Sunday, December 10, 2006

အလျှောက်ကောင်းပေလို့

အတက်-အကျ၊ အလျှော့-အတင်း
***
မနေ့က ကျမ ကွန်ပျူတာရှေ့မှာထိုင်ပြီး ထုံးစံအတိုင်း အလုပ်လုပ်ရင်း ဂျီတော့ခ်နေစဉ်မှာပဲ ဧည့်သည်လာလို့ ကျမကို လာခေါ်ပါတယ်။ တကယ်တော့ ဧည့်သည်က အဖေ့ဆီလာတာပါ။ အဖေ မရှိတဲ့အတွက် အဖေ့ကိုယ်စား ကျမက သွားတွေ့ရမှာ။ ဧည့်သည်က ဘုန်းကြီးတပါးလို့ ပြောတာနဲ့ ခေါင်းထဲမှာ ဘယ်ကဘုန်းကြီးဖြစ်နိုင်မလဲ အပြေးအလွှားစဉ်းစားမိတယ်။

တလတခါလိုလို အလှူလာခံနေကြ ဦးဇင်းကြီးလား၊ တနှစ်တခါလောက် ရောက်ရောက်လာတတ်တဲ့ ဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဦးဇင်းလေးလား၊ ဒါမှမဟုတ် ဟိုတနေ့ကလာသွားတဲ့ အဖေ့တပည့် ဦးဇင်းလတ်လား၊ တွေးရင်း အောက်ထပ်ကိုဆင်းသွားတော့ ကျမထင်တာ တခုမှ မဟုတ်ပါဘူး။
ကျမတို့ဆီ တခါမှ မလာဖူးပေမဲ့ ကျမတို့ အိမ်နားက ဆရာဝန်တယောက်ရဲ့ အဖေ အသက် ၇၀ကျော် ၈၀ နားနီး တောထွက် ဘုန်းကြီးကြီးပါ။

ကျမ အောက်ထပ်ဆင်းသွားချိန်မှာ ဘုန်းကြီးက ကွန်ပျူတာရိုက်တဲ့ကလေးမလေးနဲ့ စကားတွေပြောနေပါတယ်။ ပါဠိရိုက်တတ်လား။ စာစီရင် တမျက်နှာဘယ်လိုယူလဲ၊ ဘာတွေရိုက်နေလဲ … စသဖြင့် မေးနေတော့ ဘုန်းကြီးနဲ့ စကားသိပ်မပြောတတ်တဲ့ ကလေးမလေးလဲ ဟုတ်ကဲ့တွေရော တင်ပါ့တွေရော ရောက်တတ်ရာရာတွေ ပြန်ဖြေနေလေရဲ့။

ဒါနဲ့ ကျမရောက်သွားတော့ ဘုန်းကြီးက …
‘နင့်အဖေမရှိဘူးလား’
‘မရှိပါဘူး ဘုရား … အပြင်သွားနေပါတယ်’
‘နင် ငါ့သိတယ်မှုတ်လား’
‘တင်ပါ့ … သိပါတယ်ဘုရား’
‘အေး … နင့်အဖေ မရှိရင် နင့်ကိုပဲမေးတော့မယ်၊ စာအုပ်တအုပ်ထုတ်မယ်ဆိုရင် ဘယ်ကစ လုပ်ရတုန်း’
‘ကွန်ပျူတာ စာစီရပါမယ် ဘုရား’
‘စာစီပြီးရင် တန်းရိုက်ရုံပဲလား’
‘မဟုတ်ပါဘူး ဘုရား … ဖလင်ရိုက်ရပါအုံးမယ် … ဖလင်ရိုက်ပြီးမှ …’
‘အေးအေး .. အဲဒါ အသာထား … ကွန်ပျူတာစာစီရင် တဖောင်ကို ဘယ်လောက်ကျမလဲ’
‘စာအုပ်က ဘယ်ဆိုက်လဲဘုရား … ၁၆ ချိုးလား၊ ၈ ချိုးလား’
ဆိုတော့ ဘုန်းကြီးက နားမလည်ပါဘူး။ ဒါနဲ့ပဲ စက်ခန်းထဲက နမူနာ စာရွက်တရွက်ယူပြီး
‘ဒါဆိုရင် ၈ ချိုးဘုရား .. တဖောင်ကို ၈ မျက်နှာ၊ ၁၆ ချိုးဆိုတာက ၀တ္ထုစာအုပ်ဆိုက်ပါဘုရား … ကွန်ပျူတာစီမယ်ဆိုရင် ……’
စသဖြင့် ကျမ ရှင်းပြလိုက်တော့ …
‘အေးအေး ဟုတ်ပြီ … ဒါကို ဖလင်ရိုက်ရင် တဖောင်ကို ဘယ်လောက်ကျ မတုန်း’
ဆက်မေးပြန်ပါတယ်၊ ကျမလဲ ဖလင်ရိုက်တာနဲ့ ဖလက်တွဲတာ က သူ့နှုန်းနဲ့သူရှိကြောင်း ဒီမှာ မလုပ်ကြောင်းပြောတော့ သူက စက္ကူဖိုးကို မေးပြန်ပါတယ်။

ကျမလဲ နမူနာယူထားတဲ့ စက္ကူကိုပြပြီး …
‘စက္ကူကလဲ ကိုယ်ရိုက်မဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးအစားစားရှိပါတယ်ဘုရား၊ ဒါက နော်ဝေပါ၊ ချိုင်းနားတို့ ဘားမားတို့လဲ ရှိပါတယ်၊ ဘားမားမှာဆိုရင် ဘားဖြူ .. ဘားပြာ …’
‘တော် ..တော် … ဘာမားမသုံးဘူး၊ ဖြူဖြူချောချော နိုင်ငံခြားစက္ကူဆို ဘယ်လောက်တုန်း’
ဒါနဲ့ တပည့်တော်လဲ .. အဲ .. ကျမလဲ စက္ကူက ဂရမ်ပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိကြောင်း၊ ခန့်မှန်းချေ ဘယ်လောက် ဂရမ် ဘယ်ဆိုက်ဆိုရင် ဘယ်လောက်ဖြစ်ကြောင်း၊ ဒါပေမဲ့ ဈေးနှုန်းက တသမတ်ထဲမဟုတ်ဘဲ အတက်အကျရှိကြောင်း …ပြောတဲ့အခါမှာ … ဘုန်းကြီးက
‘တယ် .. ဒီကောင်မလေး .. ဘာတွေလျှောက်ပြောနေတာလဲ … စကားကိုလွယ်လွယ်နဲ့ပြောတယ်’
ရုတ်တရက်ကြီး ထကောပါလေရော။ ကျမလဲ ဘာမှန်းမသိဘဲ လန့်သွားပြီး …
‘တပည့်တော်ပြောတာက …’
‘ဈေးနှုန်းဆိုတာ ဘယ်တုန်းက အကျရှိလို့တုန်း၊ အတက်ပဲရှိတာမှုတ်လား … ဘာလဲ အတက်အကျရှိတယ်တဲ့ … မဟုတ်က ဟုတ်ကတွေ လျှောက်ပြောနေတယ် … ဘာလဲ … နင်အမှန်မပြောရဲဘူးလား … ဖမ်းခံရမှာကြောက်လို့လား’

ဒီတော့မှ ကျမလဲ ရယ်ချင်စိတ်နဲ့ စပ်ဖြဲဖြဲဖြစ်သွားပြီး …
‘မှန်လှပါဘုရား … တပည့်တော်ပြောတာမှားသွားပါတယ် … ဈေးနှုန်းက အတက်ပဲ ရှိပါတယ် ဘုရား’ လို့ ပြန်ပြင်လျှောက်လိုက်တော့မှ ဘုန်းကြီးကျေနပ်သွားပြီး ပုံနှိပ်ခကို ဆက်မေးပါတယ်။
ပုံနှိပ်ခကိုပြောတော့ ဈေးက မလျှော့ဘူးလား တဲ့ … ဘုန်းကြီးက ဈေးဆစ်နေပါတယ်။ ဒါနဲ့ပဲ ကျမက
‘ဈေးကတော့ အလျှော့အတင်း ရှိပါတယ်ဘုရား … အဖေနဲ့သာ ညှိပါဘုရား …’
ဆိုတော့ သူက လာပြန်ပြီလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ ဒါနဲ့ပဲ ကျမလဲ ခပ်မြန်မြန်ပဲ
‘မှားသွားလို့ပါဘုရား …ဈေးက အလျှော့ပဲ ရှိပါတယ်၊ မတင်းပါဘူးဘုရား … အရှင်ဘုရားအပ်ရင် အဖေက လျှော့ပေးမှာပါပဲ’ လို့ ကမန်းကတန်း ပြင်လျှောက်လိုက်တော့မှ ဘုန်းကြီးကြီးလဲ ကျေနပ်စွာနဲ့ ထွက်သွားပါတော့တယ်။
ဝှူး … မလွယ်ပါ့လား …နော် …။
***

3 comments:

KGYG EI said...

အိကတော့ သံဃာနဲ့ စကားပြောရမှာ အရမ်းကြောက်တယ်။ ဘယ်လိုမှတ်သားထားထား တကယ်တမ်းပြောဟေ့ ဆိုရင် တင်ပါ့တွေရော၊ မှန်ပါ့တွေရော၊ ဟုတ်ကဲ့ပါ ဘုရားတွေရော ရှုပ်ကုန်ရော။ မမေရေ ကျေးဇူးပါပဲ။ အိ Chicken Pox မဖြစ်ပါဘူး။ အဖုဖုတွေ ထွက်လာမှာစိုးလို့ သူ့ဘာသူ သွေးရိုးသားရိုး လက်မောင်းမှာ ယားကျိကျိလေး ဖြစ်နေတာတောင် မကုတ်ရဲဘူး။ အဖြစ်သည်းတာ။ နည်းနည်းဖျားချင်တာနဲ့ အိပ်ရေးပျက်တာနဲ့ ပေါင်းသွားတာပါ။ မမေလာမေးတော့ အရမ်းဝမ်းသာတယ်။ ကျေးဇူးပါမမေ။

ကလိုစေးထူး said...

စကားပြောရ လက်ပေါက်ကပ်တဲ့ အထဲမှာ တောထွက် ဘုန်းဘုန်းတွေလဲ ပါတယ် အမရ။ ကျနော်တော့ အဲဒီ ဘုန်းဘုန်းနဲ့ စကားပြောကြည့်ချင်တယ်.. သေချာတာကတော့သူစိတ်ညစ်သွားမှာ။

tun said...

Ma Maydarwii
Very good at writing. I like ur writing style of ur experience to be interesting.
Tun