Sunday, August 16, 2009

ဒီတပတ် စနေခရီးစဉ်

Oxford, Shakespeare, Warwick ...
***
၁၅၊ သြဂုတ်၊ ၂၀၀၉
နံနက် ၉နာရီ ၁၆ မိနစ်

အိမ်ကစထွက်ချိန်မှာ ရာသီကအုံ့ပျပျ။ အေးတော့ မအေးလှပါဘူး။ ကားထဲမှာ မိုးကုတ်ဆရာတော်ကြီး ဟောကြားတဲ့ သစ္စာအနက် ၁၆-ချက် တရားတော်က ပျံ့လွင့်လို့။ လမ်းမှာမိုးဖွဲဖွဲ ခဏတဖြုတ်ရွာတယ်။ တလမ်းလုံး ကားလမ်း အပိတ်အဆို့မရှိ၊ ချောချောမောမောပါပဲ။ တရားနာလိုက် စကားစမြည်ပြောလိုက်နဲ့ တူဝရီးနှစ်ယောက် အောက်စ်ဖို့ဒ်ရောက်တော့ ၁၁ နာရီ သာသာရှိပြီ။

အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရ ကျောင်း။ အသစ်ပြောင်းထားတာ သိပ်မကြာသေးဘူး။ ကျောင်းဟောင်းထက် နေရာထိုင်ခင်း ပိုပြီးကျယ်ပါတယ်။

ဗုဒ္ဓရုပ်ပွါးတော်ကို သဒ္ဓါကြည်ညို ရိုသေစွာ ရှိခိုးကန်တော့ခဲ့တယ်။

ဆွမ်းစားချိန်။
ဆရာတော် ဒေါက်တာဦးဓမ္မသာမိ၊ တိပိဋကတ် ဆရာတော် ဦးဂန္ဓမာလာနဲ့ သံဃာတော်များ ဆွမ်းဘုဉ်းပေးစဉ်။
သံဃာများ အားလုံး သပိတ်နဲ့ ဘုဉ်းပေးကြပါတယ်။ ဆွမ်းကပ်မယ့်လူတွေ တန်းစီပြီး ဆွမ်း၊ ဆွမ်းဟင်းတွေကို သပိတ်ထဲ ထည့်လောင်းကြရတယ်။

"ဘုန်းကြီး ဆွမ်းစားနေတုန်း ဓာတ်ပုံရိုက်ရင် ၅ ပေါင် ပေးရမယ်" မိုက်ခရိုဖုန်း နဲ့ ဘုန်းဘုန်းက နောက်တယ်။

ဒုလ္လဘ၀တ်တဲ့ ကိုရင်လေးတွေနဲ့ ယောဂီကလေးများ။
အငယ်ဆုံး ကလေးမလေးက အသက် ၈-နှစ်တဲ့။ မြန်မာလို သိပ်မပြောတတ်ပါဘူး။ ဦးဓမ္မသာမိက ကလေးတွေ နားလည်လွယ်တဲ့ စကားမျိုးနဲ့ တရားပြပါတယ်။ ကလေးတွေကိုလည်း မေးချင်တာ မရှင်းတာရှိရင် မေးဖို့ ဆွေးနွေးဖို့ အခွင့်ပေးတယ်။ အားလုံး အချိန်ဇယား အလိုက် တရားထိုင်ကြရတယ်။
"ဒီမှာ တရားထိုင်ရတာ ဘယ်လိုနေလဲ" လို့ ကလေးမလေးကို မေးကြည့်တော့ ...
"good, nice and peaceful" လို့ ဖြေတယ်။ နောက်တပတ် ဆက်နေဦးမယ်တဲ့။ ကြည်နူးစွာ သာဓုခေါ်မိပါတယ်။

စာကြည့်ခန်း/တိုက်။
အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ၊ ထိုင်းဘာသာ စာပေကျမ်းဂန်တွေ တပုံတပင်။
စားသောက်ပြီး အားလုံး တရားထိုင်ရတယ်။ သိပ်တော့မကြာလှဘူး။ ၁၅ မိနစ်လောက်ပဲ ထင်ပါရဲ့။ ဆရာတော် ဦးဓမ္မသာမိက အင်္ဂလိပ်ဘာသာနဲ့ တရားချီးမြှင့်တယ်။ ပြီးတော့ ဦးဂန္ဓမာလာက မြန်မာလို တရားဟောပါတယ်။ တရားနာအပြီး ညနေ ၃ နာရီခွဲ လောက်မှာ အောက်စ်ဖို့ဒ်က ပြန်လာခဲ့ကြတယ်။
***
Sheakspeare Country

ရှိတ်စပီးယားရဲ့ ဇာတိဖြစ်တဲ့ Stradford upon Avon အရပ်ကို ခရီးဆက်ကြတယ်။ မြို့ဟောင်းကလေးမှာ အဖြူအမဲ ရှေးအိမ်ဟောင်းလေးတွေကို ခုထိ မပျက်စီးအောင် ထိမ်းသိမ်းထားကြတာ ချီးကျူးစရာ။

ဒါက ရှိတ်စပီးယား ဇာတိချက်ကြွေ အိမ်ဂေဟာ။ အိုမင်း ယိုယွင်းနေပြီ။ ဒါပေမဲ့ ကျားကန်ရင်း လာရောက် ကြည့်ရှုသူတွေကို ဆွဲဆောင်မှု ပေးနေဆဲ။

သက္ကရာဇ် ၁၅၆၄ ခု ဧပြီလမှာ မွေးဖွားပြီး ၁၆၁၆ ဧပြီလမှာပဲ ကွယ်လွန်ခဲ့သူ ကမ္ဘာကျော် စာရေးဆရာ ၀ီလျံရှိတ်စပီးယားရဲ့ အငွေ့အသက်တွေ ဒီအိမ်ကလေးမှာ ရှိနေဆဲလား။ တွေးနေရင်း မြန်မာပြည်က ဦးပုညကို သတိရမိတယ်။ စလေဆရာကြီးရဲ့ ဇာတိမှာရော သူနဲ့ပတ်သက်တဲ့ အမှတ်တရ ဘာများရှိပါလိမ့်။

ပတ်ဘလစ် လိုင်ဘရီ ... တဲ့။ ရှေးဆန်ဆန် ချစ်စရာလေးမို့ အမှတ်တရ ပုံရိုက်ခဲ့တယ်။

အပြင်က ရှေးဆန်နေပေမဲ့ အတွင်းမှာတော့ ခုလို မြင်ရတယ်။

ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ ကပြဖျော်ဖြေရာ ပြဇာတ်ရုံအနီး။ ပြဇာတ်ရုံက ပြုပြင်ဆဲမို့ ပုံမရိုက်ခဲ့တော့ဘူး။

ငန်းတို့ ပျော်ရာ ရေကန်သာ။

ရှိတ်စပီးယား ကြေးရုပ်၊
ကဗျာ၊ စာပေ၊ ပြဇာတ်တွေ ဖန်တီးခဲ့သူ ပြောင်မြောက်တဲ့ အနုပညာရှင် ရှိတ်စပီးယားဆိုတာ ... သူကိုး။

ရှိတ်စပီးယားရဲ့ ဇာတ်ကောင်တယောက် ... Lady Macbeth.
သူ့အကြောင်းက ခုလို ...
Lady Macbeth, wife to the protagonist in Macbeth, is a central character who conspires with her husband to murder Duncan. She later goes mad and dies, possibly through suicide.

ဒါကနောက်ဇာတ်ကောင် Falstaff တဲ့။
Sir John Falstaff is a central character of Henry IV, Part 1, Henry IV, Part 2, and The Merry Wives of Windsor. In the Henry plays, he is "bad angel" to prince Hal, and is eventually rejected by him. He is the lecherous gull of the title characters in Merry Wives. His death is reported in Henry V, although he is not a character in that play. He is perhaps the most famous supporting role in all of Shakespeare.
အရိုးခေါင်းကြီး ကိုင်ပြီး တွေးနေသူက Hamlet.
Prince Hamlet is the central character of Hamlet. He is a prince of Denmark, called on to avenge his father's (Old Hamlet's) murder by Claudius.
***
ရှိတ်စပီးယား ဇာတ်ကောင် အရုပ်တွေမော့နေတာနဲ့ နောက်ကျနေပြီ။ Warwick castle သွားဖို့ အချိန်မရှိတော့ဘူး။ နောက်တခေါက်မှ အချိန်ပေးပြီး အထဲဝင်ကြည့်တော့မယ်။ အခုတော့ အဝေးကပဲ ... ။

***

သူ့တိုင်းပြည်မှာ ရာဇ၀င်ရှိသလို ကိုယ့်တိုင်းပြည်မှာလည်း ရှိတာပဲ။
သူ့တိုင်းပြည်မှာ ပညာရှင်ရှိသလို ကိုယ့်တိုင်းပြည်မှာလည်း ရှိတာပဲ။
ဒါပေမဲ့ ... ဘာကြောင့်များ ...
ကိုယ့်တိုင်းပြည်မှာ ... ... ...
.... .... .... .... .... .... .... ....
.... .... .... .... .... .... .... ....
.... .... .... .... .... .... .... ....
တွေးရင်း တွေးရင်း အတွေးကမဆုံးနိုင်။
ဒီလိုနဲ့ အိမ်ပြန်ရောက်တဲ့ထိပေါ့။
***
မေဓာဝီ
၁၆၊ သြဂုတ်၊ ၂၀၀၉
၈း၀၀ နာရီ

(၀န်ခံချက်။ ။ ရှိတ်စပီးယား ဇာတ်ကောင်များအကြောင်းကို ၀ီကီမှ ယူပါတယ်)

9 comments:

ကလူသစ် said...

ခုတော့ ပညာရှိမပြောနဲ့၊ ပညာမဲ့တောင် မနေနိုင်တော့ဘူး။ ဒိုးပြီ ဆိုတာချည်းပဲဗျ။

ကိုလူထွေး said...

သူတို့နိုင်ငံများကျ အားကျဖို့ကောင်းတယ်နော်...

ဒို့ဆီမှာတော့ စာကြည့်တိုက်ဆိုတာတောင် ရှားပါးပစ္စည်းဖြစ်နေလို့ ပြတိုက်နဲ့ ပြရမလားမသိ...

အခုလို MDW က ဒီလိုရှေးစာပေတွေကို တန်ဖိုးထား ဖော်ပြပေးနေတာကို အားကျဂုဏ်ယူမိပါတယ်...

တနေ့မှာတော့ တို့ပြည်မှာ ဦးပုညရဲ့ ကျောက်ရုပ်ထုတို့ ရှင်မဟာရဋ္ဌသာရရဲ့ စာကြည့်တိုက်တို့ ပြန်ပြီး တည်ထောင်နိုင်ကောင်းပါရဲ့လို့ ဆန္ဒပြုမိပါတယ်...

းဝ)

Craton said...

သွားချင်တယ်.. လည်ချင်တယ်.. အခွင့်အရေးက မပေးသေး။ တစ်နေ့နေ့ပေါ့။

tin min htet said...

မရှိတာထက် မသိတာခက် ဆိုတဲ့ စကားရှိတယ် မဟုတ်လား။

ရွှေဂျမ်း said...

ဆရာတော်တွေ သပိတ်ကိုပဲ သုံးပြီး ဆွမ်းစားတာ မြင်ရတာ သဘောကျမိတယ်။ ဒီဘက်မှာတော့ ထမင်းစား စားပွဲတွေမှာပဲ ဆွမ်းဟင်းခွက်တွေ အများကြီးနဲ့ ဆွမ်းစားကြတာပဲ တွေ့ဖူးတယ်။ ရှိတ်စပီးယားရဲ့ ဇာတိနေရာလေးကို ဓါတ်ပုံလေးတွေနဲ့ သေသေချာချာ ပြန်မျှဝေတာ ကျေးဇူးပါ အမရေ။ ဂျမ်းလည်း ရောက်ဖူးချင်တယ်။ ကိုယ့်တိုင်းပြည်လည်း ပညာရှင်တွေကို တန်ဖိုးထားတဲ့ ခေတ် ရောက်လာမှာပေါ့လေ.. တစ်နေ့နေ့ပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

Karl Marx အုတ်ဂူဖက် ရောက်ဖြစ်ရင်လည်း ဓါတ်ပုံရိုက်ပြီး ပို့စ်လေးဘာလေး ရေးပါအုံး မမေဓါဝီ။
အားပေးလျက် ...

WAING said...

ဗဟုသုတရပါတယ် ကိုယ့်နိုင်ငံကိုလည်း ဒီလိုမျိုး ဖြစ်စေချင်တယ်။ ပညာရှင်တွေအများကြီးရှိရက်နဲ့နော်....

Ko Paw said...

ဓါတ်ပုံလေးတွေကြည့်ရတာ အင်္ဂလန်ကို အလည်ရောက်ချင်စိတ်ပေါက်တယ်။ ပိုက်ပိုက်သာ ရှိမယ်ဆိုရင်ပေါ့လေ။း-)

ဏီ(န်)ကင်း said...

ကိုယ့်နိုင်ငံကမြှောက်စားမှုတွေကတော့သိနေတော့မပြောတော့ပါဘူးဗျာ။သူတို့ဆီမှာတော့အထင်ကရပဲ။လာလည်သွားပါတယ်ဗျာ။ဗဟုသုတအတွက်ကျေးဇူးပါ