Friday, August 07, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၅)

ဒီတပတ် အပိုင်း (၅) မှာ တင်မယ့် သံဝေဂ ကဗျာခန်းမှာ ရှင်မဟာသီလ၀ံသ ရေးသားတော်မူတဲ့ သံဝေဂပိုဒ်စုံရတုကို ဖော်ပြမှာဖြစ်ပါတယ်။ သံဝေဂရတု မဖော်ပြခင် ကဗျာ့ဥပဒေ ခန်းမှာပါတဲ့ ကဗျာ၊ လင်္ကာ၊ ပျို့၊ ဂါထာ .. စတဲ့ ဝေါဟာရတွေ အကြောင်း ရှင်းပြထားချက်ကို ဦးစွာ ဖော်ပြပေးလိုက်ပါတယ်။
***
ကဗျာစသည် ဝေါဟာရ

ဤသို့ က၀ိပုဂ္ဂိုလ်၊ ပြုလုပ်လိုသူတို့၏၊ ထုတ်ဆိုသော အင်္ဂါအများတို့တွင် ရှေးဖျား-ကဗျာဟူသော ဝေါဟာရ, ဂန္ဓဟူသော ဝေါဟာရ၊ ဤသို့ စသဖြင့် မာဂဓမှ မြန်မာဖြစ်ခြင်း၊ မြစ်အရင်းများကို၊ သစ်လင်းသိစေကြရမည်ဟူသော က၀ိလက္ခဏာ၊ မာတိကာ၌၊ ကဗျာစသည်တို့၏ ဝေါဟာရကား-

ကဗျာ
“က၀ီနံ ဣဒံ ကဗျံ” ဟူသော သီလက္ခန် ဋီကာနှင့်အညီ စိန္တာသုတ၊ အတ္ထပဋိဘာန်၊ အသိသန်တော်မူကြသော၊ က၀ိခံပုဂ္ဂိုလ် ၄-ဦးတို့၏၊ ထူးမြတ်သောဥစ္စာ၊ အဆိုအမိန့်, နှစ်သိမ့်ဖွယ်သော သဒ္ဒပဗန္ဓ အစဉ်အလာကို ကဗျာဟု ခေါ်ဝေါ်ကြောင်း။

ဂန္ဓ
၎င်းကဗျာကို “နာနာဘေဒဘိန္နာ ဂီယန္တိ ဥစ္စာရီယန္တိ ဧတ္ထ ဧတေနာတိ ၀ါ ဂေါ၊ နာနာအတ္ထံ ဓာရေတီတိ ဓော၊ ဂေါစ သောဓေါစာတိ ဂန္ဓော” ဟု ၀စနတ် လှစ်ကြူးရကား၊ အထူးထူးအပြားပြားသော သဒ္ဒါတို့ကို ဆိုရာဆိုကြောင်း ဖြစ်၍ အထူးထူးသော အနက်ကို ဆောင်တတ်သောကြောင့် ဂန္ဓခေါ်ဆိုသည်။

ဗန္ဓ
ထိုဂန္ဓ အမည်ရှိသည်ကိုလည်း “က၀ီဟိ ဗန္ဓိတဗ္ဗောတိ ဗန္ဓော” ဟူသော ၀စနတ်နှင့်အညီ လေးရပ်သော က၀ိတို့၊ မဏိမုတ္တာ၊ ရတနာရွဲလုံး၊ ပုလဲပြုံးကို၊ တလုံးစီ ရွှေကြိုးသီသကဲ့သို့၊ ကုံးစီဖွဲ့ဆိုအပ်သော သဘာဝ ဗန္ဓဟု အမည်ရ ပြန်သည်။
ထိုဗန္ဓကား ဂါထာ, စုဏ္ဏိယ, ၀ိမိဿ ဟု ၃-ဌာန ပြားချေ၏၊ ထိုသုံးပါးအနက် -

ဂါထာ
အက္ခရာ, ဂိုဏ်း, ဂရု, လဟု တို့ကို မှတ်၍ ဖွဲ့အပ်သော ဗန္ဓကို ဂါထာဟု ခေါ်ဆိုသည်။

စုဏ္ဏိယ

အက္ခရာ, ဂိုဏ်း, ဂရု, လဟု တို့ကို မမှတ်မူ၍ ဖွဲ့အပ်သော ဗန္ဓကို စုဏ္ဏိယ ဟု ခေါ်ဆိုသည်။

ဝိမိဿ
ထိုနှစ်ပါးစုံကို ရောနှော၍ ဖွဲ့အပ်သော ဗန္ဓကို ၀ိမိဿဟု ခေါ်ဆိုသည်။

ဂီတ
ထို ဂါထာ, စုဏ္ဏိယ, ၀ိမိဿတို့ကိုပင် “ဒီဃသရေန ဂါယိတဗ္ဗန္တိ ဂီတံ” ဟူသည်နှင့်အညီ ရှည်သောအသံဖြင့် ရင့်ကြူး သီရသောကြောင့် ဂီတဟု သမုတ်ကြောင်း။

လင်္ကာ
၎င်းပြဆိုခဲ့သမျှ ကဗျာစသည်တို့ကိုပင် လောက၀တ်, ဓမ္မ၀တ် ညီညွတ်ပြည့်စုံရန် နားတန်ဆာဆင်တတ်ဟန်ကြောင့် “ကဏ္ဏံ အလင်္ကရော တီတိ လင်္ကာ” ၀စနတ်လာသည့်အတိုင်း လင်္ကာဟု ခေါ်ဝေါ်သမုတ် ကုန်သည်။

ပျို့
ပျို့ ဟူ၍ ခေါ်ဝေါ်ဟန်မှာ “မနံ ပိနေတိ ၀ဎေုတီတိ ပျို့” ဟူသော ၀ိဂြိုဟ်နှင့်အညီ စိတ်ကို နှစ်သက်ပွါးများစေတတ်သောကြောင့် ပျို့ဟူ၍ အမည်ပေးသည်။

ဧချင်း
ဧချင်းဟု ခေါ်ဝေါ်သမုတ်သည်မှာ “အတ္ထုပ္ပတ္တံ ဣယေတိ ဇနေတီတိ ဧချင်း” ၀စနတ် အကျဉ်းနှင့်အညီ မင်းမိဖုရားတို့ ရင်တော်သွေးများကို ဧယဉ်တော်ဆက် မင်္ဂလာအခါတွင် သမ္ဘာရွှေဘုန်း၊ နေနှုန်းဥက္ကဌ်၊ ဇာတိတော် ထူးမြတ်ကြောင်း မှူးမတ်စာဆိုတော် ပညာရှိတို့က သိသာတော်မူစေခြင်း ရွှေနားတော် သွင်းရသည် ဖြစ်၍ ဧချင်းဟု အမည်ရသည်။

အဲချင်း
အဲချင်းမှာ နေနတ်ကယ်မှ ရာဇာ စသဖြင့် ရွာတော်ရှင်, မြို့တော်ရှင်, နတ်သခင်တို့ကို လျှောက်တင်ခေါ် တိုင်တန်းသော ပုစ္ဆန်းသည်တို့၏ အရှင်ဟော အာလုပ် အယျသဒ္ဒါကို စွဲ၍ အဲချင်းဟု ခေါ်ဝေါ်သည်။

အန်ချင်း
အန်ချင်းမှာ အဏ္ဏ၀-သဒ္ဒါပျက်၊ တက်ရေးလှေချင်း၊ ရေသဘင်ကျင်းရာ၌၊ မင်းခန်းစီမံ၊ သီဆိုသော အရင်းခံဖြစ်၍၊ အန်ချင်းဟု အမည်ကြားသည်။

လူးတား
လူးတား ခေါ်သည်မှာ ပေါ်လွင်ရှည်လံသော အသံဟော ပ္လုတ သဒ္ဒါတွင် ပ-အက္ခရာကို ဖျောက်၍ ထိုနောက် လ-၌ ဥ-ကို ဦပြုကာ တ-မှာ အာသရ ကပ် ယှဉ်လျက် ယင်းတို့တွင် ၀ိသဇ္ဇနီနှင့် အသံရှည် ရွတ်ဆိုရသောအားဖြင့် လူးတားဟု ခေါ်ဆိုသည်။

ထိုထိုပြဆိုအပ်ခဲ့ပြီးသည်မှ ကြွင်းကျန်သော ရကန်, ရတု, ပိုဒ်စုံ, သတ်ပုံ, သတ်ညွှန်း, မော်ကွန်း, သံပိုင်း, သမိုင်း, ကျောက်စာ အရပ်ရပ် အမည်သညာတို့ကိုလည်း၊ ယထာရဟ၊ အနွတ္ထမည်၊ ရဠှီမည်၊ ဗျုပ္ပတ္တိ အတည်တည်တို့ဖြင့် ကြံစည်ထောက်ရှု ခေါ်ဝေါ်မှည့်ဆိုခြင်း ပြုအပ်ကုန် သတည်း။

ဤသို့လျှင် ကဗျာစသော ဝေါဟာရတို့၏ မာဂဓမှ မြန်မာဖြစ်ခြင်း၊ မြစ်အရင်းများကို သစ်လင်းနားလည်စေရမည် ဟူလိုသည်။
***
သံဝေဂ ကဗျာခန်း
ရှင်မဟာသီလ၀ံသဆို သံဝေဂရတုပိုဒ်စုံ

အရညကင်၊ တောသို့ဝင်၍၊ ဓူတင်ရအောင်၊ ရွာကိုရှောင်မှ၊ လေးထောင်ထွာဖြတ်၊ အစွန်းလွတ်သား၊ ကိုင်းညွတ်ကွေးကွေး၊ ကုပ်လုပ်လေးတာ၊ ပြန်ငါးရာဖြင့်၊ သင်္ချာမှန်လှ၊ တကောသ၌၊ နေထကိန်းအောင်း၊ သင်္ခမ်းကျောင်းလည်း၊ ညောင်စောင်းဆန့်ရုံ၊ တစုံသင်္ကန်း၊ ဖန်ရည်စွန်းသား၊ ခါးပန်း, သင်းပိုင်၊ ဓမ္မကရိုင်, ပဲကွပ်၊ သပိတ်, အပ်နှင့်၊ ကိုယ်ဝတ်, ဒုကုဋ်၊ လက်သုတ်ကိုင်သွား၊ ကရား, သားရေနယ်၊ ပခုံးလွယ်၍၊ လေးဆယ်ကမ္မဋ္ဌာန်း၊ ကသိုဏ်းဝန်းလည်း၊ စီးဖြန်းထစ်ထစ်၊ ထွာလေးသစ်ဖြင့်၊ မချစ်ဖော်ရွေ၊ ကိုယ်ထည်းနေမှ၊ ဧကစာရ၊ မာန်စောင်ချလျက်၊ လောဘမစော၊ လူမနှောသည်၊ တတောထွက်လျှင်၊ တတောဝင်၍၊ တပင်ထွက်သွား၊ တပင်နားလျက်၊ ခေါင်းပါးအစာ၊ မျှရုံသာလျှင်၊ ပမာနှိုင်းတု၊ ကြက်ဥထက်မြှောက်၊ ဒေါင်းဥအောက်ဖြင့်၊ ချောက်ချောက်မများ၊ လုပ်ရေစားမှ၊ လေးငါးလုပ်လျှော့၊ ဖျော့တော့ကိုယ်လက်၊ ပစ္စ၀က်လည်း၊ နေ့ရက်အမြဲ၊ သုံးစွဲတိုင်းပင်၊ ရွတ်ဆင်ချင်မှ၊ သုတ်သင်အာပတ်၊ ပရိဝါသ်နှင့်၊ မာနတ်ဘန်သွင်း၊ မကင်းစောင့်စည်း၊ သီလဆည်း၍၊ ပုလလည်းဆင်၊ ကျင့်သောသွင်သို့၊ အောင်မြင်တမ်းခွန်၊ သာမျိုးလွန်သည်။ ။ နိဗ္ဗာန်ရွှေမြို့ ပျော်မည်ဘို့။

မယှဉ်သဘင်၊ စိတ်ကိုသင်၍၊ တောဝင်ပြီပြီ၊ ညရီနံနက်၊ ခပ် တံမြက်နှင့်၊ ကိုယ်လက်ကျန်းအောင်၊ သုံးရေဆောင်၍၊ ညောင်ဗောဓိပင်၊ စေတီပြင်ကို၊ သုတ်သင်လှည်းလျက်၊ ကျောင်းသို့တက်မှ၊ ဓမ္မစကြာ၊ မဟာသမယ၊ မင်္ဂလနှင့်၊ ရတနသုတ်၊ မေတ္တသုတ်က၊ ပေါင်းချုပ်မကွာ၊ ခန္ဓာ မောရ၊ ၀ဋ္ဋသုတ်ပါ၊ ရတနာရွှေချိုင့်၊ တံတိုင့်ပမာ၊ စောင်ရန်းကာလျက်၊ မေတ္တာပြုပြီး၊ ဆွမ်းခံနီးသော်၊ ကြယ်ကြီးနက္ခတ်၊ အခါမှတ်လျက်၊ လွယ်သွတ် သပိတ်၊ မေတ္တာစိတ်ဖြင့်၊ ပရိတ်ရွတ်သွား၊ သင့်ရာနားမှ၊ ခါးပန်းပတ်ရစ်၊ ဒူးပုဆစ်မျှ၊ ရှစ်သစ်ချ၍၊ ၀တ်ထ သင်းပိုင်၊ ထဲပြိုင်ရောရှုတ်၊ ဒုကုဋ် ထိုထက်၊ လေးသစ်တက်မှ၊ နှစ်ဘက်အစွန်း၊ အ၀န်းသပ်သပ်၊ အနားပါတ်လည်း၊ မချွတ်တာရှည်၊ မြဲအောင်ချည်၍၊ လည်လက်ကောက်ဝတ်၊ ဖုံးလွှမ်းပတ်ရစ်၊ အိတ်သွတ်ရေကျင်း၊ မကင်းလက်နှိုက်၊ သပိတ်ပိုက်လျက်၊ ငိုက်ငိုက်မျက်နှာ၊ ပြင်းစွာမသွား၊ ရွာတွင်းကြား၌၊ ရထားထမ်းပိုး၊ မျှော်ရိုးတည့်တည့်၊ လေးတောင်ကြည့်၍၊ မလှည့်အာရုံ၊ ရေလုပ်ငုံသို့၊ ခြေစုံရှေ့တွင်၊ ရပ်သည် မြင်မူ၊ ပွတ်စင်ရောင်မောင်း၊ စလောင်းလက်စွဲ၊ လှူဆဲဆဲ၌၊ လက်ဝဲလှစ်ခွါ၊ လက်ယာညွတ်ခံ၊ ၀ိနည်းကံနှင့်၊ တစံတည်းပင်၊ ယွင်းမထင်သည်။ ။ မဂ္ဂင် ကူးတို့ လှော်မည်ဘို့။

တစဉ်တပြင်၊ ဘုံသုံးခွင်၌၊ လွတ်ချင်သောကွေ၊ ကျင့်ဘူးလေသား၊ သက်သေ သော်ကား၊ ရေသော်များ၏၊ မင်းသားတေမိ၊ ဣသိဇနက်၊ တောထွက်လေဘူး၊ ဂုဏ်အထူးနှင့်၊ ကျေးဇူးများစွာ၊ သုမေဓာတို့၊ မြိုင်သာတောဖျား၊ သစ်သီးစား၍၊ လေးပါးဗြဟ္မ၊ ၀ိဟာရကို၊ ရွရွစီးဖြန်း၊ ကမ္မဋ္ဌာန်းကြောင့်၊ မစွန်းသီလ၊ ဈာန်ပျံရ၍၊ ဗြဟ္မဘုံနေ၊ ပျော်ဘူးလေ၏၊ လူ့ပြေခါသင့်၊ သစ္စာပွင့်က၊ ထိုနှင့်တကွ၊ ဈာန်မရတည့်၊ နောက်မှဝါသနာ၊ ပါစိမ့်ငှာလျှင်၊ သဒ္ဓါအလွန်၊ ရှိသင့်တန်ဟု၊ သုဿန်,ရုက္ခ၊ အရညနှင့်၊ တူကွမကွာ၊ သောသာ, နိသစ်၊ ကျိုက်လစ်ပံ့သကူ၊ ဆောင်ယူမြဲဘိ၊ တိစီဝရိက်၊ ကျင့်ဝတ်စိတ်ဖြင့်၊ သိေဿာမကွာ၊ အရိယာတို့၊ ယထာသန္တတိ၊ မရှိနှိုင်းပြိုင်၊ ပတ္တပိုင်နှင့်၊ ခရိုင်ရောရု၊ ခလုပစ္ဆာ၊ ဧကာသန၊ မလွတ်ရတည့်၊ ခံထဆွမ်းဝတ်၊ ပိဏ္ဍပတ်ဖြင့်၊ မပြတ်သမ္ပဒါန်၊ အမှန်မြဲပင်၊ ရှေးအစဉ်မူ၊ ဓူတင်အမျိုး၊ သုံးဆယ့်ကိုးနှင့်၊ ကျင့်ရိုးအမှန်၊ ဓိဋ္ဌာန်ဝိကင်၊ ရှစ်ရပ်လုံ့လ၊ ကြောင့်ကြ ဆယ်ဖြာ၊ ပစ်ခွါရှောင်ထ၊ အရိယတို့၊ ၀ံသလေးသွယ်၊ စင်ကြယ်သီလ၊ သန္တောသဟု၊ ဓမ္မကျင့်မှု၊ ဆဲ့နှစ်ခုကို။ ။ သာဓုနတ်တို့ ခေါ်မည်ဘို့။
***
ဒီတပတ်တော့ ဒီလောက်ပါပဲ၊ ရှေ့တပတ်တွေမှ စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေတို့ရဲ့ သံဝေဂတေးထပ်တွေ ဆက်လက် ဖော်ပြပါဦးမယ်။
***
မေဓာဝီ
၇၊ သြဂုတ်၊ ၂၀၀၉
၁၄း၃၁ နာရီ

2 comments:

ကိုအောင်(ပျူနိုင်ငံ) said...

မှတ်သားဖွယ်ရာတွေကို ဖတ်ရူသွားပါတယ် မမေဓါဝီ။

ကိုလူထွေး said...

MDW
အမ်ဒီဒဗလျူမှာ အမ်နှင့် ဒီနှင့် ဒဗလျူ ပေါင်းစပ်ကာ အစဉ်လိုက် တွဲသုံးထာခြင်းကြောင့် MDW ဟု ခေါ်ဝေါ်အမည်ရသည်။