Monday, December 04, 2006

နေ နဲ့ လ … သို့ …

‘နေနဲ့လ …ရွှေနဲ့မြ’ ဆိုတဲ့စကားဟာ တယောက်နဲ့တယောက် လိုက်ဖက်ညီမှုရှိတဲ့အခါများမှာ သုံးစွဲလေ့ရှိကြပါတယ်။
ကျမစဉ်းစားကြည့်မိပါတယ်။ နေ နဲ့ လ ဆိုတာ ကောင်းကင်ထက်မှာ ရှိတာချင်းတူပေမဲ့ နေထွက်ရင် လပျောက်၊ လရောက်တော့ နေကွယ် ရတာမို့ … သူတို့နှစ်ဦး လိုက်ဖက်ညီတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

မြတ်စွာဘုရား ဓမ္မစကြာ တရားဦးကိုဟောတဲ့အချိန်ဟာ နေအ၀င် လအထွက် အချိန်မှာလို့မှတ်သားခဲ့ဖူးပါတယ်၊ တရားဦးဟောပုံကို ပန်းချီနဲ့သရုပ်ဖော်တဲ့အခါမှာလည်း အရှေ့ကောင်းကင်မှာ လမင်းသာနေပြီး အနောက်တောင်စွယ်မှာ နေကွယ်လုလု ပုံစံမျိုးနဲ့ သရုပ်ဖော်ခဲ့ကြတဲ့ ပုံတွေလည်း ကြည့်ခဲ့ဖူးပါတယ်။

အဲဒီလို နေနဲ့လ ရဲ့ ဆုံနိုင်ခွင့်အချိန်လေးဆိုတာ လတလမှာလဲ တရက်လောက်ပဲ … တရက်တာမှာလဲ ခဏလေးပါပဲ။
ခဏလေး ရှားရှားပါးပါး ဆုံတွေ့ကြရတဲ့ နေ နဲ့ လ လို လူတွေဟာ ဒီကမ္ဘာပေါ်မှာ ရှိနေကြပါတယ်။
ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ ကိုယ်စီ ကိုယ်စီ ရပ်တည်နေကြရင်း ဆုံဆည်းခွင့်ကို မျှော်လင့်နေကြတဲ့ ‘နေ နဲ့ လ’ လေးတွေရဲ့ အခက်အခဲတွေ အကြောင်း …
***
ခက်ခဲခြင်းများ

နေ-လ ပမာ၊ ၀ဠာဘုံထက်၊ ဆုံနိုင်ပါလျက်၊ အတွေ့ခက် …
တွေ့လျက်သာပင်၊ မြင်နိုင်ပါလျက်၊ အကြင်ခက် …
အကြင်နာများ၊ နှုတ်ဖျားရွရွ၊ ဖွင့်ဟလိုလျက်၊ အဆိုခက် …
ဆိုမည့်စကား၊ နှလုံးသားထဲ၊ သိမ်းဆဲ(ဆည်း) ထားလျက်၊ အမေးခက် …
မေးမည့်ပုစ္ဆာ၊ သိနေပါလျက်၊ အဖြေခက် …
အဖြေကိုသိ၊ နှစ်ဦးညှိလဲ၊ ၀မ်းနည်းရလျက်၊ အငိုခက် …
ငိုကြွေးမျက်ရည်၊ ရင်နင့်လေအောင်၊ ပူလောင်ကျွမ်းလျက်၊ အရှိုက်ခက် …
ရှိုက်ငင်ပင့်သက်၊ ရစ်ပတ်နွယ်ငင်၊ သံယောဇဉ်ကို၊ ပြတ်လိုပါလျက်၊ အဖြတ်ခက် …
ဖြတ်မည့်အရေး၊ မတွေးရဲကာ၊ ဝေးခွဲခွါမှ၊ တမ်းတပါလျက်၊ အလွမ်းခက် …
လွမ်းရသော်ငြား၊ နှစ်ဦးသားမှာ၊ ကံကြမ္မာကို၊ မျှော်ကိုးပါလျက်၊ ယုံရခက် …
ယုံကြည်ချက်ထား၊ အင်အားကိုယ်စီ၊ ညီနေပါလျက်၊ ဆုံဖို့ခက် … ။ ။
***
3.12.06
(11:45 pm)

6 comments:

hana said...

မိုက်တယ်..မမေ။
တကယ်တော့မခက်ပါဘူး။
နေနဲ့လက ခက်ချင်ခက်မယ် ဆုံဖို့။
လူတွေအတွက်ကတော့မခက်လှပါဘူး။ လေယာဉ်ပျံကြီးစီးသွားရင်ရတယ်လေ။

ဖြူဖြူ said...

မမေ...ကဗျာလေးကို နှစ်သက်လှတယ်။ တနေ့ကမှ အမရဲ့ ဒီဘလော့ခ်လေးကို ဖတ်မိတာ။ အရမ်းဝမ်းသာပါတယ်။ တစ်ခုလောက် မေးချင်တယ်။ အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ်ဆိုတဲ့ စကားက ဘာကိုဆိုလိုလဲမသိလို့ပါ။ ပြောနေကြတာ ခဏခဏကြားဖူးတယ်။ နားမလည်လို့ပါ။

Maydarwii said...

မမေရဲ့ ဘလော့ကို လာရောက်လည်ပတ်တဲ့သူ တယောက်တိုးတဲ့အတွက် မမေကလဲ ၀မ်းသာပါတယ်ဖြူဖြူ။ ဖြူဖြူမေးထားတဲ့ အငိုလွယ်ပေမဲ့ အရှိုက်ခက်တယ် ဆိုတဲ့စကားနဲ့ပတ်သက်ပြီး မမေ ပို့စ်တခု သတ်သတ် တင်ပေးပါမယ်။ ရေးဖို့က နဲနဲ ရှည်နေလို့ပါ။
ကျေးဇူးတင်ပါတယ်။

ko khaing said...

dee law ka gyi hmar nay shi nay mya, la le shi nay hmar taw thay char par dal..dar kyaung son naing khat tar ko tin sar han ma tuu bu lo kya naw thin dal, ma may. nay nae la to, a mye shi kya tar ko myar pyaw chin dar lar lo, kya naw daw, dee lo pe , khan sar chin dal.. ma may ka byar lay ko ... kyaik tel.. thanks for , saung par and ka byar...

ကလိုစေးထူး said...

ဒီ ပို့စ်အတွက် ကွန်မန့် ပြန်ရေးချင်တာကြာပါပြီ။ အခုမှပဲရေးဖြစ်တယ်ဆိုပါတော့။ တကယ်တော့ ဟနပြောသလောက်လဲ လေယာဉ်ပျံကြီး စီးလောက်အောင်လဲ အကြောင်းတရားတွေက လွယ်ချင်မှ လွယ်တတ်ပါတယ်။ အဲဒီတော့ ကျနော် ကဗျာ တပုဒ် ရေးမိတယ်။

နေနှင့်လ၊ ရွှေနှင့်မြဟု
တင်စားစကား၊ ရှိတုံငြားလဲ
လမင်းကွယ်မှ၊ နေမင်းသာ၍
သော်တာ စန္ဒာ၊ ပြုံးတုံ့လှယ်စဉ်
ကွယ်ဝင်သူရိန်၊ မှေးမှိတ်မှိန်၏။

ယုံကြည်မှုထပ်၊ စိတ်ချင်းအပ်လျက်
မေတ္တာစစ်တူ၊ ချစ်မူငြားလဲ
ပေါင်းစပ်ရန်ဝေး၊ တွေးကာ ဆွေးပေါ့
သိုတိတ်ကွယ်မေ့၊ မမိုက်ရက်
အငိုသိပ်လွယ်၍၊ အရှိုက်ခက်။

သံလွင်

ကိုသူ said...

ဒီကဗျာရဲ့ ဒီမှာဘက် တနှစ်ကျော် အကြာကို ရောက်တော့…….။

((((((((((((((((((((((((((((((((((((((((((