နိဒါန်း
(၀း၁)
တခုသော မိုးဥတု၏ မိုးဖွဲဖွဲကျနေသည့် နံနက်ခင်း တခုမှာ အဖေနဲ့ အမေက ထိုစာအုပ်လေးကို သူ့အား လက်ဆောင်ပေးခဲ့သည်။ စာအုပ်ကလေးက အသစ်စက်စက်၊ ဘာတခုမှ ရေးမထားရသေး။ ဖြူစင် သန့်ရှင်းပြီး ချောမွေ့ ကောင်းမွန်သော စာရွက်သားဖြင့် ပြုလုပ်ထားသည့် စာအုပ်ကလေး။ ထိုစာအုပ်လေး၏ ထူးခြားချက်က တချို့စာအုပ်တွေလို စာမျက်နှာ မည်ရွေ့မည်မျှ ပါသည်ဟု ရေးထိုးမထား။ မည်သည့်အချိန်မှာ စာမျက်နှာတွေ ကုန်ဆုံးသွားမည် ဆိုသည်ကို မသိနိုင်။ ထိုနည်းတူစွာ မည်သည့်အချိန်မှာ စာအုပ်ကလေး ရုတ်တရက် ပျက်စီးဆုတ်ပြဲ သွားမည်ကိုလည်း မည်သူ တဦးတယောက်မျှ သိနိုင်စွမ်း မရှိ။ ထိုစာအုပ်ကလေးကား သူ၏ အသက် ရှင်သန်နေသရွေ့ ရေးမှတ်နေရမည့် စာအုပ်ကလေးပင်တည်း။
***
(၁း၁)
မသိတတ် နားမလည်တတ်စဉ်ကတော့ အမှုမဲ့ အမှတ်မဲ့နှင့်ပင် စာမျက်နှာ အသစ်လေးတွေ တဖျတ်ဖျတ် လှန်လှောခဲ့မိ၏။ စာမျက်နှာ အဟောင်းလေးတွေ မည်သို့မည်ပုံ ကျန်ရစ်ခဲ့မည် ဆိုသည်ကို မစဉ်းစားတတ်၊ မစဉ်းစားမိခဲ့။ သေချာသည်ကတော့ …
ထိုစာအုပ်လေးထဲမှာ ငိုကြွေးခဲ့ဖူးမည်။
ထိုစာအုပ်လေးထဲမှာ ရယ်မောခဲ့ဖူးမည်။
ထိုစာအုပ်လေးထဲမှာ အလိုမကျ ဖြစ်ခဲ့ဖူးမည်။
ထိုစာအုပ်လေးထဲမှာ တင်းတိမ် ရောင့်ရဲခဲ့ဖူးပေမည်။
***
(၁း၂)
တဖြည်းဖြည်း သိတတ် နားလည်တတ်သည့် အရွယ်ကို ရောက်လာတော့ ထိုစာအုပ်လေး၏ စာမျက်နှာတွေ ပေါ်မှာ ရောက်တတ်ရာရာတွေ ရေးခြစ်တတ်လာသည်။ စာလည်း မမည်၊ ပုံလည်း မပီ။ နောက်တော့ ၀လုံးလေးတွေ၊ ကကြီး ခခွေး စာလုံးလေးတွေ။ ပြီးတော့ ပန်းပုံ, အိမ်ပုံ, တောင်တန်းနှင့် ပင်လယ်ပုံ စသည်ဖြင့် စိတ်ကူးတည့်ရာ ရေးခြစ်တတ်လာခဲ့သည်။ ခက်သည်က ထိုစာအုပ်ကလေးထဲတွင် ရေးခြစ်ခဲ့သမျှတို့ကို ခဲဖျက် မင်ဖျက် စသည်တို့ဖြင့် ပြန်လည် ဖျက်၍ ပြင်၍မရ။ ရေးခဲ့သမျှ ပုံတွေ စာတွေ အရုပ်တွေက စာမျက်နှာများထက်တွင် စွဲထင် ကျန်ရှိနေသည်ချည်း။ သို့တိုင်လျက် သူကလည်း ဂရုတစိုက် မရှိလှ။ အမှားတွေ အမှန်တွေ၊ အကောင်းတွေ အဆိုးတွေ၊ သုခတွေ ဒုက္ခတွေ၊ စိတ်ကူးယဉ်မှုတွေ လက်တွေ့ကျမှုတွေ၊ ရေးချင်သလိုရေး၊ ခြစ်ချင်သလို ခြစ်ဖြင့် စာမျက်နှာလေးတွေက ညစ်ပတ် ပေရေ၍လည်း နေတတ်သေးသည်။
***
(၂း၁)
ညစ်ပေနေသော စာမျက်နှာလေးတွေကို မှတ်မှတ်ထင်ထင် ရှိလာသည့် နောက်မှာတော့ စာမျက်နှာ အသစ်တခု စတင် ဖွင့်လိုက်ပြီဆိုလျှင် …
“ဖျက်မရ ပြင်မရတဲ့ ဒီစာအုပ်ရဲ့ စာမျက်နှာ အသစ်ကလေးမှာ အခုကစပြီး ကောင်းကောင်းရေးမှ ဖြစ်မယ်”
ဟု နောင်တရသည့်နှယ် တွေးမိတတ်သော်လည်း ရေးရင်းခြစ်ရင်း စာမျက်နှာ လေးပုံတပုံလောက် မကုန်ခင်မှာပင် ဖြစ်သလိုတွေ ရေးခြစ်မိပြန်သည်။ ထိုသို့ပင် သူ၏ “အခု” များသည် တရွေ့ရွေ့ ရွေ့လျောရင်း စာမျက်နှာ အသစ်ပေါင်း များစွာ ဖြတ်သန်း ကုန်လွန်ခဲ့ရလေ၏။
***
(၂း၂)
စာမျက်နှာလေးတွေ တရွက်ပြီး တရွက် တလှပ်လှပ် ကုန်သွားတိုင်း နောက်မှာကျန်ခဲ့သည့် စာရွက်တွေက ညစ်နွမ်းနွမ်း ပန်းလျလျဖြင့် မလှမပ။ ဟိုးပထမဆုံး စာမျက်နှာလေးကတော့ မှိန်ပျပျ ကျန်ခဲ့ပြီ။ ပြင်မရ ဖျက်မရသော စာမျက်နှာ အဟောင်းလေးတွေမှာ ဟိုးအစက စပြီး ပြန်ရေးသား၍ ရလျှင် အကောင်းသားဟု တခါတလေလည်း စိတ်ကူးယဉ်မိသေးလေသည်။ မရမှန်းသိလျက် လိုချင်တမ်းတ တတ်ပေမဲ့ စာရွက်တွေ ပေါ်မှာ သပ်ရပ်လှပစွာ ရေးသားဖို့ကိုတော့ဖြင့် တွန့်ဆုတ် နှောင့်နှေးနေဆဲ။
***
(၃း၁)
တခါတရံ စာမျက်နှာထဲက စာကြောင်းတွေပေါ်မှာ စိတ်လေလွင့်ခဲ့မိသည်။
တခါတရံတော့ ထိုစာကြောင်းတွေပေါ်မှာ မှတ်သားစရာ စာလုံးလေးတွေ စီရရီ။
တခါတရံလည်း အများအကျိုးရှိလေမလားဟု ရေးခြစ်မိသော လူမသိ သူမသိ စာလုံးတချို့။
တခါတရံမှာဖြင့် စာလုံးလေးတွေ မရေးမီ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ အမှားကင်းအောင် အားတင်း ရေးခဲ့မိသည်။
တခါတရံမှာကား ….
ဗလာဖြစ်ကာ လစ်ဟာနေသော စာကြောင်း အချို့ … ။
…. …. …. …. ….
…. …. …. …. ….
…. …. …. …. ….
***
(၃း၂း၁)
သို့ဖြင့် စာအုပ်ကလေးကို ပိုက်၍ မိသားစုနှင့် ဝေးရာကို ရောက်ခဲ့ရပြန်သည်။ သူနှင့် မလျောက်ပတ် လှစွာသော ပညာရပ်တွေကို သင်ယူရင်း ၀န်းကျင်အသစ်မှာ သူစိမ်းတရံဆန်တွေနှင့် ဆက်ဆံရပြန်၏။ နွေးထွေးသည့် မိဘရင်ခွင်၊ နားလည်ပေးမည့် မိသားစု၊ မိမိ ကျွမ်းကျင်သော အမှုကိစ္စများကို စွန့်လွှတ်၍ အသစ်တဖန် ပြန်စရသည့် ဘ၀က မချောမွေ့လှ။
သတိထား ကြည့်ရှုမိစဉ်မှာတော့ အဖေနှင့် အမေ လက်ဆောင်ပေးခဲ့စဉ်ကလို စာအုပ်ကလေးက ဖြူစင် ချောမွေ့ မနေတော့။ ညိုညစ်ညစ် စာရွက်သားတွေက ကြမ်းရှရှ။ နာကြင်မှု၊ ၀မ်းနည်းမှု၊ လွမ်းတ-မှု။ အားငယ်မှု … တွေဖြင့် ပြည့်နှက်နေပြီလား။ ရေးသားမိသော စာလုံးများက ခပ်သော့သော့။ ဒဏ်ရာ ဒဏ်ချက် များစွာ အစွန်းအထင်း များစွာဖြင့် စာတအုပ်လုံး ပိန်းကြမ်း၍ နေချေပြီ။
***
(၃း၂း၂)
စာအုပ်ကလေးက တ၀က်ကျိုးလုပြီထင့်။ တစတစ ဟောင်းနွမ်း၍ လာပြီ။ တခါတရံလည်း ရေးရင်းသားရင်း ဆက်မရေးချင်တော့ လောက်အောင် ငြီးငွေ့မိပြန်၏။ နောက်တခါ စာမျက်နှာ အသစ် ပြောင်းချိန်ထိ ဒီစာအုပ်ကလေးက ခံပါဦးမလားဟုလည်း တွေးမိသည်။ စာအုပ်ကလေး ရုတ်တရက် ပျက်စီးသွားမည်လား … စာမျက်နှာတွေ ကုန်ဆုံးချိန် ရောက်လုနီးပြီလား … ဒါမှမဟုတ် မိမိကိုယ်တိုင်ပင် နွမ်းလျလျ စာမျက်နှာများကို အဆုံးသတ်ဖြစ်မည်လား … ကြိုတင်မသိနိုင်သော အရာများကို စဉ်းစားတွေးတောရင်း အိပ်ပျက်ခဲ့ရသည့် ညဥ့်တာရှည်တို့က များပြားလှစွာ။
***
(၃း၂း၃)
နေ့သစ် ပြောင်းပြီ။
စာမျက်နှာ အသစ်တရွက်ကို ဖျတ်ခနဲ လှန်လိုက်မိသည်။
သြဂုတ်လ၏ မိုးရေစက်များက အိမ်ခေါင်မိုးပေါ် တဖြောက်ဖြောက် … ။
ကြမ်းတမ်းစွာ တိုက်ခတ်နေသည့် လေ၏ အသံက တ၀ှီးဝှီး မြည်ဟည်းနေသည်။
သစ်ပင်တွေက လေလာတိုင်း ရည်ရွယ်ချက်မဲ့စွာ ယိမ်းထိုး လှုပ်ယမ်း နေကြ၏။
မီးခိုးခေါင်းတိုင် ထဲမှာ ခိုတကောင်က ညည်းတွားလျက်။
နေ့သစ်က ခါတိုင်းကဲ့သို့ပင် မထူးခြား။
ညဥ့်ဦးက ဖျော်ထားသော ဘလက်ကော်ဖီ ခါးခါးတခွက်ကို တကျိုက် မော့လိုက်သည်။
အနက်ရောင်ကျကျ ကော်ဖီတခွက်က အေးစက် ခါးသက်လျက်။
ဘ၀သည်လည်း ထိုသို့ပင်လေလား။
ခါးသီးမှု အနက်ရောင်တွေကို သောက်မျိုနေရသည့် အဖြစ်က ရုန်းထွက်ချင်လှပြီ။
တခါတလေတော့လည်း ကျေးဇူးတရားတွေနှင့် ဝေးရာကို ပြေးချင်ပါသည်။
အစွန်းအထင်းမဲ့ စာမျက်နှာအသစ်ကို ခပ်တွေတွေ ငေးကြည့်နေမိသည်။
ထို့နောက် … စာမျက်နှာ အသစ်မှာ စာလုံး အနည်းငယ် စတင် ရေးသားလိုက်၏။
“ကျေးဇူးတင်ပါတယ် အမေ နဲ့ အဖေ …”
***
နိဂုံး
(xးx)
စာမျက်နှာက သစ်သော်လည်း စာအုပ်ကလေးက အိုမင်း ရင့်ရော်၍နေပြီ။
ဘ၀ဆိုသည်မှာ တိုတောင်းလှသည်။
ဘယ်အချိန် ဘယ်ကာလ အဆုံးသတ်မည် မသိနိုင်။
မည်သို့ပင်ဖြစ်စေ …
ထိုစာအုပ်လေး မကုန်ဆုံးမချင်း စာမျက်နှာအသစ်များ ဖြတ်သန်း ကျော်လွှား နေရဦးမည်တည့်။
***
မေဓာဝီ
၂၁၊ သြဂုတ်၊ ၂၀၀၉
၀၀း၀၀ နာရီ

15 comments:
အဲဒီ စာအုပ်လေးပေါ်မှာ…
ဖြူစင်တဲ့ ရိုးသားခြင်းတွေရှိတယ်…
အေးမြတဲ့မေတ္တာတရားတွေရှိတယ်…
နွေးထွေးတဲ့ကိုယ်ချင်းစာတရားတွေရှိတယ်…
မတရားမှုကို သည်းမခံတတ်တဲ့ထားသင့်တဲ့မာနတရားတွေရှိတယ်..
အံ့သြလောက်အောက်လက်ရာမြောက်တဲ့အနုပညာတွေရှိတယ်…
ဘာသာတရားကိုကိုင်းရှိုင်းတဲ့မြင့်မြတ်တဲ့စိတ်လေးရှိတယ်…
ထက်မြက်ရဲရင့်တဲ့တိုင်းပြည်ချစ်စိတ်လေးရှိတယ်…
မြန်မာဆန်ယဉ်ကျေးတဲ့မိန်းမပီသမှုတွေရှိတယ်…
ပြီးတော့… ခံစားချက်တွေ ဟာမိုနီဖြစ်တဲ့နှလုံးသားတခုလဲရှိတယ်…
အဲဒီလောက်လှတဲ့ စာအုပ်လေးရှိဦးမှာလားမေရယ်…
ကိုယ်တိုင်မှာ အသစ်မရှိတော့
အသစ်ရှိရာ ရှာမယ်ကွာဆိုပြီး လိုက်ကြည့်ရင်း
"စာမျက်နှာ အသစ်" ဆိုတာကို လှစ်ကနဲဆို သွားတွေ့တယ်...
ရှုစားရင်း...
မေ့မျောရင်း...
ငေးမောရင်း...
တွေဝေရင်း...
ရင်ထဲမှာ တင်းလာတယ်...
သြော်...
ငါ့စာမျက်နှာ အသစ်ဟာလဲ
အညစ်တွေနဲ့ပါလား...လို့
စာအုပ်လေးမကုန်ခင်.. သူထွက်ပြေးသွားရမည်လား..
စာအုပ်လေးအဆုံးသတ်ပြီးမှ.. သူထွက်ပြေးသွားရမည်လား...
ချစ်သော မမေ...
မွေးနေ့မှာ ချစ်ခြင်းများဖြင့် ရွှင်လန်းချမ်းမြေ့ပါစေ...
ချစ်တဲ့ စုချစ်
“ဖျက်မရ ပြင်မရတဲ့ ဒီစာအုပ်ရဲ့ စာမျက်နှာ အသစ်ကလေးမှာ အခုကစပြီး ကောင်းကောင်းရေးမှ ဖြစ်မယ်”
မမေဓါဝီကမှ တော်ပါသေးရဲ့။ ကျနော့်လို လူကျတော့ “မနက်ဖြန်ကစပြီး ကောင်းကောင်းရေးမှ ဖြစ်မယ်” လို့ အချိန်ဆွဲတတ်သေးတဲ့လူ။ ဆိုတော့…. အမှားတွေ ဗရပွနဲ့ပေါ့။ အင်း… ကျန်တဲ့ စာမျက်နှာတွေမှာ အမှားနည်းအောင်တော့ မနက်ဖြန်ကစပြီး ဂရုစိုက်ရမှာပေါ့။း-) စာအုပ်ဘယ်တော့ စာမျက်နှာကုန်မလဲ ကြိုသိကြရင် လူတွေအတွက် အကောင်းဖက်ကို ဦးတည်မလား၊ ဒါမှ မဟုတ် ဆောက်တည်ရာမရ ရူးသွားမလား၊ စိတ်ဝင်စားဖို့ ကောင်းတယ်နော်။ မနက်ဖြန်ပဲ စာရွက်ကုန်တော့မယ်လို့ သဘောထားနိုင်ရင်တော့ ကောင်းကောင်းမွန်မွန် ပိုရေးဖြစ်မလားပဲ။
မွေးနေ့လား မသိဘူး။း)
ဟုတ်တယ် ဆိုရင်တော့.. ဟက်ပီး ဟက်ပီး..
း)
Happy Birthday ama,
I think ur birthday???
nyima
မမေရေ....
ဘ၀ဆိုတာကတော့ အပြင်က စာအုပ်တစ်အုပ်လို ကျော်ဖတ်လို့လည်း မရဘူး.. မလိုချင်တဲ့ စာရွက်တွေ ဆွဲဆုတ်ပစ်လို့လည်း မရဘူးနော်...
စာရွက်ကလေးတွေကို အားမာန်အပြည့်နဲ့ ငြိမ်းချမ်းစွာ တစ်ရွက်ပြီးတစ်ရွက် ဖတ်ရှုကျော်ဖြတ်နိုင်ပါစေ။
မှတ်ချက်လေးများအတွက် ... အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
စာမျက်နှာအသစ်အတွက် အားအင်တွေလဲ ဖြစ်စေပါတယ်။
အခုကစပြီး ကောင်းကောင်းရေးပါတော့မယ် ... (လို့ ... စိတ်လဲ ကူးနေမိပါတယ်။)
ဒါဆို အရင်က ပြီးကပျစ် ရေးခဲ့တာပေါ့...
သိတောင်မသိဘူး...
းဝ)
ရှေ့လာမယ့် စာမျက်နှာအသစ်တွေမှာ အားအင်အပြည့်နဲ့ အကောင်းဆုံးတွေ ဆက်ရေးနိုင်ပါစေ မမေရေ။း)
မွေးနေ့ဆိုရင်တော့ ဟက်ပီးဘက်ဒေးဗျာ၊ အလာနောက်
ကျနေတာ ခွင့်လွှတ်ဗျို့၊ အလုပ်နည်းနည်းများနေလို့ ...။
အကြွေးဆပ်ပြီးသွားပါကြောင်း ...
စာအုပ်လေးက ဟောင်းလေကောင်းလေပါ့လား
ပိုပြီး ကောင်းတဲ့စာလေးတွေ ဖတ်ရတယ်
စာပေဘက်မှာ ဒီလိုစာအုပ်လေးတွေ ရှိသင့်တယ်
လေးစားရတဲ့ စာအုပ်လေးပါ
စာအုပ်လေးပျောက်မသွားခင် တန်ဖိုးရှိတဲ့စာတွေ အားပါးတရ ဖတ်သွားချင်တယ်
စာမျက်နှာ တစ်ရွက် လာလှန်သွားတယ် အစ်မစာအုပ်မှာ
Post a Comment