတွက် ရှင်းလင်းထားချက်ကိုတော့ ရှေ့တပတ်မှ ဆက်လက် ဖော်ပြပါမယ်။)
***
အချုပ်တန်းဆရာဖေဆို သံဝေဂတေးထပ်

(၁)
ထုံးရွှေရောင် နှောင်မကြော့ချင်ဘူ့း၊ တောင်တမော့ ဗွေစွန်။ မျှောင်ကတော့ ဟေ၀န်မှာ၊ မြေသလွန် စက်ကိန်း။ ကျင့်ခြိုးခြံ ဖြေဖျော်တယ်၊ နေရာတော် တောသစ်ရွက်စိမ်း။ ။ ပင်စကားဝါ့ ရိပ်သာမှာ၊ အ၀ိဇ္ဇာဖျောက်သိမ်း။ တသိက္ခာ စောင့်ထိန်းလို့၊ တယောက်ငြိမ်းကြံစည်။ ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်ပါတော့မည်။ ။ ဆွတ်လှမ်းလို့ ကျွတ်တမ်းကိုရည်တယ်။ ၀တ်ပန်းထည် ဆင်သစ်နှင့်။ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်။ မေတ္တာသွန်းတဲ့ ငယ်ကျွန်းဖော်ငယ်၊ အလွန်းတော် ပြေရစ်ရှာတော့လေး။

(၂)
လောကဓံ ပြည်ဓလေ့ကို၊ သည်ယနေ့သိမ်းမည်။ ကြည်မမွေ့ကိန်းနယ်ကို၊ ငြိမ်းလွယ်အောင် ကြံပေါ့။ သူတော်မြတ် ခန္တီဝါလို၊ စံမှီရာ ယွန်းစို့ အသော့။ ။ သင်္ခါရဖြစ်ပျက် မှောင်ကို၊ နှစ်သက်ပေါင် တန်တော့။ သစ်နက်ရောင် ဖန်ဝါပျော့နှင့်၊ ကန္တာကြော့ ရိပ်လယ်။ ခင်လေးမောင် စေနာထူးပါလို့၊ ခေမာကူး ကြည်လိုက်ပါတော့မယ်။ ။ သိုဝှက်လို့ ကိုယ်တွက်ရွယ်တယ်၊ ဖိုလ်မဂ်ကွယ် ရည်စူးလို့။ ကြည်နူးတဲ့ ဘာဝနာ၊ ပွါးချင်တော့သာ။ ၀ဋ်ကိန်းက လွတ်ငြိမ်းခွါတယ်၊ ဒွတ္တိံသာ မြဲချင်ပေါ့လေး။

(၃)
နန်းသပြေပင်ညွန့်နှင့်၊ စမ်းရေကွန့်ရိပ်ပြန်။ ပန်းဟေ၀န့် ဗိမာန်၊ အဓိဋ္ဌာန် တင်မြန်း။ ပင်လုံးကျွတ် ပွင့်ဝေဖြာတယ်၊ ဧကစာသုံးတဲ့ သင်္ခမ်း။ ။ မြတ်နွယ်ညွန့် တည်မရာမှာ၊ လှည့်လက်ျာ ခွေမြန်း။ စည့်မျက်နှာ မြေကြငှန်း ငယ်သို့၊ ချွေမြန်းလို့ စိတ်သာ။ တင်စလွယ် ဆင်ခြယ်သ၊ အဋ္ဌင်္ဂ သုံးဆောက်တည်ကာ။ ။ တကိုယ်မွေ့ ဆိတ်ငြိမ်ရာဝယ်၊ နိဗ္ဗိန္ဒာ ကြည်ဇောနှင့်။ သည်တောမြိုင်ဝေပူ၊ ပန်းစုံကကြူ။ ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ၊ ရုက္ခမူ ပျော်ဆုံးပလေး။

(၄)
နှစ်ကိုယ်တူ ကြံရာကျအောင်၊ ကန္တာရ လှမ်းမယ်။ ဖလ်ကြာကြွ နန်းလယ်မှာ၊ စံမြန်းတယ် မမွေ့။ မူခြားလို့ ဂူအားကို ရှာမယ်၊ လူပါးရာ မြန်းစို့ တမေ့။ ။ သံသာရ ရဟတ်နယ်ကို၊ ပြတ်ချင်တယ် ယနေ့။ မေပါလျှင် ချွေတာလို့ ရွေ့နိုင်ရဲ့၊ သေလာကွေ့ မြိုင်လယ်။ နိဗ္ဗူကို စိတ်တူကြွရအောင် ဘိက္ခူမ လုပ်ပါတော့ကွယ်။ ။ ပုတီးနှင့် ခရီးလယ်မှာ၊ ပြီးစလွယ် ဟန်သိမ်းလို့။ ဖန်ပိန်းကြော့ နံ့သာနီလွင်၊ လဲစို့ ခင်ခင်။ ခိုင်တကြော့ နဂိုရ်ယဉ်ငယ်၊ မငြိုငြင် စမ်းပါနှင့်လေး။

(၅)
နှစ်ကိုယ်တူ ဆံချလို့၊ ကြံကြစို့ သက်လယ်။ သံသာရစက်နယ်ကို၊ ထွက်လွယ်အောင် ရည်စူး။ ချစ်တဲ့ဘေ စိတ်တူညီလျှင်၊ ဘိက္ခူနီ လုပ်ခဲ့ ကျော့မှူး။ ။ ဘ၀တိုင်း တသာကီရယ်၊ ပါရမီဆုထူး။ ညာမဒီ ချစ်ဦးနှင့်၊ ကျူးရင့်ကာ နှစ်ကိုယ်။ နိဗ္ဗာန်တိုင် စိတ်သန်မှု၊ ဓိဋ္ဌာန်ပြု တောင်းဆုပန်ဆို။ ။ သမ္ဘူလနုပျိုလို၊ ကုသိုလ်တော်တရားနှင့်။ လင်သားဝတ် ဤငါးဖြာ၊ မြဲပမကွာ။ ဖေချစ်တဲ့ ခင်ကညာရယ်၊ ရည၀ါ ခိုအောင်းစို့လေး။

(၆)
သလွန်တော် ဂမုန်းပွင့်မှာ၊ ကုံးဆင့်ဆင့် ပြုကာ။ အုံးစွင့်စွင့်နုစွာဝယ်၊ ယုဇနာ ရှိန်ကြွေ့။ ရွှေညဥ့်ရုံ လွန်ဆန်းပွေတယ်၊ ဇွန်ပန်းငွေ ဖြန်းရွေ့သိမ်မွေ့။ ။ အိပ်ရာတော် သတ်မွှေးထုံတယ်၊ နတ်သွေးလှုံဓလေ့။ မြတ်လေးငုံ အပြေ့နှင့်၊ ပြကတေ့မူရာ။ ခြင်ရံတော် တကယ်ဆန်းငယ်က၊ စပယ်ပန်း လှပ်လှပ်သာဖြာ။ ။ သဇင်ပန်း မုတ်သီဟာမှာ၊ ဇီဇ၀ါ တန်တိုင်းနှင့်။ ကသိုဏ်းကျ ဂန္ဓမာ တောင်ရံ၊ နှင်းရီမြကန်။ ။ ကျောက်စိမ်းမြ ဒီဃာရံကို၊ ညီလာခံ ကွန့်မယ်ပလေး။
***
အချုပ်တန်းဆရာဖေရဲ့ သံဝေဂ တေးထပ်တချို့ထဲမှာ တောထွက်တာတောင် အဖော်လေးနဲ့မှတဲ့။ အင်းလေ … ဒါကြောင့်လည်း သူတော်ကောင်း သူမြတ်လောင်းတွေအတွက် ပါရမီဖြည့်ဘက်က အရေးကြီးပေတာကိုး။ နိဗ္ဗာန်ကို တယောက်ထဲ သွားရမှာ ပျင်းတဲ့ အတောင်နှစ်ဆယ်ဝတ်တွေ ဆရာဖေ့ တေးထပ်လေးတွေ ဖတ်ပြီး ကျေနပ်နှစ်သက်ကြမယ် ထင်ပါရဲ့။
***

မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၀၉
၉း၅၃ နာရီ

5 comments:

ရွက်လွင့်ခြင်း said...

မှတ်သားရပါတယ်
ဒီလို ရှာကြံတင်ပြပေးတာ ကျေးဇူးတင်ပါတယ်

ကိုအောင်(ပျူနိုင်ငံ) said...

နိဗ္ဗာန်ကို တစ်ယောက်တည်းသွားရမှာ ပျင်းနေတဲ့ လူများ
ရှိရင် ပြောပါဗျာ၊ နေပြည်တော်က ချုပ်ချုပ်ကို ခေါ်သွား
ပါလို့ ...း)

ကိုလူထွေး said...

ကြင်နာသူရေ မေမပါရင် နိဗ္ဗာန်တောင်
ကိုယ်လေတကိုယ်ရေ မရောက်ချင်ပါ...
ကြင်နာသူသာ ပါမယ်ဆို
နွေကန္တာပေတရာမှာ
ကိုယ်ကိုယ်တိုင် ထမ်းပြီးလျှောက်မယ်...

(ဗဒင်)

ကြည့်ရတာ ဗဒင်က ဒီတေးထပ်ကိုဖတ်ပြီး စိတ်ကူးရသွားတာ ဖြစ်မယ်...

းဝ)

Craton said...

လုပ်ပြီ ကိုအောင်က.. :DDD

အန်တီဝီ၀ီရေ.. ဟိဟိ ထိလိုက်တဲ့အသုံးတွေ ဘာတဲ့ "သံသာရ ရဟတ်နယ်ကို၊ ပြတ်ချင်တယ်၏ယနေ့။ မေပါလျှင်ချွေတာလို့ ရွေ့နိုင်ရဲ့၊ သေလာကွေ့မြိုင်လယ်။ နိဗ္ဗူကို စိတ်တူကြွရအောင် ဘိက္ခူမ လုပ်ပါတော့ကွယ်။ ပုတီးနှင့်ခရီးလယ်မှာ၊ ပြီးစလွယ် ဟန်သိမ်းလို့။ ဖန်ပိန်းကြော့ နံ့သာနီလွင်၊ လဲစို့ခင်ခင်"

ဟဟ.. အဲ့အကြောင်းနဲ့ အောက်ဆုံးပိုဒ်က စာသားတွေအတော်ဂွတ်တယ်။ တချို့တော့ သိပ်နားမလည်ချင်ဘူး။ လည်တဲ့ဟာလည်းလည်တယ်။ ကျောင်းမှာ မြန်မာစာသင်သလို စကားပြေလေးဖြစ်ဖြစ် ၊ ခက်ဆစ်လေးဖြစ်ဖြစ်ပေးရင် အတော်ကောင်းမှာ..း)

မြစ်ကျိုးအင်း said...

တေးထပ်ကဖတ်ကောင်းတယ် တချို့စာလုံးတွေကိုတော့ ဘာသာပြန်ရတာခက်တယ်။
လူဆိုတာအဖော်အပေါင်းမက်ပုံများ တောထွက်တာ တောင် အဖော်ပါမှဆိုတဲ့ အောက်ဆုံးစာပိုဒ်လေး တွေ့ ရတာ သဘောကျမိတယ်။