Tuesday, December 05, 2006

ကျမနှင့် ပါးကွက်ယဉ်ကျေးမှု


ကျမသိတတ်စအရွယ်ထဲက သနပ်ခါးလိမ်းခဲ့တယ်လို့မှတ်မိနေပါတယ်။
ဟိုးငယ်ငယ် မမှတ်မိခင်အရွယ်တုန်းကတော့ အမေက ဘယ်လိုလိမ်းပေးလဲ မသိပါဘူး၊ ကျမသိတတ်တဲ့အရွယ်မှာတော့ ကျမကိုထိန်းတဲ့ အမကြီးက သနပ်ခါးလိမ်းပေးတဲ့အခါ ပါးတဖက်တချက်မှာ ပါးကွက်ကြီးကြီးကွက် … နှာခေါင်းပေါ်မှာ နှာတံ လိုင်းတလိုင်း ဆွဲပြီး လိမ်းပေးတယ်။

ရေချိုးပြီးတဲ့အခါတိုင်း သနပ်ခါးကျောက်ပြင်နဘေးမှာ သူလိမ်းပေးတဲ့သနပ်ခါးကို မျက်နှာမော့ပြီး အလိမ်းခံရတယ်၊ ကွက်သလား ကြားသလား ညီသလားလဲ မသိဘူး၊ သနပ်ခါးလိမ်းပြီးတာနဲ့ အင်္ကျီဝတ်ပြီး ဆော့ဖို့ပြေးတော့တာပဲ၊ ပါးပေါ်မှာတင်ထားတဲ့ သနပ်ခါးရဲ့ အေးမြမြအရသာကို ကျမ ငယ်ငယ်ထဲက နှစ်သက်ခဲ့တာ ခုချိန်ထိပဲ ဆိုပါတော့…။

ဒီလိုနဲ့ ကျောင်းနေတဲ့အရွယ်ရောက်လာတော့လဲ သူလိမ်းပေးတဲ့ ပါးကွက်ကြားနဲ့ ကျောင်းသွားခဲ့ရတယ်။
ကျောင်းမှာဆရာမစာသင်တာကို လိုက်နားထောင်ရင်း မျက်ခုံးမွေးကြားမှာဝင်နေတဲ့ သနပ်ခါးခြောက်တွေကို လက်သည်းနဲ့ခွါချလို့ သနပ်ခါးဖတ်တွေ တဖွားဖွားကျတတ်တာကိုလည်း မှတ်မိနေပါသေးတယ်။ အဲဒီအမကြီးက သနပ်ခါးသာလိမ်းပေးတာ မျက်ခုံးမွေးထဲက သနပ်ခါးတွေကို မခြစ်ထုတ်ပေးပါဘူး၊ ကျမကလဲ အဲဒီသနပ်ခါးတွေ ခြစ်ရကောင်းမှန်းမှ မသိဘဲ။ ဒါကြောင့် ကျောင်းစာသင်ခန်းထဲကျမှ အဲဒီလို ခွါချရတာ နေ့စဉ်နဲ့အမျှပါပဲ။
ဒီလိုနဲ့ ကိုယ်တိုင်သနပ်ခါးလိမ်းတတ်တဲ့ အရွယ်ရောက်တော့လဲ ပါးကွက် ကွက်တာက အကျင့်ပါနေလို့ သနပ်ခါး လိမ်းတိုင်း ပါးကွက်ကြားနဲ့ပေါ့။

ကျမ ငါးတန်းနှစ်မှာ ကျမတက်နေတဲ့ ကျောင်းကို ကျောင်းအုပ်ဆရာမကြီး အသစ်ပြောင်းလာပါတယ်၊ အသစ်ရောက်လာတဲ့ ဆရာမကြီးဟာ တော်တော်စည်းကမ်းတင်းကျပ်တယ်၊ သူ့ရဲ့များပြားလှသော စည်းကမ်းချက်ထဲမှာ သနပ်ခါး ပါးကွက် ကွက်ခြင်းကို ပိတ်ပင်တာလဲ တခုပါဝင်ပါတယ်။
အဲဒီမှာ ကျမနဲ့ သွားငြိတော့တာပဲ၊ ကျမက နေ့တိုင်းပါးကွက်ကြားနဲ့ ကျောင်းသွားတာကိုး။

ဆရာမကြီးရဲ့ သဘောက ဒီလိုပါ။
ရန်ကုန်မြို့လည်ခေါင်က ကျောင်းကြီးတကျောင်းမှာ လာတက်တဲ့ ကျောင်းသူတွေဟာ လယ်ထဲ ကောက်စိုက် ဆင်းတာမဟုတ်ဖူး၊ နေပူစပ်ခါး အုတ်သဲကျောက် သယ်တာလဲမဟုတ်ဖူး၊ ဒါကြောင့် သနပ်ခါးလိမ်းချင်လိမ်း၊ ပါးကွက်မကွက်ရဘူး တဲ့။ ပါးကွက်ကွက်တာ တောသူမတွေမှ ကွက်တာဆိုပဲ။

အဲဒီစည်းကမ်းလဲ ထုတ်ပြီးရော ဂိတ်ပေါက်မှာ ဆရာမတွေ တဖက်တချက် စောင့်နေပြီး ၀င်လာတဲ့ ကျောင်းသူတွေထဲမှာ ပါးကွက်ကွက်တာတွေ့ရင် ရေစိုအ၀တ် စုတ်ဖတ်ဖတ်ကြီးနဲ့ ပါးပေါ်က သနပ်ခါး ပါးကွက်တွေကို ဖျက်ပစ်ပါတော့တယ်။

အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေကိုဆိုရင် မလိုက်နာချင်တဲ့ ကျမဟာ ဒီလိုအစောင့်တွေ တင်းကျပ်နေတဲ့ ကြားက ပါးကွက်ကို မသိမသာလေး ကွက်ဖြစ်အောင် ကွက်ခဲ့ပါတယ်။ အရှောင် အတိမ်းကောင်းတဲ့အတွက် ကျောင်းကထွက်သည်အထိ တခါမှတော့ အ၀တ်စိုနဲ့ ဖျက်တာမခံခဲ့ရပါဘူး။

တက္ကသိုလ်တက်တော့လဲ ကျမကတော့ ပါးကွက်နဲ့ပါပဲ။ သူများတွေမိတ်ကပ်လိမ်း နှုတ်ခမ်းနီလှလှလေးတွေ ဆိုးကြပေမဲ့ ကျမကတော့ တောဆန်တယ်ပဲပြောပြော ပါးကွက်နှစ်ဘက်နဲ့ ကျောင်းတက်ခဲ့တယ်။

ကျမတို့အိမ်မှာ မိန်းကလေးကများတော့ သနပ်ခါးတုံးတွေ တော်တော်ကုန်ပါတယ်။ ကုန်သွားတဲ့သနပ်ခါး တုံးတွေကို အမေက လွှင့်မပစ်ဘဲ ပြန်ကြိတ်ပြီးတော့ အခဲလေးတွေလုပ်ပြီး လက်တွေခြေထောက်တွေ လိမ်းစေပါတယ်။ အဲဒီအခဲလေးတွေကို ကျမတို့က စက်သွေးခဲ လို့ ခေါ်ပါတယ်။
***
အခုတော့ ကျမတို့အိမ်မှာ လူကလည်း နည်းသွားပါပြီ၊ သနပ်ခါးလိမ်းတာလဲ ကျမတယောက်လောက်ပဲ ရှိတော့တယ်။ ကျမ သနပ်ခါးကြိုက်တတ်လို့ သူငယ်ချင်းတွေက သနပ်ခါးတုံးတွေလက်ဆောင်ပေးလေ့ ရှိတယ်။ တယောက်ထဲလိမ်းတော့ တတုံးဆို အကြာကြီးလိမ်းရတာမို့ တော်တော်နဲ့ မကုန်နိုင်ဘူး။ အရင်လို စက်သွေးခဲလဲ မလုပ်ဖြစ်တော့ပါဘူး။

တကယ်တော့ ကျမတို့ မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ သနပ်ခါးလိမ်းတာဟာ အကောင်းဆုံးပဲလို့ ကျမထင်ပါတယ်။
သနပ်ခါးလိမ်းတဲ့နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံထဲ ရှိပါတယ်၊ (ကြံဖန်ဂုဏ်ယူရတာပါ) သနပ်ခါးလိမ်းတာကို တောဆန်တယ်ပဲပြောပြော ကျမကတော့ မြန်မာ့ယဉ်ကျေးမှုတခုလို့ ယူဆပါတယ်။
သနပ်ခါးလိမ်းထားတဲ့ မိန်းကလေးတွေမြင်ရတာလည်း ရင်အေးစရာကောင်းပါတယ်။
မိတ်ကပ်လိမ်း နှုတ်ခမ်းနီဆိုးထားတဲ့ မိန်းကလေးတွေလဲ လှကြပါတယ်၊ သူတို့အလှထက်ကို ကျမကတော့ သနပ်ခါးပါးကွက်နဲ့ မြန်မာမိန်းကလေးတယောက်ရဲ့ အလှကို ပိုပြီး သဘောကျမိပါတယ်။

ဒါကြောင့် အခုပြန်စဉ်းစားတော့ သနပ်ခါးပါးကွက် မကွက်ရဆိုတဲ့ စည်းကမ်းထုတ်သူ ကျောင်းအုပ်ဆရာမကြီးကို ကျမအံ့သြမိတယ်။ ကျောင်းသူလေးတွေ သနပ်ခါး ပါးကွက်လေးတွေနဲ့ ကျောင်းတက်ကြတာ ဘယ်လောက်များ မြန်မာဆန်ပြီး ကြည့်လို့ကောင်းလိုက်မလဲ .. လို့၊ ဒါဟာ တောဆန်တာလား၊ လယ်ထဲ ကောက်စိုက်ဆင်းမှ ပါးကွက် ကွက်ရမှာလား … ဘာမှမဆိုင်ဘူးလို့ ကျမကတော့ထင်တာပဲ၊
ဆရာမကြီးဟာ မိတ်ကပ်လိမ်းတာကိုတော့ မကန့်ကွက်ဘဲ သနပ်ခါးပါးကွက်ကြားလိမ်းတာကို ကန့်ကွက်ခဲ့တယ်၊ သနပ်ခါးဟာ တောနဲ့သာအံဝင်ပြီး မြို့ပြယဉ်ကျေးမှုမဟုတ်သလိုပဲ သူယူဆခဲ့တယ်။
***
မယဉ်ကျေးဘူးပဲဆိုဆို တောဆန်တယ်ပဲပြောပြော .. ကျမကတော့ အခုချိန်ထိ သနပ်ခါးကို နှစ်သက်မြတ်နိုးစွာနဲ့ သနပ်ခါးကွက် - ပါးမှာ ကူနေဆဲ ပါဘဲ။
***

6 comments:

hana said...

ဟောရှင့်....မမေ
ဟနလည်းအမြဲပါးကွက်ကြားနဲ့ပဲ။ ဒါပေမယ့်ဟနက ညီညီလေးကြားတာ။
ရန်ကုန်ပြန်ရောက်ရင်အမြဲပါးကွက်နဲ့..
နိုင်ငံခြားမှာလည်း တခတခပါးကွက်နဲ့အပြင်ထွက်တယ်။ လူတွေဝိငြ်ြး ကည့်တယ်။ မနေနိုင်တဲ့သူကမေးတယ်။ ပြန်ဖြေလိုက်တာပေါ့။ မြန်မာ့ရိုးရိုး ဆေးဘက်လည်းဝင်တဲ့ အလှပြင်တဲ့ပစ်စည်းလို့။

SaNay said...

မန်မာပြည်မှာနေတုန်းက စနေလဲ အမြဲပါးကွက်ကြားပဲ မမေ..
မှတ်မှတ်ရရ ရန်ကုန်စရောက်ဖူးတုန်းက ပါးကွက်ကြားနဲ့မို့ (ရန်ကုန်)သူငယ်ချင်းက
တောသူမလို့ ပြောခဲ့ဖူးတယ်။ ထိုင်ဝမ်ရောက်တဲ့ အထိ ကျောက်ပျဉ်နဲ့ သနပ်ခါးတုန်းပဲ။
အဲဒီမှာလဲ ရောင်းတယ်လေ။ ခုတော့ ရယ်ဒီမိတ်ပဲ လိမ်းရတော့တယ်။

KGYG EI said...

အိကတော့ သနပ်ခါးလိမ်းရမှာ ပျင်းတယ်။ သနပ်ခါးမှ မဟုတ်ဘူး။ ဘာဆိုဘာမှ လိမ်းဖို့ကို စိတ်မရှည်တာ။ ငပျင်းဂျီးပေါ့ ဟဲ ဟဲ။ ဒါပေမယ့် အမေ သနပ်ခါးလိမ်းထားရင် သနပ်ခါးပန်းလေး ပန်ထားရင် အမေနားပဲ ကပ်ကပ်ပြီး သဘောကျနေတတ်တယ်။ အဲလိုပဲ သနပ်ခါးလေးနဲ့ လှနေတဲ့ ကောင်မလေးတွေကိုလဲ သဘောကျတယ်။ ကိုယ်တိုင် မလိမ်းပေမယ့် အမေလိမ်းဖို့ သနပ်ခါးမွှေးမွှေးလေး ကျောက်ပြင်ပေါ်မှာ သွေးပေးရတာလည်း သဘောကျတယ်။ မတရားတွေ စွတ်ရွတ်သွေးလို့ အကုန်အကျများတယ်လို့ ဆူခံရသေးတာ။ အိတို့ကျောင်းတုန်းကတော့ မိန်းကလေးတွေ သနပ်ခါးမလိမ်းမနေရ စည်းကမ်းနဲ့ နေရလို့ ပြသနာတွေကို များနေတာပဲ။ အိအသားအရေက ဘာမှမလိမ်းရင် တော်သေး တစ်ခုခု သွားတင်လိုက်ရင် ၀က်ခြံပေါက် တတ်တယ်။ မျက်နှာပြောင်ကြီးနဲ့ နေတတ်ပေမယ့် သနပ်ခါးနံ့ စစ်စစ်လေးကို ကြိုက်တယ်။ ရင်ကိုအေးစေတယ်နော်။ မမေရဲ့ ဒီ စာလေးကို ဖတ်ပြီး သနပ်ခါးလိမ်းချင် စိတ်တောင် ပေါက်သွားတယ်။ ပျင်းလို့သာ။

ကလိုစေးထူး said...

သနပ်ခါးအကြောင်းတွေ ရေးထားတော့ ကျနော် လူပျိုပေါက် အရွယ်က သနပ်ခါးကြောင်ကျားနဲ့ ဂိုက်ထုတ်ဖူးတာကို သတိရတယ်.. တချို့ ယောက်ျားလေးတွေလဲ သနပ်ခါးလိမ်းကြတာကိုး.. ကျနော်ကတော့ ပါးကွက်မကွက်ပါဘူး.. ကြောင်ကြောင်ကျားကျားတွေ လျှောက်လိမ်းတာလေ.. ဒါပေမယ့် မြန်မာမိန်းကလေးတွေ သနပ်ခါး ပါးကွက်ကျားလေးနဲ့ လှတာကိုတော့ မိတ်ကပ်တွေထက်စာရင် ပိုသဘောကျမိတာ အမှန်ပဲ..

moeyae said...

Nice post!
Ya..me too..I also prefer Tha Nat Khar rather than make-up.

ko khaing said...

ma may ye, tha nat khar saung par phat pee, pa kut kyar ne, twe nyo ko tha di ya dal byar . he'he' . . khu hma pyan twe pee, twe nyo ye, dhat pone the hmar, ma nat khar twe ne so dar tha di thar mi dal..ko yin kyay hmu ne ko pe , kg dal byar.. myanmar pyi taung po lwan mi b.. e dar ma may ye, tha nat khar , saung par kyaung bya. . ma may go ta yar khan shar tel lo taw ma pyaw ne naw,, thanks for , saung par, tha nat khar.....