Tuesday, December 19, 2006

ပျောက်ကြား- ၉

ဒီစာကိုရေးဖြစ်တာကလည်း ကိုသံလွင်ဘလော့က ‘ကျနော်နဲ့ တိုင်းရင်းသားများ’ ဆိုတဲ့ စာကို ဖတ်ရလို့ပါပဲ။ အဲဒီပို့စ်အတွက် ကျမ ကွန်မန့် ရေးမယ်လို့ ခဏခဏ စိတ်ထဲက ကြံစည်မိပါတယ်။ သူကလည်း ကျမရေးမဲ့ ကွန်မန့်ကို မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကွန်မန့်နေရာမှာ ရေးလိုက်ရင် တော်တော်လေး ရှည်လျားနေမှာစိုးလို့ … ကိုယ့်ဘလော့မှာ ကိုယ်ပဲ ရေးလိုက်ပါတယ်။
ရေးရခြင်းရဲ့ ရည်ရွယ်ချက်က (၂) ခု ရှိပါတယ်။ ကိုသံလွင် ပို့စ်ရဲ့ ကွန်မန့်အဖြစ်နဲ့တခု …နောက်တခုကတော့ ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက်ပါ ရည်ရွယ်ပါတယ်။
***
ပျောက်ကြား-၉ ဆိုတဲ့ ၀တ္ထုစာအုပ်လေးကို အဖေက ကျမဖတ်ဖို့ယူလာပါတယ်။ စာရေးသူက (ဗိုလ်အောင်ဒင် ဇာတ်ကားရိုက်ခဲ့တဲ့) ဒါရိုက်တာကြီးရွှေဒုံးဘီအောင်ပါ။ နိဒါန်းရေးပြီးချိန်ဟာ ၁၈.၉.၁၉၄၅ လို့ ရေးထားတာကိုတွေ့ရတဲ့အတွက် ဒီစာအုပ်ကို ၁၉၄၅ ခုနှစ် (လွတ်လပ်ရေးမရခင်) မှာ ထုတ်ဝေခဲ့တယ်လို့ ယူဆရပါတယ်။
ဇာတ်လမ်းကတော့ ခပ်ရိုးရိုးပါပဲ။ ဗမာ့တပ်မတော်သားလေးတယောက်နဲ့ ဂျပန်တော်လှန်ရေးအတွက် ပျောက်ကြားအဖွဲ့ထဲ ပါဝင်ဆောင်ရွက်နေတဲ့ ကရင်မိန်းကလေး တယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ပျောက်ကြား-၉ ဆိုတာကတော့ သူတို့ ပျောက်ကြားအဖွဲ့ဝင် လူ ၃၀ ထဲက ဒီမိန်းကလေးရဲ့ နံပါတ် က ၉ ဖြစ်ပါတယ်။
***
ဒီစာအုပ်ရဲ့ နိဒါန်း နဲ့ ဇာတ်သိမ်းခန်းထဲက စာသားအချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
(မှတ်ချက်။ ။ စာလုံးပေါင်းသတ်ပုံတွေကို မူရင်းစာအုပ်ထဲကအတိုင်း ရိုက်ထားပါတယ်)

***
အချီး
ကလကတ္တား ကိုသိန်းဖေ (တက်ဘုန်းကြီး) ထံမှ ပေးစာကို ကောက်နှုတ်ဘော်ပြချက်။

Add: M. Thein Pe,
Post Box 10207,
CALCUTTA.
19.7.45
ကိုဘီအောင်။

တအိမ်သားလုံး ကျန်းမာ ချမ်းသာကြကြောင်းကြားသိရ၍ များစွာဝမ်းသာပါ၏၊ ခင်ဗျားတို့လဲ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာကို သိချင်ပါဘိတော့တယ်။
x x x x x x
x x x x x x
ကျွန်တော်လဲ မကြာခင် ရွှေပြည်ကြီးနဲ့ နီးပါတော့မယ်။ ရွှေပြည်ကြီးရောက်တယ်ဆိုရင်ပဲ ခင်ဗျားတို့နဲ့ တပျော်တပါးကြီး တွေ့ဆုံကြဘို့ဘဲ။
ကဲ ခင်ဗျားလဲ လက်စွမ်းရှိသလောက် မြန်မာပြည်ပြန်လည်ထူထောင်ရေးကိုလုပ်ပါ၊ အ၀တ်အစားရေး ရောဂါဘယ ထူပြောရေးများကို တိုက်ဖျက်ပါ၊ ခုအခါ မြန်မာပြည်တိုင်းရင်းသားများ အားလုံး စီးလုံးညီညွတ်စေရေး အများပြည်သူတို့ နေသားတကျဖြစ်အောင် လုပ်ပေးရေးတို့ဟာ နိုင်ငံရေးမှာ အကြီးဆုံးဖြစ်ပါတယ်။
x x x x x x
x x x x x x
ခင်ဗျားအိမ်သားများကိုလဲ ဆလံပေးလိုက်ပါသည်။ ကိုချန်ထွန်း (ဗြိတိသျှဘားမားရုပ်ရှင်) စသော မိတ်ဟောင်း ဆွေဟောင်း အားလုံးတို့ကိုလဲ မေတ္တာပို့ကြောင်းပြောပါ။
ပုံ-သိန်းဖေ။

ဤသို့ ရေးသားလိုက်ရာ သူ၏စာအရ မြန်မာပြည်ပြန်လည်ထူထောင်ရေးတွင် တိုင်းရင်းသားခြင်း ညီညွတ်ရေးနှင့် အများပြည်သူတို့ နေသားတကျဖြစ်စေရေးတို့ကို အကြီးဆုံးသော နိုင်ငံရေးများတွင် အပါအ၀င်အဖြစ် ယူဆထားရကား၊ မြန်မာတက်လူ နိုင်ငံရေးသမားများ၏ စိတ်ဓာတ်သည် မပြတ်အစဉ် ဤအရေးများပေါ်တွင် အလေးပြုနေကြကြောင်း ထင်ရှားပါသည်။
x x x x x x
x x x x x x
တိုင်းရင်းသားခြင်း ညီညွတ်စေရေးဖြစ်သော ကရင်၊ ဗမာ သွေးစီးရမည့် ကိစ္စကို အကြောင်းပြုသည့် ဤ ပြောက်ကျား-၉ သွေးညှိ ၀တ္ထုကြီးကို ရေးပြုလိုက်ရပါသည်။
တိုင်းသားညီအစ်ကိုရင်းတို့ သွေးကွဲခြင်းဖြစ်ကြသဖြင့် ပျက်စီးရဘူးသော ဝေသာလီပြည် လိစ္ဆ၀ီမင်း ညီအစ်ကိုများ၏ အတ္ထုပ္ပတ္တိကို လည်းကောင်း၊ ဇာတ်တူသားခြင်းစား၍ ဟင်္သာကိုးသောင်း ပျက်စီးဘူးသည့် ပုံများကိုလည်းကောင်း၊ လက်ငင်း အိန္ဒိယပြည်၏ ဟိန္ဒူ၊ မူဆလမန် ညီအစ်ကိုချင်း အမေ့အမွေကိုလုနေသဖြင့် ဇာတ်မြောနေသည်တို့ကိုလည်းကောင်း၊ သတိပြု ကြည့်ရှုထောက်ထားကာ ပျောက်ကြား-၉ ကို ဘတ်ရှုစေလိုပါကြောင်း။
ဘီအောင်။
၁၈-၉-၄၅
***
ဇာတ်သိမ်းခန်းမှာ သူတို့နှစ်ဦး မင်္ဂလာဆောင်ပုံကို ခုလို ရေးထားပါတယ်။
***
မဏ္ဍပ်ထဲတွင် ကရင်အမျိုးသားများကတသိုက်၊ ဗမာအမျိုးသားများကတသိုက်၊ အမိဗမာ၏သားရင်း ညီအစ်ကို မောင်နှမတစုတို့ အိုးစည်-ဗုံမောင်းမှ စ၍ ခေတ်သစ်တူရိယာများပါမကျန် တီးမှုတ် သီဆို ပျော်ရွှင်နေကြသံများကို လည်း ကြားရပေမည်။

မဏ္ဍပ်တွင် ပြင်ဆင်ကာ မွမ်းမံချယ်လယ်ထားသော ပစ္စည်းများကိုကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်း - စောကြာဒိုးမှစ၍ ကရင်-ဗမာ သူရဲကောင်းများ၏ ဓာတ်ပုံများကို တွေ့ရပေမည်။ ထိုဓာတ်ပုံများ၏ အထက်မှ အမိဗမာသည် ကနေသော ဒေါင်းအနီးတွင် ပြုံးရွှင်ကြည်လင်စွာ ရပ်နေသော ပုံကြီးကို ရှုမြင်နိုင်ပေမည်။

ထိုထက်ထူးသော အခမ်းအနားများမှာကား အင်္ဂလိပ်မြန်မာ ဘာသာများဖြင့် ရေးသားဆွဲချိတ်ထားသော ပိုစတာ စာတမ်းကြီးများဖြစ်ရာ ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပေ၏။

OUR WEDDING HAS LAID STRESS UPON KAREN-BAMA UNITY, AS ONE OF THE MOST IMPORTANT ESSENTIALS.
SO IT IS NO LIP UNITY, IT IS A UNITY BASED ON A RECOGNITION OF TWO HEARTS.

၁။ ကျွန်တော်-ကျွန်မတို့၏ မင်္ဂလာသဘင်သည် မလုပ်မနေအပ်သည့် အရေးအကြီးဆုံးသော ကိစ္စတခုအနေဖြင့် ကရင်ဗမာ ချစ်ကြည်ရေး သွေးစည်းရေးတို့ အပေါ်မှာ အလေးဂရုပြုထားပါကြောင်း။
၂။ ထို့ကြောင့်-ဤသွေးစည်းရေးသည် လူကြားကောင်း နှုတ်ကလေးဖြင့် ပြုအပ်သော သွေးစည်းရေးမဟုတ်ပါ၊ ကရင် ဗမာ ၂ မျိုးလုံး၏ အဇ္ဈတ္တ နှလုံးသည်းပွတ်မှ ဖြစ်ပေါ်လာသည့် မေတ္တာပေါ်မှာ အခြေပြုအပ်သော သွေးစည်းရေးဖြစ်ပါကြောင်း။

WHETHER A KAREN OR A BAMA DOES EVIL, IT IS EVIL, IT IS EVIL DONE BY A BURMAN TO A BURMAN, AND EACH ONE OF US MUST PERSONALLY SHARE THE BLAME.
LET US TRY TO REMOVE THIS EVIL.
AT LAST NATIONAL CONSCIOUSNESS IS NOTHING.

ကရင်ဖြစ်စေ၊ ဗမာဖြစ်စေ၊ ဆိုးရွားညစ်ကြု မကောင်းမှုလုပ်လျှင်၊ ထိုအလုပ်သည် မကောင်းခြင်း ဆိုးခြင်းပင် ဖြစ်တော့၏။ ထို မကောင်းခြင်း ဆိုးခြင်းတို့သည် ကရင်က ဗမာကိုလုပ်သည် မဟုတ်၊ ဗမာကလည်း ကရင်ကို လုပ်သည်မဟုတ်၊ ဗမာ တယောက်က ဗမာတယောက်ကို ပြုလုပ် ကြူးလွန်ခြင်းပင်ဖြစ်လေသည်။ ဗမာ့သွေးနှင့် ဗမာ့သားခြင်း ဘောက်ပြား ကြူးလွန်ကြသည့် မကောင်းမှုများသာ ဖြစ်လေသည်။
ထို့ကြောင့် သူဆိုး ငါကောင်း၊ အကြောင်းပြခါ ဆင်ခြေလဲနေရန် မလိုဘဲ၊ ညီအစ်ကို ၂ယောက်လုံးပင် ထိုပြစ်တင်ချက်များကို အသီးသီး အသက ဝေငှကာ ကိုယ်တိုင် ခံယူကြရမည်။
ထို ဆိုးရွားမှုများကို ကျွန်ုပ်တို့ ကရင်ဗမာ ၂ ဘက်လုံးက ပယ်ရှားကြစို့။
အဆုံး၌ ကရင်ဘဲ ဗမာဘဲ မျိုးခွဲနေသော အစွဲသည် အလကား အလုပ်တွေပါ၊ အချည်းနှီးသာတည်း။
(ရွှေဒုံးဘီအောင်)
***
အချိန်သိပ်မပေးနိုင်လို့ ဒီဝတ္ထုကို ဒီလောက်ပဲ ဖော်ပြလိုက်ပါတယ်။
***
ကိုသံလွင်ပြောသလို ….
“တကယ်လို့များ ကျနော့်ကို မွေးဖွားတဲ့ ဖေဖေနဲ့ မေမေဟာ ဗမာတွေ မဟုတ်တဲ့ တခြားသော တိုင်းရင်းသား တခုခုဖြစ်ခဲ့ရင်လဲ ကျနော်ဟာ အဲဒီ တိုင်းရင်းသား ဖြစ်ခဲ့မှာ အသေအချာပါ။ ကျနော့်မိဘတွေက ဟိုးအာဖရိက တိုင်းပြည်က လူမည်းတွေ ဖြစ်ခဲ့ရင်ရော??။ ကျနော့်မှာ ရွေးချယ်ခွင့် မရှိပါ။ အာဖရိက တိုင်းရင်းသား လူမည်းလေး ဖြစ်နေအုံးမှာ အသေအချာပါပဲ။ ဒီတော့ ကျနော်တို့တတွေ လုပ်နိုင်တာ တခုပဲ ရှိပါတော့တယ်။ မတူတာကို တူအောင် ကြိုးစား ညှိကြပြီး လူ့ဘောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ဖို့ပါပဲ။”

ကျမတို့ဟာ မတူတာကို တူအောင် ကြိုးစားညှိယူကြရပါမယ်။
ဘယ်လို ညှိယူမလဲ … ။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုတဲ့ တိုင်းရင်းသားတွေအားလုံးဟာ မြန်မာ့မြေပေါ်မှာ အတူတကွ နေထိုင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်က ဘာလူမျိုး သူက ဘာလူမျိုး ဆိုတဲ့ စိတ်မထားဘဲ အားလုံးဟာ တမြေထဲနေ တရေထဲ သောက်ကြတဲ့ တနိုင်ငံထဲသားတွေပဲ ဆိုတဲ့ စိတ်ထားနိုင်မယ်ဆိုရင် … ။
ဒီ့ထက်ပိုပြီး တွေးကြည့်တဲ့အခါ …
တိုင်းပြည် နိုင်ငံအသီးသီးမှာ မွေးဖွားကြီးပြင်းခဲ့ကြလို့ လူမျိုးမတူ တိုင်းပြည်ကွဲပြား နေကြပေမဲ့ … အားလုံးဟာ ဒီကမ္ဘာမြေကိုသာ အမှီပြုပြီး နေထိုင်နေကြရတဲ့ “လူသား”တွေပဲ … ဆိုတဲ့ အသိစိတ်ကလေး ထားနိုင်မယ်ဆိုရင် …. ခွဲခြားမှုတွေ … ကွဲပြားမှုတွေဆိုတာ ရှိနိုင်တော့မယ် မထင်ပါဘူး။
***
19.12.06
(ကရင်နှစ်သစ်ကူးနေ့)

5 comments:

Anonymous said...

Very Good blog indeed.
You are right.. we are in the same boat on the river...

Unity is strength....

In the modern world, we no longer look at , who you are, where are you from.. ...
We communicate with mutual respect...

Prince

KGYG EI said...

ဝုတ်ဒယ် မှန်ဒယ်။ အိကတော့ လောလောဆယ် မန္တလေးသူတွေနဲ့ အတူနေရတာဆိုတော့ ရန်ကုန်နဲ့ မန္တလေး Discrimination က အရမ်းခံစားရတယ်။ သူတို့က စကြတာပါ။ ဒါပေမယ့် သူတို့ကများ ညည်းတို့ရန်ကုန်သူတွေက စကားပြောရင် လျာဖျားလေးနဲ့ ပြောတယ်။ ရန်ကုန်က ဘယ့်နှယ့် ဘယ်ညာ ပြောရင် စိတ်မကောင်းဘူး။ တကယ်တော့ ကိုယ့်မြန်မာပြည်ထဲမှာ အားလုံးဟာ အတူတူပါပဲဗျာ။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပေမယ့် မြန်မာတပြည်လုံးကို ကိုယ့်အိမ်လိုပဲ ချစ်ပါတယ်။ ဗမာဟာလဲ one of the တိုင်းရင်းသားပါပဲဗျာ။ ခွဲခြားကြရင် စိတ်မကောင်းပါဘူး။ အားလုံးသော တိုင်းရင်းသားတွေရဲ့ မတူညီတဲ့ နေထိုင်စားသောက် ဓလေ့စရိုက်တွေကပဲ မတူညီလို့ပဲ ချစ်စရာကောင်းတာလို့ ခံစားရတယ်။ အားလုံးတူနေရင် ဘယ်ပျော်စရာကောင်းတော့မှာလဲ။ ဒါပေမယ့် နင်တို့က ဗမာ ငါတို့က ဘာဆိုပြီး ခွဲခြားရင်တော့ စိတ်မကောင်းဘူးဗျာ။ ပြီးတော့ ရန်စလိုက်ဦးမယ်။ ဟ ဟ မန္တလေးသူ မန္တလေးသားတွေက ဂိုဏ်းကဏစွဲကြီးတယ်ဗျာ။ ဘိုးဘွားတွေက သူတို့ခြံထဲမှာ သရက်ပင်ထားခဲ့တာကို ငါတို့အပိုင်ဆိုပြီး လက်ဝါးကြီးအုပ်တယ်။ တကယ်တော့ နန်းမြို့ရိုးနဲ့ ကျုံးနဲ့ဟာ အနော်တို့လည်းဆိုင်ပါတယ်ဗျ။ အနော်တို့လည်း ချစ်ပါတယ်ဗျ။ ပြောလိုက်ရင် ခင်ဗျားတို့ရန်ကုန်က အင်္ဂလိပ်အမွေပဲ ကျန်တာ ကျုပ်တို့ မန္တလေးကမှ တကယ့် အနှစ်ဘာညာပြောရင် မခံချင်လို့။ တမြေထဲမှာကနေ ရန်ကုန်မန္တလေး ကို ခေါင်းစဉ်ပြောင်းသွားပြီ။ ဟ ဟ။ ဘာရည်ရွယ်ချက်မှ မဟုတ်ပါဘူး။ ခုကစပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားလိုက်ပါပြီ။ ဟိ ဟိ။ မန္တလေးသူ မန္တလေးသားများ စကားတတ်တတ်နဲ့ ရန်ပြန်တွေ့ဂျမှာကို မြင်ယောင်နေပါတယ်။ ဟား ဟား ဟား။
မမေရေ ကွန်မန့်ကတော့ တော်တော်ရှည်သွားပြီး ဆောရီး ဆောရီး

seinmyoutmyout said...

ဟေး…..အရမ်းကြိုက်တယ်။
ဟုတ်တယ်ဗျာ။ နောက်ဆုံးတော့ ကျွန်တော်တို့တွေ အားလုံး ဟာ လူသားတွေပါဘဲဗျာ။
ကိုသံလွင် ရေးတာရော အစ်မရေးတာ ရော ကောင်းတယ်။

ကလိုစေးထူး said...

ကျေးဇူး အထူးတင်ပါတယ် အမ။ ကျနော် အဲဒီ ပို့စ်ကို ရေးဖြစ်သွားတာကလဲ " နင်တို့ ဗမာတွေ အကျင့်ကို မကောင်းဘူး " လို့ ၀မ်းနည်းဖွယ် အပြောခံထိတာတွေကို ကျနော်နဲ့ တကွ တခြားသော (တိုင်းရင်းသားထဲမှာ တမျိုးအပါအ၀င်ဖြစ်တဲ့) ဗမာတွေ ကိုယ်စား ပြေပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ ရေစက်ဆုံလို့ တွေ့ကြရတဲ့ အခိုက်အတန့်လေးမှာ ရွေးချယ်ခွင့် မရှိခဲ့တဲ့ သဘာဝတရားရဲ့ မွေးဖွားလာမှုအရ ကွဲပြားလာတဲ့ လူမျိုးအချင်းချင်း အကြား နွေးထွေးတဲ့ ခင်မင်မှုတွေ ရလာစေဖို့ ရည်ရွယ်ပြီး ရေးခဲ့တာပါ။ အခု အမက ပို့စ်တခု အနေနဲ့ ဖြည့်စွက်ရေးလိုက်တော့ ပိုလို့ပြည့်စုံသွားတာပေါ့။ တကယ်တော့ ကျနော်လဲ ဗမာ စစ်စစ်မဟုတ်ပါဘူး။

generation96 said...

သိပ်တန်ဖိုးရှိတဲ့ သိပ်ကောင်းတဲ့ စာတွေပါပဲ အမရေ။ ဒါရိုက်တာကြီး ရွှေဒုံးဘီအောင်ရဲ့ စာအတွက်လည်း ကျေးဇူးဗျာ။ ကျနော့် ပို့စ်အတွက် တော်တော်လေး အထောက်အကူဖြစ်သွားတယ်။ ကိုသံလွင်ဆီမှာ လည်း comment မရေးဖြစ်ခဲ့ပေမယ့် အရမ်းမှန် အရမ်းကောင်းပါတယ်လို့။