Friday, December 01, 2006

ကျမနှင့် နားပေါက်ယဉ်ကျေးမှု


“ယောကျာ်းမှာဖိနပ်၊ မိန်းမမှာ နားကပ်” တဲ့ .. ဘယ်သူက စထွင်လိုက်တဲ့ စကားလဲတော့မသိဘူး၊ ခုတလော စာအုပ်တွေထဲလဲ တွေ့တွေ့နေရ၊ အပြင်မှာလဲ ကြားကြားနေရတယ်။
ယောကျာ်းလေးတွေမှာ ဖိနပ်က အဓိက ဖြစ်သလို မိန်းမတွေမှာလဲ နားကပ်က အဓိက ဆိုတဲ့ သဘောလား တော့မသိ၊ အဲဒီစကားကြားတိုင်း ကျမ ကိုယ့်နားရွက်ကိုယ် ယောင်ယမ်းပြီး စမ်းမိပါရဲ့။
ကျမမှာ နားပေါက်မရှိဘူး၊ နားပေါက်မရှိတဲ့အတွက် နားကပ်လဲ မရှိပါဘူး။
***
ကျမ ၈ တန်းနှစ်မှာ အဖိုးက သူ့မြေးယောကျာ်းလေးတွေကို ရှင်ပြုပေးပြီး မြေးမိန်းကလေးတွေကို နားသ’မင်္ဂလာ လုပ်ပေးပါတယ်။ ထိုင်မသိမ်းတွေ စီးပုံတွေနဲ့ မျက်နှာချေတွေလိမ်းပြီး ဗီဒီယိုတွေဘာတွေရိုက်နဲ့ တော်တော် စိတ်အိုက်ဖို့ကောင်းတဲ့ အခမ်းအနားပါ။
ယောကျာ်းလေးတွေအားလုံးက ရှင်ပြုပြီး ကိုရင်ဝတ်ကြရတယ်၊ ကျမတို့မိန်းကလေးတွေကတော့ နားဖောက်ရမယ်ပေါ့။ ကျန်တဲ့မြေးမိန်းကလေးတွေအားလုံး နားဖောက်ကြပေမဲ့ ထုံးစံအတိုင်း ကျမက အားလုံးနဲ့ဆန့်ကျင်ပြီး မဖောက်နိုင်ဘူးလို့ ငြင်းဆိုခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ အသားအနာခံပြီး ကိုယ့်ကိုယ်ကို တန်ဆာမဆင်ချင်လို့ပါ။ နားကပ်လှလှပန်ရဖို့အရေး နားရွက်ဖျားကို အပ်နဲ့ထိုးဖောက်ခံရမယ်ဆိုတာ သဘာဝမကျဘူးလို့ ကျမထင်မိတယ်။
ရွှေအပ်နဲ့ နားဖောက်တာမို့ ဖောက်တဲ့သူတွေအကုန် ရွှေအပ်တစုံစီရကြတယ်၊ ကျမက လွဲလို့ပေါ့။ ကျမ ရွှေအပ်လဲ မမက်ပါဘူး၊ အသားမနာရင်ပြီးရော။ ဒီလိုနဲ့ ကတ်သီးကတ်သပ် ကျမဟာ နားသမင်္ဂလာအခမ်းအနားမှာ ငုတ်တုတ်ထိုင် ဗီဒီယိုရိုက်ခံခဲ့ပေမဲ့ နားပေါက်မဖောက်ခဲ့ပါဘူး။

ကျမဘက်မှာ ရှိတာကတော့ အဖေတဦးတည်းပါပဲ။ အဖေက ကျမ နားမဖောက်တာကို အားပေးပါတယ်။
အဖေက ကျမကိုပြောပြတယ်။ သူ ငယ်ငယ်က သူ့အမကြီးနဲ့ ကြက်တောင်ရိုက်ကစားကြတော့ သူ့အမကြီးက အလယ်ပိုက်တန်းနားမှာ ကြက်တောင်ကျလို့ ကုန်းကောက်တာ နားကပ်နဲ့ ပိုက်နဲ့ ငြိပြီး နားရွက်ဖျားလေး ပြတ်သွားခဲ့ရဖူးတယ်တဲ့။ အဖေလဲ သူ့အမကြီးဖြစ်တာကို ကြည့်ပြီး အဲဒီအချိန်ကတည်းက သူ့မှာ သမီးမွေးရင် သမီးတွေကို နားမဖောက်ပေးဘူး လို့ ဆုံးဖြတ်ခဲ့တယ် တဲ့။

ဒါပေမဲ့ … အဲဒီ နားသ’မင်္ဂလာဟာ အဖိုး (အဖေ့ယောက္ခမ) ရဲ့ အမိန့်ဆိုတော့လဲ အဖေက ဘယ်လွန်ဆန်ရဲမလဲ၊ သမီးတွေကို နားမဖောက်နဲ့လို့ အဖေ မတားခဲ့ပါဘူး။ ကျမကသာ ကလန်ကဆန်လုပ်ပြီး မဖောက်ခဲ့လို့ အဖေ့ စိတ်ကြိုက်ဖြစ်ခဲ့ရတာ။ ကျမ နားမဖောက်ဘူးဆိုတော့မှ ဒီအကြောင်းကို အဖေက ပြောပြခဲ့တာပါ။
‘ဒါမှ အဖေ့သမီး’ လို့လဲ အဖေက ပြောပါသေးတယ်။

ဒီလိုနဲ့ အမတွေ ဆယ်တန်းအောင်တဲ့အခါ အဖိုးက ဆုချတဲ့အနေနဲ့ စိန်နားကပ်တွေ ဆင်ပေးပါတယ်။ ကျမကတော့ ဘာနားကပ်မှလဲ မလိုချင်၊ အဲဒါကြီးကို မက်မောစရာလို့ကို မထင်ခဲ့မိပါဘူး။
နားကပ်ပန်သူ အချင်းချင်းကတော့ … ဟိုတယောက်ရဲ့ စိန်နားကပ်က ဘယ်လို၊ သူ့စိန်ကြီးက လက်လိုက်တာ မျက်လုံးတောင်ကျိန်းတယ်၊ ဟိုအဒေါ်ကြီးစိန်နားကပ်က ဖက်ထုတ်စိန်ကြီး စသဖြင့် ကြည့်ကြ ဝေဖန်ကြပေမဲ့ ကျမကတော့ ဖက်ထုတ်ဆို မုန့်ဖက်ထုတ်လောက်သာ သိတဲ့အတွက် အဲဒီနားကပ်တွေလဲ အရေးလုပ်ပြီး ကြည့်မနေမိပါဘူး။

ကျမဘွဲ့ယူတော့ သူများတကာတွေ စိန်နားကပ် ဘာနားကပ်တွေနဲ့ ဖိတ်ဖိတ်လက်နေမှာ … နင်က နားရွက်ငုတ်တုတ်ကြီးဆို မကောင်းဘူးဆိုပြီး နားကပ်ပန်ခိုင်းပါတယ်။ ကျမက နားပေါက်မရှိတဲ့အတွက် ကပ် နားကပ်ပေါ့။ အဖိုးတန်မဟုတ်ပါဘူး။ ဖန်စီကပ်နားကပ် လှလှလေးတွေပါ။ ကျမလဲ ဒီတခါတော့ မငြင်းမိတော့ဘဲ ကပ်နားကပ်လေး နားမှာအညှပ်ခံပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတက်ခဲ့ရတယ်။
အဲ ..တော်တော်ဆိုးတဲ့ ကပ်နားကပ်ပဲ၊ ကျမနားကို ပူထူနေအောင်ကို ညှပ်ပါတယ်။ အခမ်းအနားအပြီး အိမ်မရောက်ခင် ကားပေါ်မှာတင် ဒီနားကပ်ဆွဲဖြုတ်ခဲ့ရတယ်။ နာလွန်းလို့။
နားကပ်ဆို ဘာနားကပ်မှ မကောင်းပါလားလို့ ကျမ တော်တော် နောင်တရသွားပါတယ်။
***
ရှေးခေတ်က မြန်မာမိန်းကလေးရော ယောက်ျားလေးတွေပါ နားတောင်းတို့ နားကပ်တို့ကို ပန်ဆင်ကြပေမဲ့ အလယ်ခေတ်လောက်မှာတော့ ယောကျာ်းလေးတွေ နားကပ် မပန်ကြတော့ဘူး။ အခုခေတ်မှာတော့ ယောကျာ်းလေးတွေ နားကပ်တွေ နားကွင်းတွေ ဆင်မြန်းတာ ပြန်ပြီးတွေ့နေရပြန်ပါပြီ။ ဒေးဗစ်ဘက်ခမ်းလဲ စိန်နားကပ်နဲ့ စိုင်းစိုင်းခမ်းလှိုင်လဲ စိန်နားကပ်နဲ့ ဖြစ်နေပြီမဟုတ်လား။
ခုခေတ်ရဲ့ ထူးခြားချက်ကတော့ နားပေါက်ကို တပေါက်မက ဖောက်ကြတာပါပဲ။ နားရွက်ရဲ့ လွတ်သမျှ နေရာ တွေမှာ စီတန်းပြီး သုံး လေးပေါက် ဖောက်ထားတာများ သူတို့မို့ အသားမနာတယ် … လို့ ကျမဖြင့် အံ့သြမိပါရဲ့။

တခါတော့ ဒီဇင်ဘာလရဲ့ ခရစ်စမတ်ညတညမှာ ကျမနဲ့ ခင်မင်ရင်းနှီးနေတဲ့ ကောင်လေးတယောက်က သူတို့ရဲ့ ခရစ်စမတ် ပါတီကို လာဖို့ဖိတ်ပါတယ်၊ ကျမက အသက်အရွယ်စုံ အလွှာစုံက လူတွေနဲ့ အကျွမ်းတ၀င်ရှိပါတယ်၊ ဒီကောင်လေးကတော့ ခေတ်ဆန်ဆန် လူငယ်အသိုင်းအ၀ိုင်းထဲက ကောင်လေးတယောက်ပါ။ ကျမလဲ ပျင်းပျင်းရှိတာနဲ့ သူလာခေါ်တော့ လိုက်သွားမိတယ်။ အဲဒီခရစ်စမတ်ပါတီက ခြံကျယ်ကြီးတခြံထဲမှာလုပ်တာပါ။
သူတို့အသိုင်းအ၀ိုင်းက ကောင်လေးတွေ ကောင်မလေးတွေ တပုံတပင်ကြီးလာကြပါတယ်။ မချမ်းပေမဲ့ မီးပုံကြီးတပုံလဲ ဖိုထားပြီး ၀ိုင်းထိုင်ကြ စားကြသောက်ကြ သီချင်းဆိုကြနဲ့ပေါ့။

ကျမကတော့ ကျီးကြည့် ကြောင်ကြည့်နဲ့ လာတဲ့သူတွေကိုသာ လိုက်ပြီးကြည့်နေမိတယ်။
လာတဲ့သူတွေရဲ့ အ၀တ်အစား အပြင်အဆင်တွေကိုကြည့်ပြီး ကျမရောက်နေတာ မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ ထင်မိပါရဲ့။ ယောကျာ်းလေးတွေက လုံလုံခြုံခြုံဝတ်သလောက် မိန်းကလေးတွေက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တိုနိုင်သလောက်တို၊ ဟိုက်နိုင် သလောက်ဟိုက်၊ ဖော်နိုင်သလောက် ဖော် ဆိုတဲ့ ရည်ရွယ်ချက်ကြီးတွေနဲ့များ လုပ်လာကြသလားပဲရယ်။
ပြီးတော့ နားပေါက်တွေကလဲ နားတဖက်တချက်ကို သုံးလေးပေါက်တန်းစီဖောက်ထားတဲ့အပြင် မျက်ခွံတွေမှာရော နှုတ်ခမ်းတွေမှာရော အပေါက်တွေဖောက်ပြီး ကွင်းတွေတပ်ထားတယ်၊ ပိုဆိုးတာက ချက်ကိုပေါ်အောင်ဖော်ထားပြီး ပေါ်နေတဲ့ ချက်နားမှာပါ အပေါ်ဖောက်ထားတာပါပဲ။

ကျမဖြင့် ကြည့်ရတာနဲ့တင် အသဲယားလှပါပြီ။ သူတို့နားပေါက်တွေကွင်းတွေကိုကြည့်ပြီး ဘာမှမရှိတဲ့ ကျမ နားရွက်ကိုသာ မသိမသာ ပြန်စမ်းမိရင်း ဒါဟာ ယဉ်ကျေးမှုတခုလား ကျမ စဉ်းစားနေမိတယ်။
သူတို့ရဲ့ နားပေါက်ယဉ်ကျေးမှုထဲမှာ ကျမကတော့ဖြင့် ၀င်ဆန့်သူတယောက်မဖြစ်ခဲ့ပါဘူး။
သူတို့ကိုကြည့်ပြီး ကျမမျက်စိထဲမှာတော့ အင်္ကျီမပါ အပေါ်ပိုင်း ဗလာကျင်းပြီး အောက်ပိုင်းကို အရှက်လုံရုံဖုံးလွှမ်းကာ နားရွက်မှာ အရိုးတွေထိုး၊ ဆံပင်နီ ရှုပ်ထွေးထွေးနဲ့ ဗုံတွေတီးလို့ ကခုန်နေတဲ့ အာဖရိက ဇူးလူးတွေကိုသာ မြင်ယောင်နေမိပါတော့တယ်။
***

4 comments:

ကလိုစေးထူး said...

ကျနော်လဲ နားပေါက် ဆန့်ကျင်ရေးထဲမှာပါတယ်။ ယောက်ျားလေးတွေ ဖောက်ရင်ပြောတာ။ မိန်းကလေးတွေကတော့ ဒါကြီးတပ်မှပဲ လှသလိုကို ဖြစ်နေတော့ မပြောရဲပါဘူး.. :D ဒီလို လုပ်မယ်လေ.. ကျနော်တို့ နားကပ်ဆန့်ကျင်ရေး အသင်း ထောင်ကြမယ်.. ဒါပေမယ့် ကျနော်က ဥက္ကဌ လောက် နေရာက ရမှနော်.. ကျန်တဲ့ ရာထူးဆိုရင် အခုကတည်းက နှုတ်ထွက်တယ်။ :P

hana said...

မမေ
ဘလော့ဂ်ကပုံပြင်လေးရေးပေးတာကျေးဇူးတင်ပါတယ်။
မိန်းကလေးတွေအတွက် အသိတရားတစ်ခုရရှိစေလို့ပါ။
ဟန စက်ကစုတ်နေလို့ ကွန်မန့်ရေးလို့မရတာနဲ့ နံနက်က ကိုသံလွင်ကို ဂျီတော့ခ်မှာတွေ့တာနဲ့
သူ့ကိုရေးခိုင်း အကူအညီတောင်းလိုက်ရတယ်။
မမေ ကိုဟနတောင်းဆိုချင်တာတစ်ခုရှိတယ်။
အယ်ဒီတာတစ်ယောက်ရဲ့ လိုက်နာရမယ့်စည်းကမ်းလေးတွေလေ..အဲဒါလေးကို စာဖတ်သူတွေသိရအောင် ရေးပေးပါလား။
ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာ ဘ၀တုန်းက ဦးသန့် ရေးတဲ့ ငရဲခွေးကြီးလွတ်နေသည် ဆောင်းပါးကို ဘယ်သူရေးတယ်ဆိုတာ စာရေးသူနာမည်ကို ဘယ်လိုမေးမေး ဘယ်လိုခြောက်ခြောက်မပြောတဲ့
ဗိုလ်ချုပ်အကြောင်း ဟနဖတ်ဖူးတယ်။ အယ်ဒီတာတစ်ယောက်ရဲ့ စည်းကမ်း တွေ ဘာတွေကျတော့ ဟနမသိဘူး။
စာပေအတွေ့အကြုံလည်း ဟနမှာမရှိဘူးလေ။ စာရေးသက်ကလည်းခုမှ ၁နှစ်ကျော်လေး။
ခုမှ သင်ယူတုန်းဆိုတော့ လက်လှမ်းမီသလောက်တော့ ဖတ်တာပဲ။
မမေ ဆီကနေ ဟနအများကြီးရလိုက်တယ်။ ကိုသံလွင်ကလည်း ကြုံရင်ကြုံသလိုသင်ပေးတယ်။ တုတ်ကြီးကလည်း သင်ပေးတယ်။ ကိုဝေးကတော့ ကဗျာရေးတာ သင်ပေးတယ်။ ဟနမှာ အွန်လိုင်းဆရာတွေကျေးဇူးကြောင့် မြန်မာစာကိုသိလာပြီ။
မမေ က အယ်ဒီတာဘ၀ကိုကိုယ်တိုင်ခံစားသိမြင်ခဲ့တော့ အဲဒါလေး မမေ အားတဲ့အခါ စာဖတ်သူတွေဖတ်ရအောင် ရေးပေးပါလားလို့ တောင်းဆိုချင်တာပါ။
ကျေးဇူးအများကြီးတင်ပါတယ်..မမေ။
တာ့တာ။
မမေရွှင်လန်းပါစေ။

Maydarwii said...

ဟနရေ .. ဟနတောင်းဆိုချက်ကို မမေအချိန်ရရင် စာအုပ်တွေထဲမှာ ပြန်ရှာကြည့်ပေးပါမယ်။
တခု ဟနများအမှတ်မှားနေလားမသိဘူး။ “ငရဲခွေးကြီးလွတ်နေသည်”ဆောင်းပါးက ဦးသန့်ရေးတာမဟုတ်ဘူး၊ ဦးညိုမြရေးတာပါ။
မမေ ရဲ့ ဘလော့ကို အမြဲ ဖတ်ရှုအားပေးတဲ့ ဟနကိုလဲ ကျေးဇူးတင်ပါတယ်။

hana said...

ဟန ကသမိုင်းကို အဲလောက်တော်တာ။ တော်သေးတယ်။ဟနမှားတိုင်း ပြန်ပြင်ပေးတဲ့ ဆရာတွေရှိပေလို့။ ဟိုနေ့ကလည်း မြန်မာပြည်လူဦးရေ ကိုမှားရေးမိလို့ တုတ်ကြီးကပြန်ပြင်ပေးရတယ်။ လူ့စွမ်းအားအရင်းအမြစ်ကနေ နင့်ကိုတရားစွဲမယ်တဲ့. ဒွတ်ခ..သင်ခန်းစာရပါပြီ။ နောက်ဆို မသေချာဘဲ ရမ်းမရေးတော့ပါဘူး။
ကျေးဇူးတင်ပါတယ် ..မမေ