Saturday, August 15, 2009

အမြဲလန်းဆန်းသည့် ပန်းမြတ်သပြေညို ...

ငယ်စဉ်တောင်ကျေး အကလေးအရွယ် စာမဖတ်တတ်ခင်ကတည်းက … ဆွမ်းအုပ်နီနီ … ၀ါဆိုဝါခေါင် … မောင်လေးရေ ထပါတော့ … အစရှိသည့် … အသံသာသာ တေးကဗျာလေးတွေနှင့် ရင်းနှီးခဲ့ရသည်။ အမေဆိုပြသည့် အဆိုပါ ကဗျာချိုချိုလေးတွေကို နားထောင်ရင်း မှေးစက်ခဲ့ရသည့် ညပေါင်းများစွာ။ ဒီ့နောက်မှာတော့ ကိုယ်တိုင် သီဆိုနိုင်သည်ထိ အလွတ်ရခဲ့ပြီ။ လူကြီးတွေက ဆိုပြခိုင်းလျှင် မမောတမ်း ဆိုပြခဲ့ရသေးသည်။ ဆိုသာ ဆိုနေမိသည်၊ ထိုကဗျာလေးများ၏ ဖန်တီးသူက မည်သူမည်ဝါ ဆိုသည်ကိုပင် မသိတတ်သေး။

ဘုရားခန်းထဲမှာ ထားထားသည့် ကျောက်ကာလုပ် ယွန်းဆွမ်းအုပ် နီနီကြီးကို မြင်တိုင်း … ဆွမ်းအုပ်နီနီ ကဗျာလေးကို ရွတ်ဆိုမိသည်။ ခြံ၏ အရှေ့တောင် ထောင့်က ဇမ္ဗူ့သပြေပင်ကြီး အသီးတွေသီးပြီး တဖြုတ်ဖြုတ်ကြွေတိုင်း ၀ါဆိုဝါခေါင် ကဗျာလေးကို ရွတ်ဆိုမိသည်။ ရွတ်ရင်း ဆိုရင်း အုန်းလက် နွားလေးကိုလည်း ခင်လာပြီ၊ မျှော့နက်မည်းကြီးနဲ့လည်း ရင်းနှီးလာပြီ။ ညီအမတတွေ ခရေပန်းကောက် သွားကြလျှင်တော့ ပန်းသည်ကဗျာလေး တကြော်ကြော် ရွတ်ဆိုကြစမြဲ။

သည်လိုနှင့် စာကို စတင် ဖတ်တတ်ချိန်မှာတော့ အဖေက “မောင်ခွေးဖို့ ကဗျာများ”နှင့် မိတ်ဆက်ပေးလေသည်။ မောင်ခွေးဆိုသည့် မြန်မာဆန်သော၊ ကျေးလက်ဆန်သော၊ ကလေးဆန်သော နာမည်ကလေးနှင့် ဆိုလွယ်၊ ရွတ်လွယ်၊ မှတ်မိလွယ်သော ချစ်စဖွယ် ကဗျာကလေးများကို ထိုအချိန်မှစပြီး စွဲလမ်းခဲ့ရသည်။ ထိုစဉ်ကတည်းက ကဗျာရှင် မင်းသုဝဏ်ဆိုသည့် အမည်နာမနှင့် ရင်းနှီးခဲ့ရ၏။ သူသည်ကား ကလေးတွေကို ချစ်သော စာဆို၊ ကလေးများကို အလေးထားသော စာဆိုတဦးပင်တည့်။
***
အိပ်ခန်းခေါင်းရင်းက ခရေပင်ပျိုကလေးမှာ ခရေဖူးတွေ စတင်ဝေသည့် အချိန်မှာတော့ သိတတ် နားလည်တတ် ခံစားတတ်သည့် အရွယ် ရောက်၍ လာလေပြီ။
ဒီတော့လည်း ...
“လယ်တောကပြန် …” ဆိုသည့်ကဗျာလေးကို ခံစားကာ ကရုဏာသက် နေမိတတ်ပြီ။
ပန်းပုဆရာ ဦးအောင်ချာ၊ ဆင်စွယ် မင်းသမီးရုပ်ကလေးနှင့် အစွဲလမ်းကြီးသည့် မောင်ချစ်တို့၏ “ဘကြီးအောင်ညာတယ်” ဇာတ်လမ်းလေးကို ဖတ်ပြီး ၀မ်းနည်းတတ်နေပြီ။
ဝါတွင်းဥပုသ်စောင့်တိုင်း ငှက်ကလေးက စိုးစီစိုးစီ … ဆိုသည့် “၀ါတွင်းချိန်” ကဗျာလေးကို သတိတရ ရှိတတ်နေပြီ။

ဒီ့နောက်မှာတော့ …
ခါနွေဆန်းမှာလည်း လွမ်းခဲ့ဖူးသည်။
ဗြောသံဖြင့်လည်း ကြည်နူးခဲ့ဖူးသည်။
ဝေဆာနေသည့် သပြေညိုတွေကြောင့် စိတ်အင်အား တက်ကြွခဲ့ဖူးသည်။
ပျဉ်းမငုတ်တိုက အညွန့်တွေ ဝေဖြာမည့် နေ့ကိုလည်း မျှော်လင့်ခဲ့ဖူးသည်။
ဂုတ်ကျားကျယ်လောင် ရမ်းရော်ဟောင်တဲ့အခါ … ဖိုးမောင်လာပြီလားဟူ၍လည်း တွေးမိခဲ့ဖူးသည်။
သည်လိုနှင့် … သည်လိုနှင့် …
သပြေညိုအရိပ်မှာ မှေးတခါ တွေးတလှည့် ခိုနားခဲ့ဖူးလေ၏။
***
ဒီကဗျာ၊ ဒီစာ၊ ဒီပုံပြင်တွေကို ရွတ်၍မ၀၊ ဖတ်၍မငြီး။ ကြီးပြင်းခဲ့သည့် ယခုထက်တိုင် ဒီစာတွေ ကဗျာတွေက ရိုးမသွား၊ ဟောင်းမသွား၊ ခေတ်အဆက်ဆက် အမြဲ ဆန်းသစ် လတ်ဆတ်နေဆဲ။

စာဆိုကား ကွယ်လွန်ခဲ့သည်မှာ ၅ နှစ်တိုင်ခဲ့လေပြီ။
ကလေးများအတွက် … လူငယ်များအတွက် … မြန်မာပြည်သူလူထုအတွက် စာပေများစွာ ဖန်တီးခဲ့သော စာဆို၏ စာကဗျာများကား မညှိုးမနွမ်း အမြဲလန်းဆန်းနေမည့် ပန်းမြတ်သပြေညိုလို မြင့်ရှည်စွာ ထာဝရဝေဆာ နေဦးမည်တကား။
***
မေဓာဝီ
၁၅၊ သြဂုတ်၊ ၂၀၀၉
၀၄း၁၀ နာရီ

(၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ကွယ်လွန်သူ ဆရာကြီး မင်းသုဝဏ်အား ဤစာစုဖြင့် လေးမြတ်ရိုသေစွာ ကန်တော့လိုက်ပါ၏။)

5 comments:

Craton said...

ဆရာကြီးမင်းသုဝဏ်ကတော့ ဂျီးနီးယပ်စ်ပါ။ လေးစားတယ်.. အားကျတယ်.. ချစ်ခင်တယ်။
သူ့ကဗျာတွေစာတွေ မူကြိုကတည်းက ကလေးတိုင်းလိုလို စွဲမက်ခဲ့ရပြီးသား.. နှုတ်ထက်ဆောင်ပြီးသား..။

ကွယ်လွန်ပြီးပေမယ့် စာပေခြေရာတွေဟာ နောင်ခေတ်အဆက်ဆက် နှလုံးသားတွေထက်မှာ ကမ္ဗည်းတွင်နေဦးမှာပါ..

myatnoe said...

အဲဒါဆရာကြီး မင်းသုဝဏ်ရေးတာလားး
သိဘူးး အမ ကျေးဇူးး

ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းတက်မယ်..မောင်လဲလိုက်မယ် ချန်မထားနဲ့...
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့ ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့ ဘုန်းတော်ကြီးလို နေပါ့မယ်..
လိုက်မယ် လိုက်မယ်...

လိုက်ပြန်ရွတ်ရင်း ရေးသွားပါတယ် အမ..

ငယ်ငယ်က သံပြိုင်ရွတ်ခဲ့ကြတာ..

ကိုလူထွေး said...

မောင်ချစ်ဆုံးတယ်ကြားတော့ တရှုံ့ရှုံ့ငိုခဲ့ဖူးသေးတာကို အမှတ်ရမိတယ်...

ကလေးက တကယ် သနားစရာကောင်းတာကိုး...

အခုလို ဆရာကြီးအကြောင်း ပြန်တင်ပြပေးတာ ကျေးဇူးပါ MDW ရေ...

pandora said...

အတူတကွ ဦးညွတ်ကန်တော့လိုက်ပါရဲ့ မမေရေ..။

Ko Paw said...

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်..
လေချိုကအသွေး...

ကျနော်လည်း မမေဓာဝီနဲ့အတူ ဦးညွတ်ဂါရ၀ ပြုလိုက်ပါတယ်။