Saturday, December 23, 2006

ဒီတဆောင်းနဲ့ နှစ်ချောင်းထိုး


ဂူဂယ်စာမျက်နှာကို ဖွင့်လိုက်တော့ လိုဂိုနေရာမှာ သားပိုက်ကောင်လေးတွေ သိုးမွှေးချည်လုံးလေးနဲ့ နှစ်ချောင်းထိုးထိုးနေကြတဲ့ ပုံလေးကိုတွေ့ရလို့ ပစ်ထားတဲ့ သိုးမွေးချည်ခင်တွေ သွားသတိရမိတယ်။ ဟိုးတလောက မွေးနေ့လက်ဆောင်ပေးဖို့ ဦးထုပ်တလုံး ကြိုးစားပမ်းစား ထိုးပြီးကတည်းက နှစ်ချောင်းထိုးအပ်ရော ချည်လုံးတွေပါ မကိုင်ဖြစ်တော့ဘူး။ ခုလိုချမ်းချမ်းအေးအေးရာသီမှာ အလုပ်မရှိရင်တော့ သိုးမွှေးထိုင်ထိုးနေချင်သား။

တကယ်တော့ အဲဒီလို အလုပ်မျိုးတွေ နဂိုက ၀ါသနာမပါခဲ့ရိုးအမှန်ပါဘဲ။ ဇာထိုး ပန်းထိုး၊ တချောင်းထိုး နှစ်ချောင်းထိုး စိတ်ကို မ၀င်စားခဲ့ဘူး။ ငယ်ငယ်ထဲက အဖိုးနဲ့နေလာတာဆိုတော့ ကျောင်းပိတ်ရက်ဆို သစ်ပင်စိုက်၊ မြက်ရိတ်၊ သံတိုင်တွေကော်ပတ်စား၊ သံပန်းတွေဆေးသုတ်၊ အဲဒါမျိုးအလုပ်တွေနဲ့သာ ယဉ်ပါး ကျင်လည်နေခဲ့ရတယ်။ ကိုယ့်အင်္ကျီ ပြဲလို့တောင် ကိုယ်မချုပ်တတ်ခဲ့ဘူး။ ကျောင်းကအိမ်တွင်းမှု အချိန်ဆို ဘယ်ထွက်ပြေးရမှန်းမသိအောင် စိတ်ညစ်ခဲ့ဖူးပါရဲ့။

အဲဒီလို မိန်းမပီပီသသမို့ ဆယ်တန်းအောင်တော့ အမေက အိမ်တွင်းမှုသင်တန်းကျောင်း ပို့ပါတယ်။ ဓမ္မစေတီ လမ်းပေါ်က ကျောင်းပေါ့။ သင်ယူရတဲ့ဘာသာက အထွေထွေအပ်ချုပ်တဲ့။ အစားအသောက်ဆို ဟုတ်တုတ်တုတ်။ ဒါနဲ့ပဲ အဲဒီကျောင်းတက်နေစဉ် ၃ လ တိတိ အပ်တွေ ချည်တွေနဲ့ နပန်းလုံးခဲ့ရတယ်။ ခေါင်းအုံးစွပ် ပန်းထိုးပြီး တင်ရမယ့်နေ့က မပြီးလို့ အိမ်မှာ ဂျီတိုက်နေတာနဲ့ အမလတ်က ကူထိုးပေးပါတယ်။ အရပ်ကူပါ လူဝိုင်းပါနဲ့ သင်တန်းလည်း ပြီးဆုံးတော့ သွားခဲ့တာပါပဲ။ သိပ်တော့လည်း တတ်လှတယ် မဟုတ်ပါဘူး။

ဒါပေမဲ့လည်း တတ်သည့်ပညာ မနေသာဆိုသလို သင်ထားတဲ့ပညာလေးကို အသုံးချချင်တာနဲ့ အမေနဲ့အဖေအတွက် ဦးဆုံး တခုခုလုပ်ပေးဖို့ စဉ်းစားတော့ … နှစ်ချောင်းထိုး နဲ့ တခုခုထိုးပေးမယ်လို့ စိတ်ကူးရပါတယ်။ သိုးမွှေးထိုးရာမှာ တချောင်းထိုးနဲ့ နှစ်ချောင်းထိုးဆိုရင် ကျမက နှစ်ချောင်းထိုး ထိုးရတာ ပိုကြိုက်တယ်။
ဘာကြောင့်လဲ ဆိုတော့ ငယ်ငယ်က အဖေ၀ယ်ပေးတဲ့ ကာတွန်းပုံလေးတွေပါတဲ့ အင်္ဂလိပ်စာအုပ်ထဲမှာ ကြောင်အဖွားကြီးက မျက်မှန်သေးသေးလေးတပ်ပြီး ခုံကြီးပေါ်မှာထိုင်လို့ နှစ်ချောင်းထိုး ထိုးနေတဲ့ပုံလေး ကို သဘောကျခဲ့ဖူးတယ်။ တချောင်းထိုးနဲ့ ထိုးထားတဲ့ အင်္ကျီထက်စာရင် နှစ်ချောင်းထိုး အင်္ကျီတွေကိုလည်း ပိုသဘောကျလို့ပါ။

ဒါနဲ့ပဲ စစချင်း အလွယ်ဆုံးဖြစ်တဲ့ မာဖလာထိုးခဲ့တယ်။
အမေနဲ့ အဖေကို ခရစ်စမတ်နေ့ အမီ လက်ဆောင်ပေးဖို့ ၂ ခု ပြီးအောင် ထိုးမယ် ဆိုပြီးရည်ရွယ်ထားပေမဲ့ ၁ ခုပဲ ပြီးပါတယ်။ မတတ်နိုင်ဘူး .. အဲဒီတခုကိုပဲ ပက်ကင်လှလှလေးထုတ်ပြီး အမေနဲ့ အဖေကို မဲနှိုက်ခိုင်းတယ်။ လူကြီးတွေလဲ အငြိမ်မနေရဘူး။ မဲနှိုက်တော့ အမေကပေါက်ပါတယ်။ အဖေကတော့ ‘အဖေက အဲဒီလို မဲပေါက်တတ်တဲ့ ကံ မရှိဘူး’ လို့ သူ့ကိုယ်သူပြောပါတယ်။ အမေက သူမဲပေါက်ပေမယ့် မယူဘဲ အဖေ့ကိုပဲ ပေးလိုက်တယ်။ ချစ်ပုံများ … လေ။ အဲဒီ မီးခိုးရောင် မာဖလာလေး အဖေခုထိ ပတ်နေတုန်းပါပဲ။

နောက်တော့ အမေ့အတွက် ခေါင်းစွပ် ဦးထုပ်တလုံးထိုးပေးလိုက်ပါတယ်။ မာဖလာတွေ ဦးထုပ်တွေ ထိုးရင်းနဲ့ တဖြည်းဖြည်း စိတ်ပါလာပြီး အင်္ကျီ ထိုးနည်းတွေကို ကြီးတော်ကြီးဆီမှာ ဆက်လက်သင်ယူပါတယ်။ သင်နေရင်းနဲ့ သင်ထိုးလေးတွေ ထိုးခဲ့တာကတော့ အဖေ့အတွက် ခေါင်းစွပ် ဆွယ်တာလက်ပြတ်တထည် နဲ့ အမေ့အတွက် လက်ရှည်တထည် ပါ။ အဲဒါတွေပြီးဖို့ကတော့ အချိန် သိပ်မပေးရပါဘူး။ ဆောင်း ၃ ဆောင်းလောက်ပါပဲ။ တဆောင်းသစ်ပြီဆိုရင် ထိုးလက်စ ချည်ခင်တွေသိုးမွှေးတွေပြန်ကိုင်၊ နွေပေါက်ရင် ချထားလိုက်နဲ့ ဆိုတော့လည်း ဒီလောက်တော့ကြာမှာပေါ့။

အဖေ၊ အမေ နဲ့ တခြားသူတွေအတွက် ထိုးပေးဖြစ်ပေမဲ့ ကိုယ့်အတွက်ကိုယ်တော့ ဘာတခုမှ မထိုးဖြစ်ပါဘူး။ ဆွယ်တာ အနေနဲ့ နောက်ဆုံးထိုးဖြစ်တာက အဖွား (အဖေ့အမေ) အတွက်ပါ။ ယုန်မွှေးချည်နဲ့ အဖွားအတွက် ဆွယ်တာထိုးနေတာ ထုံးစံအတိုင်း ကြာနေတော့ အဖွားက ငါသေတောင် ၀တ်ရပါ့မလား လို့ နိမိတ်ဖတ်သလို ပြောလိုက်တာ။ တကယ်ပဲ သူသာသေသွားရော ဆွယ်တာက မပြီးလိုက်ဘူး။ သေပြီးတော့မှ ကြီးတော်ကြီးက အဆုံးသတ်ထိုးပေးပါတယ်။

တခါတလေကျတော့လည်း ၀ါသနာမပါပေမဲ့ လုပ်မိနေတဲ့ အလုပ်တွေက အများသားပဲ။ ဒီနှစ်ချောင်းထိုးဆို စ သင်ခါစက အပ်မကိုင်တတ် ချည်မကိုင်တတ်နဲ့ ထိုးရင်းနဲ့ လက်တွေကိုက်လို့ ငိုတောင် ငိုခဲ့ရတာ။ အမေ တိုက်တွန်းလို့ ဒီသင်တန်းလေး တက်ခဲ့ရတယ်၊ အပ်ဘယ်လို ကိုင်ရတယ် ဘယ်လိုထိုးရတယ်ဆိုတာလေးတွေ နားလည်ခဲ့တယ်။ ၀ါသနာမပါပေမဲ့ ပညာရပ်တခုဆိုတာ တတ်ထားရင် အကျိုးတော့ရှိသားပါပဲ။ ကိုယ်လိုအပ်တဲ့အခါ အသုံးချနိုင်တာပေါ့။ တယောက်ယောက်ကို လက်ဆောင်ပေးချင်တဲ့အခါ ကိုယ့်လက်နဲ့ ပင်ပင်ပန်းပန်းလုပ်ထားတဲ့ ပစ္စည်းလေးပေးရတော့ ပိုပြီးတန်ဖိုးရှိတယ်လို့ စိတ်ထဲ ထင်မိတယ်။

ဒီတဆောင်းမှာတော့ ကျမရဲ့ လက်ဟာလည်း ချည်ခင်လေးတွေ အပ်လေးတွေနဲ့ ဝေးပြီး ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ တချောက်ချောက်ပြေးလွှားလိုက် မီးဖိုထဲမှာ ဓားတွေကိုင်လိုက် ကြက်သွန် အာလူးတို့ သားငါးတို့ ကိုင်လိုက်နဲ့ … ၀ါသနာပါတာတလှည့် မပါတာ တလှည့် လုပ်နေရပါပေါ့လား။
***

4 comments:

THU HNIN SEE said...

မွန်ကိုလည်း လက်အိတ်လေးထိုးပေးပါလားမမေ..ဟိ

Maydarwii said...

လက်အိတ်တော့ ထိုးတတ်ဖူး မွန်ရေ ..ခြေအိတ်ပဲ ထိုးတတ်တယ် ...

ကလိုစေးထူး said...

လက်သီးရော ထိုးတတ်သေးလား။ :P

Aye Mya Thu said...

မမ ညီမကသိုးမွှေးထိုးတတ်ချင်တာ
သင်တန်းတက်ဖို့ကလဲ အလုပ်တစ်ဖက် ကလေးတွေက တစ်ဖက်ဆိုတော့ မလွယ်ဘူးပေါ့မမရယ်
ခုရုံးမှာသူငယ်ချင်းတစ်ယောက်ကသူများဆီကနည်းနည်း သင်လာပြီးထိုးကြည့်နေကြတယ် ဒါပေမယ့် အဆုံးကို ဘယ်လိုလုပ်ရမလဲမသိတော့ တန်းလန်းကြီးဖြစ်နေတယ်
မမရယ်....online မှာလည်းရှာလို့မရဘူး..... ဘယ်လိုလုပ်ရမလဲမမ
အမေ့အတွက်ပုခုံးတင်ပုဝါလေးပေါ့မမရယ်
ဘုရားရှိခိုးရင်တင်ရအောင်လို့ ဟဲဟဲ
တတ်သွားရင် သမီးလေးတွေအတွက် အနွေးထည့်ပေါ့
ပန်းတိမ်မတတ်ပဲ ရွှေခိုးသင်ဆိုတာညီမလေ
ကူညီပါဦးနော်...