Saturday, August 01, 2009

ဘာကြောင့်လဲ ???

ကျမက တခါတခါ အတွေးခေါင်တတ်တယ်။ အထူးသဖြင့် ဝေါဟာရတွေနဲ့ ပတ်သက်လို့ပေါ့။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်တွေထဲမှာ ငရုတ်ကောင်း ရှိရင် ငရုတ်ဆိုး ရှိရမယ် တို့၊ လေးညှင်းရှိရင် ငါးညှင်းလဲ ရှိသင့်တယ်တို့၊ ဇာတိပ္ဖိုလ်ရှိပြီး ဇာတိပ်မ ဘာလို့ မရှိတာလဲ … တို့ … စတဲ့ ကပ်သီးကပ်သတ် အတွေးတွေ ပါတဲ့ စာတွေ ဖတ်ပြီးတော့လဲ ကိုယ့်ဟာကိုယ် ထပ်ပြီး အတွေး နယ်ချဲ့ စဉ်းစား နေမိတတ်သေးတယ်။

အခုလဲ ငယ်ငယ်က စဉ်းစားရင်း ခေါင်းရှုပ်ခဲ့ဖူးတဲ့ ဝေါဟာရနှစ်ခု အကြောင်း ပြန်တွေးမိလို့ ကဗျာတပုဒ် ချရေးလိုက် မိပါတယ်။ အဲဒီဝေါဟာရ နှစ်ခုကို စဉ်းစားတိုင်း ကျမ ခေါင်းခြောက်ခဲ့ရပေါ့။ ကျမဘလော့ ဖတ်သူများလဲ … သိရင်ပြောပြကြပါအုံး။
***
ဘာကြောင့်လဲ

လေးမြားကိုပြင်
တောကိုဝင်ကာ
သားကောင်ရှာသူ
အကြင်သူကို
ခေါ်ဆို မုဆိုး … ဆိုကြသည်။

လေးမြားမလွယ်
တောမလည်ဘဲ
ရင်ကွဲသည်းပူ
အိမ်သူယောက်ျား
တိမ်းပါးသွားရ
ထိုမိန်းမလျှင်
ခေါ်မည်တွင်ကြ
မုဆိုးမ …
ဘာ့ကြောင့် ဆိုရပါသနည်း။
***
မေဓာဝီ
၁၊ သြဂုတ်၊ ၂၀၀၉
၁၃း၁၀ နာရီ

12 comments:

Prince said...

အရင်တုန်းက ငွေကြေး ခေတ်မရှိ ခင်က လူတွေက အမဲလိုက် ပြီးတမျိုး စိုက်ပျိုးစားလို့တမျိုး ဝမ်းရေး ကို ဖြေရှင်းကြတယ်လေ။
ကိုယ်ရဲ့အိမ် အတွက် ယောက်ျားက အမဲလိုက်၊ရလာတဲ့ အမဲကို အိမ်ကို ယူလာတယ်။မိန်းမက ချက်ပြုတ် လို့ပေါ့။တကယ်လို့များ အမဲလိုက်ရင်း အိမ်နဲ့ အရမ်းဝေးသွားခဲ့ရင် လမ်းမှာဘဲ အခြောက်လှမ်းတယ် လေ။ ကြာကြာထားလို့ ရတဲ့ နည်းလမ်းတွေနဲ့ အိမ်ကို ပြန်ယူလာတယ်။
ကျနော် ထင်တာက တော့ အမျိုးသမီး တဦး ဟာ သူရဲ့ ချစ်လှစွာသော လင်ယောက်ျား သေဆုံးသွားလို့ ရှိရင် သူဖာသာသူ ရှာဖွေ စားသောက်ရတော့မယ် ဆို တဲ့ အခေါ် အဝေါ်လို့ထင်ပါတယ်။

NLS said...

မုဆိုး ဆိုတာ မူဆိုး (အမူအယာဆိုးသွမ်းသူ) ဆိုတဲ့ စကားကနေ ရွေ့လာတာလို့ တချို့ ပြောကြတယ်လို့ ကြားဖူးတာပဲ အမရဲ့။

Kay said...

မမေရေ- ဒီမှာ..ညီမ တယောက်.. သိချင် လေ့လာ နေတယ်တဲ့။ မမေက..အဲဒီလိုမျိုး တွေ နှံ့စပ် တတ်ကျွမ်းတယ် ထင်လို့..

http://zizawa.wordpress.com/2009/07/30/oxymoron/

Ko Paw said...

အဟမ်း…. အဟမ်း... ထင်ရာမြင်ရာ စွတ်ပြော ကြည့်ပါအံ့။

“အဖြေကား ဤသို့တည်း”

လေးမြားကိုပြင်
တောကိုဝင်ကာ
သားကောင်ရှာသူ
အကြင်သူကို
ခေါ်ဆို မုဆိုး … ဆိုကြသည်။

လောကလူ့ဘောင်
အရှုပ်ချောင်ဝယ်
အိမ်ထောင်ကြင်ဖက်
အသက်ထွက်၍
ဘက်ပဲ့ကျန်သူ
တယောက်လူကို
ရည်တူနာမ
ခေါ်ညွှန်းကြသည်
မုဆိုးမနှင့် မုဆိုးဖို။

မုဆိုးဖိုကား
လေးမြားမပြင်
တောခွင်မတိုး
သားမျိုးမရှာ
ငြိမ်သက်စွာနှင့်
အိမ်မှာနေလည်း
ရပ်ထဲရွာထဲ
သဘင်ပွဲ၌
ဆင်နွှဲလာသူ
လှပျိုဖြူတို့
သူ့ကိုရှောင်ကွင်း
ဘေးရန်ကင်းသို့
စိတ်တွင်းမှတ်ယူ
မြဲပြုမူကာ
သညာတင်စား
ခေါ်ဆိုအားသည်
မယားရှာတဲ့ မုဆိုးဖို။

မုဆိုးဖိုနှယ်
လောကလယ်၌
သက်လှယ်ကြင်ဖက်
အသက်ထွက်၍
မျက်စိသူငယ်
နားသူငယ်နှင့်
အားငယ်နွမ်းလျ
ထိုမိန်းမကို
မုဆိုးဖိုလို့
ခေါ်ဆိုမဖြစ်
မပြေပြစ်၍
မည်သစ်ဖွေရှာ
ပေးကြပါသော်
သြော်....မုဆိုးမဟု တွင်သတည်း။

(ထင်တာပြောကြည့်တာပါ။ အဟီး။ ကျနော့် ကဗျာကတော့ ဂိုးဂွင့်ဂွက်ဂွေနဲ့ နင်လားငါလားပေါ့။)

ကိုလူထွေး said...

အိမ်သူမယား
လွန်ပါးသွားတော့
တအားကြိတ်ငို
မုဆိုးဖိုလို့
ထိုကဲ့သို့လည်း ခေါ်ကြပါတယ်
ဘာကြောင့်ရယ်တော့ မသိပါ...

းဝ)

Maydarwii said...

ကိုပရင့်စ် ဖြေသွားတာ... အဆက်အစပ်ရှိတာမို့ စဉ်းစားစရာပါပဲ။

လင်းဆက်ရေ .. မူဆိုးလို့ အရင်ကရေးကြတာ အမလဲ ဖတ်ခဲ့ဖူးတယ်။ ဒီလိုသာဆို မုဆိုးမတွေ အမူအကျင့်ဆိုးရာ ရောက်နေပြီပေါ့။

မကေ ... သွားဖတ်ကြည့်ပြီးပြီ။ မသိလို့ အသာလေး ပြန်လာခဲ့ရတာ။ :D

အဟမ်း အဟမ်း ... အစချီ ကိုပေါကဗျာ ... အင်မတန် ကောင်းပါသည်။ ဂိုးဂွင့်ဂွက်ဂွေ ထက် အများကြီး သာပါ၏။

ကိုလူထွေးကြီး ... ယောက်ျားတွေလဲ ငိုကြတာပေါ့နော် ... ။

အားလုံးပဲ ၀ိုင်းဝန်းဖြေပေးကြတာ ကျေးဇူးတင်ပါတယ်။ အဖြေတွေဖတ်ပြီး ထပ်စဉ်းစားနေမိတာက ယောက္ခမ - ယောက္ခထီး ပြောပြီး မုဆိုးမ - မုဆိုးထီး ဘာလို့ မပြောတာလဲ။ ဒါမှမဟုတ်လဲ မုဆိုးမ - မုဆိုးဖို ဆိုရင် ယောက္ခမ - ယောက္ခဖို ဘာလို့ မပြောလဲ .... ခေါင်းကုတ်၍ ထပ်တွေးနေမိပါကြောင်း။

Kogyi Paw said...

`မာလေး´ ရေးပြီး စာပေဗိမာန်က ထုတ်တဲ့ `မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ´ ဆိုတဲ့ စာအုပ်မှာ ရှင်းပြထားပါတယ်။ အကိုးအကား အထောက်အထား အပြည့်အစုံ ပါပါတယ်။ ထုတ်ထားတာ ကြာပြီ။ ရှာကြည့်ရင်တော့ ရနိုင်ပါသေးတယ်။

ကြုံတုန်းပြောချင်တာက `ထီး´ ဆိုတဲ့စကားကို လူ နတ် တို့အတွက် မသုံးပါဘူး။ တိရစ္ဆာန်အတွက်ပဲ သုံးပါတယ်။ ယောက္ခထီး လို့ပြောတာ အလွန်ရိုင်းပါတယ်။ အသုံးလည်း မရှိပါ။ အမိ အဘ နှစ်ဦးစလုံးအတွက် ယောက္ခမ လို့ပဲ သုံးပါတယ်။

မေ့သမီး said...

အမရေ ညီမလည်း ဘာမှမသိပါဘူး။ ဟိ ဟိ။ သိရင်ပြောကြပါဦး။

pandora said...

အထက်ကပြောတာတွေ ဆက်စပ်စဉ်းစားလိုက်တာ အနော်ထင်တာကတော့.. မုဆိုးဖိုဟာ ဇနီးမရှိတော့တဲ့အခါ နောက်တယောက်ကို မုဆိုးများသားကောင်ရှာသလို ရှာရင်း အမူအယာဆိုးတဲ့အတွက် မုဆိုးဖို လို့ခေါ်မယ်။ သူ့ကိုမုဆိုးဖို ခေါ်တဲ့အတွက် ခင်ပွန်းဆုံးသွားသော မိန်းမများခမျာ ဘက်ညီနာမည်ဖြစ်အောင် မုဆိုးမ လို့ခေါ်တွင်ရလေတယ်။

Ko Min Htet said...

အဟမ်း---မေဓာဝီတို့ကတော့ လုပ်ပြီ၊ ဒီမှာ စာမနိုင်လို့ ခေါင်းချောက်ရတဲ့အထဲ မုဆိုးဖို/မ ပြဿနာကိုပါ စဉ်းစားခန်းဝင်အောင်လုပ်နေတယ်။ ဒါပေမဲ့ ဘယ်ရမလဲ၊ သူများတွေဖြီးသလို ကျနော်လဲ ဖြီးရပေဦးမယ်။

ပါဠိဝေါဟာ၊ မည်သညာဖြင့်၊ လုဒ္ဒကာခေါ်၊ မုဆိုးကျော်ကား၊ လုဒ္ဒ နှင့် က၊ တွဲကာပြပြီး၊ လုဒ္ဒ-နက်မှာ၊ ကြမ်းကြုပ်သရမ်း၊ မူဆိုးသွမ်းရှင့်၊ က-နက်မှာမူ၊ ပြုလုပ်သူတည်း။ အနက်နှစ်ရပ်၊ ပေါင်း၍စပ်သော်၊ ကြမ်းကြုပ်ဆိုးမူ၊ ပြုလုပ်သူ-ဟု၊ မြန်မူအနက်၊ ပြန်ဆိုခဲ့၏။ မူကျင့်ဆိုးသူ၊ ထိုမျိုးလူကို၊ ခေါ်ယူ”မူဆိုး”၊ ခေတ်အသုံးဖြင့်၊ တစ်မျိုးကြံဆ၊ ဖွင့်ကာပြရိုး၊ ”မုဆိုး”ဟုသော်၊ ခေါ်ထုံးပေါ်ခဲ့။
ထိုမှအခြား၊ မိန်းမများလဲ၊ လင်လေလင်ကွဲ၊ လင်နှင့်လွဲသော်၊ ခေါ်မြဲသညာ၊ မုဆိုးပါတဲ့။ ”၀ိဓ၀ါ”ဟု၊ ပါဌ်မူပြုရှင့်။ ၀ိ-မှာ ကင်းပျောက်၊ ထို့နောက် ဓ၀ါ၊ နက်မြန်မာကား၊ လင်ယောက်ျား-ဟု၊ မှတ်ကာရှုလော့။ အနက်နှစ်ပါး၊ ပေါင်း၍ထားသော်၊ ယောက်ျားပျောက်မူ၊ မိန်းမသူကို၊ ခေါ်ယူဆိုကြ၊ ”မုဆိုးမ”တဲ့။ လင်သားမဲ့ငြား၊ ကင်း၍သွားသဖြင့်၊ အားထားရာပျောက်၊ ကံမမြောက်သူ၊ ထိုသည့်သူကား၊ ကိုယ်အားကိုယ်ကိုး၊ တမျိုးရုန်းကန်၊ ကြမ်းတန်လျှင်ကြမ်း၊ လွမ်းတန်လွမ်းသဖြင့်၊ မူကြမ်းဖြစ်သည်၊ မဖြစ်သည်ထား၊ ကျမ်းလာစကား၊ မှတ်သားဆိုပါ၊ ”ဥပစာ”တဲ့။ တင်စား၍ပို၊ မိန့်မှာဆိုသည်၊ မှတ်သိုစိတ်ထဲ၊ စွဲစွဲမြဲ။

Maydarwii said...

ကိုကြီးပေါ် ... စာအုပ်ညွှန်ပြပေးတာ ကျေးဇူးပါပဲ။ ယောက္ခထီး မသုံးတာ ညီမ မသိဘူး။ တချို့တွေ သုံးနေကြတာ ကြားဖူးလို့ပါ။ ခုလို ရှင်းပြပေးတာ ကျေးဇူးများကြီးး တင်ပါတယ်။

မေ့သမီး ... အမလဲ တူတူပဲ .. ဟဲဟဲ။

ပန်ပန် ... ဆက်စပ်တွေးခေါ်တတ်သော ဦးနှောက်ပေတကား။ :D

ကိုမင်းထက် ... အဲဒီလင်္ကာလေးက ကိုမင်းထက်ရေးတာလား။ ကောင်းလိုက်ပါဘိ၊ မှတ်သားစရာပါပဲ။

ရေးပေးကြသူများကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။

Ma said...

ုကိုကြီးပေါ်ကလဲ ဖတ်ပြီး ရင် ပြော လိုက် တာ မ ဟုတ် ဘူး ..
မေ့ ကို အလကား အ လုပ် ပေး လိုက် တယ်..
မေ ရေ..ရခိုင်မှာ တော့ ယောက္ခမ နဲ့ ယောက္ခဖို ကြား ဘူး တယ်